News

POST TYPE

LATEST NEWS POST

ဘိုကလေးတွင် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြ
28-May-2018



ပုသိမ်၊ မေ ၂၇ 

ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု ဘုတ်ချောင်း၊ ပဒဲကော၊ ကုန်းတန်းပေါက် စသည့်ကျေးရွာရှိ မူလလုပ်ကိုင်ခဲ့သော တောင်သူ ၆၀ ခန့်က သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် မေလ ၂၇ ရက် နံနက်က ဘိုကလေးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ကြသည်။ 

၁၉၆၈ ခုနှစ်ကစ၍ ယင်းဒေသရှိ မြေလွတ် မြေရိုင်းဧက ၁၄၀၀ ခန့်ကို ဘိုးဘွားစဉ်ဆက်က ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးခဲ့သော မြေယာများဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် သစ်တောကျူးများအဖြစ် သိမ်းဆည်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း စတင်ကာ သစ်တောမြေအဖြစ်က ပယ်ဖျက်ခဲ့ကြောင်း၊ ယင်းနောက် အခြားသူများကို လယ်လုပ်ကိုင်ခွင့်ပေးပြီး မူလလုပ်ကိုင်သူများကို လယ်လုပ်ခွင့်မပေးသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြတောင်သူများထံမှ သိရသည်။

“လယ်မြေတွေ ပြန်မရလို့ အခက်အခဲတွေ ဖြစ်ရပါတယ်။ အကြိမ်ကြိမ်လည်း တင်ပြတောင်းဆို ထားတယ်။ သမ္မတကြီးကို ပြောပြဖို့က မလွယ်ဘူး။ ဒါကြောင့် ဆန္ဒပြတာပါ”ဟု ဆန္ဒပြတောင်သူ ဒေါ်မြဝင်းကြူက ပြောသည်။ 

အငြင်းပွားနေသော ယင်းမြေယာမှာ သစ်တောကျူးမြေယာများသာဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ရာ သစ်တောမြေများကို မူလကျူးကျော်လုပ်ကိုင်သူနှင့် ၁၉၉၆ ခုနှစ် အစိုးရလက်ထက် သစ်တောကျူးမြေ ပြန်လည်သိမ်းဆည်းပြီးနောက် အသစ်ကျူးကျော်လုပ်ကိုင်သူ ရှိလာသည့်အပြင် နည်းအမျိုးမျိုးဖြင့် တစ်ဆင့် ရရှိလုပ်ကိုင် နေသူများလည်းရှိကြောင်း၊ ထို့ကြောင့် အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်ရန် ခိုင်မာသော မူဝါဒ လမ်းညွှန်မှုပေးရန် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေး ဦးအောင်ဇင်ထွန်းက ရှင်းပြသည်။

“ဒေသခံတွေ မိုးရာသီအမီ စိုက်ပျိုးနိုင်ဖို့အတွက် ဒီကိစ္စကို တင်ပြထားပါတယ်၊ မူလလက်ငုတ်၊ လက်ရှိ လက်ငုတ်၊ တစ်ဆင့်ပိုင်ဆိုင်သူဆိုတာ ရှိနေတာကြောင့် လုပ်ဆောင်ရမယ်၊ မူဝါချပေးတဲ့အချိန်မှာ အားလုံးမျှတမှုရှိအောင် ဆောင်ရွက်ပေးမှာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။ 

ဘိုကလေး မြို့နယ်တွင် ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ဒေသခံတောင်သူများ လယ်ယာ လုပ်ကိုင်နိုင်ရေးအတွက် ကဒုံကနိဒေသနှင့် ပြင်ဒရယ်ဒေသရှိ သစ်တောဧက တစ်သိန်းတစ်သောင်းခန့်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ရာ ဆတ်ကျွန်းကျေးရွာ အုပ်စုပါဝင်သော ကဒုံကနိဒေသတွင် သစ်တောဧက ခြောက်သောင်းကျော် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။  

R-12


  • VIA