POST TYPE

LATEST NEWS POST

မက္ကဆီကိုတွင် ရေခဲတိုက်လူပြည့်နေသဖြင့် အအေးခန်းကုန်သေတ္တာဖြင့် အလောင်းများထားရှိ
18-Sep-2018

မက္ကဆီကို၊ စက်တင်ဘာ ၁၈

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းရှိ ဂျာလစ်စကို ပြည်နယ်တွင် အလောင်း ၁၀၀ ခန့်ထည့်ထားသည့် နောက်တွဲ အအေးခန်းကုန်သေတ္တာမှ အနံ့အသက်များ မကောင်းသဖြင့် အနီးအနား ပတ်ဝန်းကျင်တွင် နေထိုင်သူ ပြည်သူများက မကျေမနပ် ဖြစ်နေကြကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဂွာတာလာဂျာရာမြို့ရှိ ရေခဲတိုက်တွင် လူပြည့်နေသောကြောင့် အဆိုပါကုန်သေတ္တာကို ငှားရမ်းအသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ နေရာရွှေ့ပြောင်းရန် ကြိုးပမ်းနေကြောင်း အာဏာပိုင်များက ပြောကြားသည်။

“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက ကလေးတွေ အများကြီးရှိတယ်လေ၊ ဒီကုန်သေတ္တာကြီးက အနံ့အသက် မကောင်း ရွံဖို့တော်တော်ကောင်းပါတယ်”ဟု ယင်းပတ်ဝန်းကျင်တွင် နေထိုင်သူ ဟိုဆေးလူးဝစ်တိုဗာကဆိုသည်။

အလောင်းများထားရန် ရေရှည်ဖြေရှင်းနည်းမျိုးကို ရှာဖွေလျက်ရှိသည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

“အဲ့ဒီ အလောင်းတွေကို မြှုပ်မယ့် သင်္ချိုင်းမြေနေရာတွေ မရှိတော့လို့ အခုလိုထားထားရတာပါ”ဟု ဂျာလစ်စကို ပြည်နယ် သေမှုသေခင်းစုံစမ်းရေးဌာန အကြီးအကဲ လူးဝစ် အော့က်တာဗီယို ကိုတယ်ရိုက ပြောကြားခဲ့သည်။

အုတ်ဂူ ၈၀၀ ခန့်ဆံ့မည့် မြေနေရာတစ်ခုကိုလည်း ဖော်ထုတ်ရန်ကြိုးပမ်းနေသည်ဟု ယင်းက ထပ်လောင်း ပြောကြားခဲ့သည်။

F-06