POST TYPE

LATEST NEWS POST

ကရင်ပြည်နယ်အနှံ့ ရေကြီး၊ ဒေသခံ ၇၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့
23-Jul-2018


ဘားအံ ၊ ဇူလိုင် ၂၃

ကရင်ပြည်နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီမြို့ အပါအဝင် မြို့အနှံ့ ၌ ဇူလိုင်လ ၂၃ရက်တွင် ရေကြီးနစ်မြုပ်နေပြီး လူ ၇၀၀၀ ကျော် ရေဘေးစခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိကြောင်း ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။

ဘားအံမြို့တွင် ဇူလိုင်လ ၂၂ ရက် ညပိုင်းမှစ၍ သံလွင်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက် ၃ ခုတွင် ရေဝင်နစ်မြုပ်ခဲ့ရာ ဇူလိုင်လ ၂၃ ရက်က လူဦးရေ ၄၄၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၈ ခုတွင် ပြောင်းရွှေ့နေရာချထားရကြောင်း ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောကြားသည်။

“မနေ့ညနေက ခြေမျက်စိလောက်ပဲရှိတယ်၊ အခု လူတစ်ရပ်နီးနီးရှိပြီး ဆက်ပြီးလည်း ရေတက်လာဖို့ရှိနိုင်လို့ ရေဘေးစခန်းကို ပြောင်းလာတယ်၊ မနေရဲတော့ဘူး ညကြီးမင်းကြီးကျမှ 
အခြေအနေက ရေထပ်တိုးလာရင် ပြောင်းရရွှေ့ရ အဆင်မပြေဘူး”ဟု ဘားအံမြို့နယ် အမှတ် (၂) ရပ်ကွက်၊ သီတာလမ်းနေ ဦးဘိုလန်းက ပြောကြားသည်။

အလားတူ လှိုင်းဘွဲမြို့နယ်ရှိ ရပ်ကွက် ၃ ခုမှ ရေဘေးသင့်သူ ၁၂၂၅ ဦးကို ကယ်ဆယ်ရေးစခန်း ၁၂ ခုတွင်လည်းကောင်း၊ ကော့ကရိတ်မြို့နယ် ရပ်ကွက် ၁ ခုမှ ရေဘေးသင့်သူ ၁၂၄ ဦးကို ရေဘေးကယ်ဆယ်ရေးစခန်း ၁ ခုတွင်လည်းကောင်း၊ မြဝတီမြို့ ရပ်ကွက် ၃ ခုမှ ရေဘေးသင့်သူ ၁၂၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၅ ခုတွင်လည်းကောင်း နေရာချထားပေးထားကြောင်း ၎င်းထံမှ သိရသည်။

မြဝတီမြို့တွင် ဇူလိုင်လ ၂၁ ရက်မှစ၍ သောင်ရင်းမြစ်ရေ မြင့်တက်လာ၍ စိုးရိမ်ရေအမှတ် ကျော်လွန်လာကာ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်သဖြင့် ဒေသခံများကို ရေကင်းလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး လတ်တလောတွင် ရေကျဆင်းမှုရှိနေသည်ဟု မြဝတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုဇော်က ပြောကြားသည်။

“အရင်ဆုံး လှိုင်းဘွဲနဲ့ မြဝတီမှ ရေစကြီးပြီး ရေဘေးစခန်းတွေ ဖွင့်ရတာ၊ ဒီနေ့ မနက်ကစလို့ ဘားအံမှာ ရေဘေးစခန်းတွေဖွင့်ပြီး ရေးဘေးဒုက္ခသည်တွေကို လက်ခံတာ အခုဆိုရင် စခန်း (၈) ခုရှိသွားပြီ၊ ဆက်ပြီး ရေကြီးလာနိုင်တဲ့ အခြေအနေတွေအတွက် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်နေပါတယ်”ဟု ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောသည်။

ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူများကို ဆန်ရိက္ခာအတွက် ကျပ် ၂၁၀၀ ကျပ်နှင့် နေအိမ်ပျက်စီးမှုများကို အမျိုးအစားအလိုက် ထောက်ပံ့ရန် လုပ်ဆောင်နေကြောင်း ၎င်းထံမှ သိရသည်။

R-17