News

POST TYPE

LATEST NEWS POST

မြန်မာ-အိန္ဒိယနယ်စပ် ဂိတ်ပေါက်နှစ်ခုမှ e-Visa ဖြင့် သွားလာခွင့်ပြု
17-Sep-2018

ကလေး၊ စက်တင်ဘာ ၁၆ 

စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ်ဂိတ်နှင့် ချင်းပြည်နယ် ရိခေါဒါရ်နယ်စပ် ဂိတ်ပေါက်ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များတွင် e-Visa ဖြင့် ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း နယူးဒေလီမြို့ရှိ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။ 

အဆိုပါ နယ်စပ်ဂိတ်များဖွင့်ပွဲကို ဩဂုတ်လ ၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိ ပြည်ဝင်ခွင့် ဗီဇာရှိမှသာ ဝင်ထွက်နိုင်သော်လည်း ယခုအခါ အွန်လိုင်းစနစ်သုံး e-Visa ဖြင့် ဝင်ထွက်သွားလာခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

“အဲဒါကျတော့ အိန္ဒိယနိုင်ငံနဲ့ပဲ သက်ဆိုင်တယ်။ မြန်မာနိုင်ငံဂိတ်အနေနဲ့ကတော့ ဝင်လို့လည်းရတယ်၊ ထွက်လို့လည်း ရပါတယ်။ မကြေညာခင် ရက်တွေတုန်းကတော့ ဒီဘက်ကနေ အီးဗီဇာနဲ့ သူတို့ဘက်ကို ဝင်သွားတယ်။ အဝင်မခံလို့ ရန်ကုန်တို့ မန္တလေးတို့ကို ပြန်သွားရတဲ့သူတွေ ရှိခဲ့ တယ်” ဟု တမူးမြို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။ 

အဆိုပါနယ်စပ်ဂိတ်ကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ် ထားပြီး သက်တမ်းရှိသော နိုင်ငံကူးလက် မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa ရှိသော အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံသားများမှာလည်း မြန်မာနိုင်ငံသို့လည်းကောင်း ဝင်ထွက်သွားလာနိုင်မည်ဖြစ်သည်။

ယင်းအပြင် နယ်စပ်ဒေသတွင် နေထိုင်သူ မြန်မာနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ အကွာအဝေးထိ တစ်ကြိမ်လျှင် ၁၃ ညအိပ် ၁၄ ရက်ကြာသည်အထိ ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာနယ်စပ် ဂိတ်စတင်ဖွင့်လှစ်သည့်ရက်မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူ ၁၇၃ ဦး၊ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသူ ၁၈၂ ဦးရှိကြောင်း တမူးမြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

R-20