News

POST TYPE

LATEST NEWS POST

ထန်းတပင်တွင် သားက ဖခင်ကို လည်လှီးသတ်
02-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ ငုဝါလမ်း သွယ်ပေါ်တွင် ဩဂုတ်လ ၃၁ ရက် ည ၁၀ နာရီခွဲခန့်က အသက် ၂၆ နှစ်အရွယ် သားဖြစ်သူက ဖခင်ဖြစ်သူကို လည်လှီးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

အထက်ပါလိပ်စာတွင်နေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဦးထွန်းထွန်းအောင် နှင့် ၂၆ နှစ်အရွယ် ရဲရင့်ထွန်းတို့သည် ယင်းနေ့က အရက်သေစာ သောက်စားမူးယစ်ပြီး ၎င်းတို့နေထိုင်ရာ အိမ်ရှေ့လမ်းမ ပေါ်တွင်စကားများရန် ဖြစ်ကြရာ ရဲရင့်အောင်က အသင့်ပါလာသော အရိုးအသွား ၈ လက်မခန့်ရှိ ခေါက်ဓားဖြင့် ဖခင်ဖြစ်သူ ဦးထွန်းထွန်းအောင်၏လည်ပင်းကို လှီးခဲ့ဖြတ်ခဲ့ရာ လည်ပင်းဘယ်ဘက်ပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိပြီး နေအိမ်ပေါ်သို့ မချီသယ်လာစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဘာကိစ္စ စကားများရန်ဖြစ်ကြတာလဲဆိုတာတော့ စစ်ဆေးဆဲဖြစ်လို့ မသိရသေးဘူး၊ သူတို့ သားအဖတွေက တစ်အိမ်တည်းအတူတူနေကြတာ။ သတ်တဲ့သူက အကြီးဆုံးသား၊ ဖြစ်တဲ့အချိန်က အိမ်မှာ လူသတ်တဲ့သူရဲ့ မိခင် (သေဆုံးသူရဲ့ဇနီး) လည်း ရှိတယ်။ တခြားကလေး နှစ်ယောက်က အဝေးမှာသွားပြီး အလုပ်လုပ်နေကြတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သေဆုံးသွားသည့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ရာ ယင်းဆေးရုံကြီးက PR-24 ဖြင့်လက်ခံ စစ်ဆေးနေပြီး ယင်းလူသတ်မှုကျူးလွန်သည်ဟုဆိုသော ရဲရင့်ထွန်းကို ဥပဒေအရ အရေးယူပေးပါရန် ရခိုင်ရိုးလေးကျေးရွာ ရာအိမ်မှူးဖြစ်သူ အသက် ၇၀ အရွယ် ဦးငြိမ်းမောင်က တရားလိုပြု လုပ်တိုင်တန်းသဖြင့် တက်သစ်ရဲကင်း စခန်းက (ပ) ၃၃၄/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။

J-16


  • VIA