News

POST TYPE

LATEST NEWS POST

ပုဂံတွင် အမိုးဖွင့်မင်္ဂလာဘတ်စ်ကား ဩဂုတ် ၂၀ ရက်တွင် စပြေးမည်
14-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၃

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံမြို့၏အလှကို ကြည့်ရှု့ခံစားရန် အမိုးဖွင့်မင်္ဂလာဘတ်စ်ကားကို ဩဂုတ်လ ၂၀ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Mingalarbus ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဩဂုတ်လ ၂၀ ရက်ကနေ စက် တင်ဘာ ၃၀ ရက်အတွင်း ပရိုမိုးရှင်းကာလအဖြစ် ဈေးနှုန်းများကို လျှော့ဈေးနဲ့ ပြေးဆွဲပေးမှာပါ။ ဒီကာလပြီးရင်တော့ ဈေးနှုန်းအပြောင်းအလဲရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ပရိုမိုးရှင်းကာလအတွင်း လက်မှတ်ခများအနေနှင့် ပြည်တွင်းခရီးသည်များမှာ ကျပ် ၅၀၀၀ ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည်များမှာ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာကျသင့်မည်ဖြစ်ပြီး ပုံမှန်ဈေးနှုန်းမှာ ပြည်တွင်းခရီးသည်ကို ကျပ်တစ်သောင်းခန့်၊ နိုင်ငံခြားသားခရီးသည်ကို အမေရိကန် ၁၅ ဒေါ်လာခန့် သတ်မှတ်ထားကြောင်း ၎င်းက ပြောကြားသည်။

မင်္ဂလာဘတ်စ်အမိုးဖွင့်ကား ဝန်ဆောင်မှုကို Aquamarine Ecotourism Development ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး အမိုးဖွင့် မင်္ဂလာဘတ်စ်ကားကို ကနဦး ပုဂံတွင် သုံးစီးဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နှစ်စီးက နေ့စဉ်ပုံမှန်ပြေးမယ်။ တစ်စီးကတော့ စင်းလုံးငှားအတွက်ရယ်၊ လမ်းခရီးယာဉ် တစ်ခုခုချို့ယွင်းလို့ဖြစ်ဖြစ် အဆင်သင့်ဖြစ်အောင် အရန်ထားတာဖြစ်တယ်”ဟု ၎င်းက ဆက်လက်ဆိုသည်။

အဆိုပါ မင်္ဂလာဘတ်စ်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရန်ကုန်တွင် မတ်လက စမ်းသပ်ပြေးဆွဲခဲ့ပြီး မန္တလေးနှင့် ပြင်ဦးလွင်တို့ကိုလည်း ယာဉ်တစ်စီးဖြင့် တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်ထားကာ မင်္ဂလာဘတ်စ်အမိုးဖွင့်ကားကို စင်းလုံးငှားယာဉ်အဖြစ်လည်း ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပြီး Mingalarbus ဝန်ဆောင်မှု ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်တွင် မတ်လတစ်လလုံး စမ်းသပ်ကာလအဖြစ် ပြေးဆွဲခဲ့ပြီး ပြည်သူများ စိတ်ဝင်စားမှုရှိသဖြင့် ပုဂံတွင် စတင်ပြေးဆွဲခြင်းဖြစ်ကာ ရန်ကုန်မြို့တွင် အောက်တိုဘာလတွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Mingalarbus ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသားပိုင် Aquamarine Ecoto-urism Development ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ဝန်ဆောင်မှုပေးအပ်ရန် ရည်ရွယ်၍ မင်္ဂလာဘတ်စ်အမိုးဖွင့် အပန်းဖြေကားများ ပြေးဆွဲခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06


  • VIA