News

POST TYPE

LATEST NEWS POST

ရိုးမဘဏ်နှင့် အမေရိကန်ကုမ္ပဏီတို့ ပူးပေါင်း၍ SME လုပ်ငန်းများကို ငွေထုတ်ချေးမည်
31-May-2018
ရန်ကုန်၊ မေ ၃၀

ရိုးမဘဏ်နှင့် အမေရိကန်အခြေစိုက် Early Dawn Microfinance ကုမ္ပဏီတို့ပူးပေါင်း၍ အသေးစားစွန့်ဦးတီထွင် လုပ်ငန်းရှင် သုံးသောင်းနီးပါးကို ဒေါ်လာ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃.၅ ဘီလီယံ) ထုတ်ချေးမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၁၀ သန်း ထုတ်ချေးနိုင်ရန် ရိုးမဘဏ်နှင့် Early Dawn ကုမ္ပဏီတို့မှ မေလ ၂၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

“အမေရိကန်အစိုးရ၊ ရိုးမဘဏ်နဲ့ ဒေါင်းတို့ကြား ပူးပေါင်းဆောင်ရွက်ကြတဲ့ ဒီအမေရိကန်ဒေါ်လာ ၁၀ သန်း စီမံကိန်းကနေပြီး မြန်မာနိုင်ငံအတွင်းက နောက်ထပ်ပြည်သူတွေ ချေးငွေရရှိစေမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအသစ်တွေ စတင်နိုင်ရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်”ဟု အမေရိကန် သံအမတ်ကြီး မာစီရယ်လ်က ပြောကြားသည်။

ယခု ဘဏ္ဍာရေးသဘောတူညီချက်သည် ရိုးမဘဏ်အတွက် ခြောက်ကြိမ်မြောက် သဘောတူညီချက်ဖြစ်ပြီး ဆက်လက်၍လည်း သဘောတူညီချက် လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Hal Bosher က ပြောသည်။ 

“အရေးအကြီးဆုံးကတော့ အတူတကွလက်တွဲပြီး မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ပံ့ပိုးကူညီနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အသေးစား အလတ်စားလုပ်ငန်းရှင်များ စိုက်ပျိုးရေးလုပ်ငန်းများကို ငွေထုတ်ချေးသည့် အဖွဲ့အစည်းများရှိသော်လည်း ယခုလို စွန့်ဦးတီထွင် လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများမှာ နည်းပါးနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

“ရိုးမဘဏ်က ဒီလိုမျိုးချေးပေးမယ်ဆိုတော့ လုပ်ငန်းရှင်တွေအတွက် တော်တော်လေးကောင်းတယ်။ စွန့်ဦးလုပ်ငန်းရှင်တွေမှာ လုပ်ချင်တယ် ငွေကြေးမတတ်နိုင်ဘူး။ အခုက စိုက်ပျိုးရေးလုပ်တဲ့သူတွေပဲ ချေးငွေအများဆုံးရနေတာ၊ အပေါင်ပစ္စည်းမယူဘဲ အတိုးသက်သက်သာသာနဲ့ ချေးပေးရင် ပိုကောင်းပါတယ်”ဟု ဖိနပ်စက်ရုံလုပ်ငန်းရှင် ဦးအောင်မြတ်က ပြောဆိုသည်။

နောက်ပိုင်းတွင် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးသည့်အခါ စာရွက်စာတမ်းမလို၊ ငွေသားမလိုသည့် လုပ်ငန်းလည်ပတ်မှု စနစ်ကို အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ပြီး ငွေချေးသူ ဗဟိုပြုဒီဇိုင်းများကို အခြေခံထားသည့် ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း DAWN ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရိုးမဘဏ်သည် တစ်စိတ်တစ်ပိုင်း အာမခံရှိမှုကို အခြေခံသည့် မြန်မာ့အသေးစား ငွေချေးလုပ်ငန်းများကို ငွေထုတ်ချေးသည့် ပထမဆုံး ပြည်တွင်းဘဏ်တစ်ခုဖြစ်ပြီး အသေးစား စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်းပေါင်း ၁၅၅,ဝ၀၀ အား ဝန်ဆောင်မှုပေးလျက်ရှိသည်။

J-13


  • VIA