News

POST TYPE

LATEST NEWS POST

အိမ်သုံးစရိတ် လုံလောက်အောင်မပေးသော ခင်ပွန်းကို ဇနီးက ဓားနှင့်ထိုး
01-Sep-2018
မိတ္ထီလာ၊ စက်တင်ဘာ ၁

မိတ္ထီလာ မြို့မဈေးကြီးအတွင်းရှိ ဈေးအိမ်သာအနီးတွင် စက်တင်ဘာလ ၁ ရက်နေ့က ဈေးညစောင့်နှင့် သန့်ရှင်းရေး ဝန်ထမ်းဖြစ်သူ အမျိုးသားကို ၎င်း၏ဇနီးဖြစ်သူက ဓားနှင့်ထိုးခဲ့ကြောင်း ဈေးအုပ်ချုပ်ရေးရုံးအဖွဲ့ထံမှ သိရသည်။

“အမျိုးသားလစာက သုံးသိန်းကျော်ရှိတယ်။ ညစောင့်လစာနဲ့ သန့်ရှင်းရေး လစာရယ်ပေါ့။ သူ့ (ဇနီး) ကို မထောက်ပံ့တာကြာပြီ။ မနေ့က လစာထုတ်တော့ တစ်သိန်းပဲပေးတယ်။ အဲဒီမှာ ဇနီးသည်က ဟင်းချက်ရင်းနဲ့ တွေးရင်းကနေ ဒေါသထွက်ပြီး မီးဖိုချောင်သုံးဓားယူပြီး ဈေးထဲလိုက်လာတာ။ နောက် စကားများရာကနေ ယောက်ျားကို ဓားနဲ့ထိုးတာပဲ”ဟု မိတ္ထီလာမြို့အမှတ် ၂ နယ်မြေရဲစခန်းမှ အမှုစစ်အရာရှိတစ်ဦးက ပြောကြားသည်။ 

ဓားထိုးခံရသော ဦးအောင်လှသည် ဦးခေါင်း၊ လည်ပင်းနှင့်ပခုံးတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကလေး လေးယောက်ရှိတယ်။ အကြွေးတွေလည်း တင်နေတယ်။ လုံလောက်အောင် မထောက်ပံ့လို့ ဒီလိုဖြစ်သွားတာ”ဟု ခင်ပွန်းသည်ကိုဓားနှင့်ထိုးခဲ့သူ ဒေါ်သန်းဌေးက ပြောကြားသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ ဝန်ဇင်းရပ်နယ်မြေ (၆) တွင်နေထိုင်သော အသက် ၄၀ အရွယ် ဒေါ်သန်းဌေးကို မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းက (ပ) ၃၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၄/ ၂၉၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။

R-01