POST TYPE

LATEST NEWS POST

မန္တလေးတွင် စည်းကမ်းပျက်ယာဉ်များကို ၂၄ နာရီ စောင့်ကြည့်မှတ်တမ်းတင်သည့်စနစ် စသုံး
23-Jul-2018

မန္တလေး၊ ဇူလိုင် ၂၃

မန္တလေးမြို့တော်တွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များ၏ အချက်အလက်များကို မှတ်တမ်းတင်ကာ သိမ်းဆည်းပေးနိုင်သည့်စနစ်ကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးရဲမြတ်သူက ပြောကြားသည်။

မီးပွိုင့်များတွင် တပ်ဆင်ထားသည့် စီစီတီဗီကင်မရာများတွင် ယာဉ်အသွား အလာကို စနစ်တကျစီမံပေးသောစနစ် Intelligent Traffic Monitor System iVMS-8600 Software နှင့် စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကို မှတ်တမ်းတင်ပေးသည့်စနစ် SCATS ကို ချိတ်ဆက်အသုံးပြုကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“မန္တလေးမြို့သူမြို့သားတွေကို ယာဉ်အန္တရာယ်ကင်းအောင်၊ စည်းကမ်းဖောက်တဲ့ယာဉ်တွေကို အရေးယူလို့ရအောင် လုပ်ဆောင်နေတာပါ”ဟု ကော်မတီဝင်ဦးခိုင်မြင့်က ဖြည့်စွက်ပြောဆိုသည်။

ယာဉ်အသွားအလာကို စနစ်တကျ စီမံပေးသည့်စနစ် Intelligent Traffic Monitor System iVMS-8600 Software သည် ဩစတြေးလျနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ ကျော်တွင် အသုံးပြုနေကြောင်း၊ စီစီတီဗီကင်မရာနှင့် ချိတ်ဆက်အသုံးပြုခြင်းဖြစ်ရာ ယခင်က ဖိုင်ဘာကွန်ရက်နှင့် မချိတ်ဆက်ရသေးသည့်အတွက် အဆိုပါမှတ်တမ်းများ Control Room သို့ ရောက်ရှိမလာခြင်းဖြစ်ကြောင်း ဦးရဲမြတ်သူက ထပ်မံပြောဆိုသည်။

“ရှိနေတဲ့ဟာ (မီးပွိုင့်များမှ စီစီတီဗီ) နဲ့ ရုံးက Control Room နဲ့ Fiber Network ချိတ်သွားတော့ရှိတဲ့ Data က ရုံးထဲကို အကုန်ရောက်လာတာ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါစနစ်သည် စည်းကမ်းဖောက်ဖျက်သည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို ဓာတ်ပုံ သာမက ဗီဒီယိုဖြင့်ပါ အလိုအလျောက် မှတ်တမ်းတင်ပေးမည်ဖြစ်ကြောင်း၊ ယာဉ်များ စည်းကမ်းဖောက်ဖျက်ခဲ့သည့်နေရာ၊ အချိန်၊ အခြေအနေနှင့် ယာဉ်နံပါတ်များကိုပါ သိရှိရမည့်အပြင် အဆိုပါယာဉ်များ ဖြတ်သန်းသွားသည့် လမ်းကြောင်းကိုလည်း သိရှိနိုင်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရှင်းလင်းမှု အခြေအနေကို အချိန် နှင့်တကွ Graph ထုတ်ပေးကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။

အဆိုပါစနစ်ကို အသုံးပြုသော ဇူလိုင်လ ၁၅ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ တစ်ပတ်အတွင်း ယာဉ်စည်းကမ်း ဖောက်ဖျက်သည့်ယာဉ် ၄၂၄၄ စီးရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါယာဉ်များကို အရေးယူရန်မှာ ယာဉ်ထိန်းတပ်ဖွဲ့ရုံးနှင့် သက်ဆိုင်သောကြောင့် ယာဉ်ထိန်းရုံးကို စာရင်းများ ပေးပို့ထားကြောင်း ဦးရဲမြတ်သူက ပြောဆိုသည်။

လက်ရှိတွင် မီးပွိုင့် ၃၂ ခု၌ စီစီတီဗီ ကင်မရာအလုံး ၁၀၀ ကျော် တပ်ဆင်ထားပြီး ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့တွင် စီစီတီဗီ ကင်မရာ အများဆုံး တပ်ဆင်ထားကာ ဘဏ္ဍာနှစ်အလိုက် ထပ်မံ တပ်ဆင်ရန်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

M-07