News

POST TYPE

LATEST NEWS POST

ရိုးမဘဏ်က ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများကို ကျပ်သန်း ၈၀၀ ထုတ်ချေးမည်
20-Mar-2018
ရန်ကုန်၊ မတ် ၁၉

ကော်ဖီထုတ်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများကို ရိုးမဘဏ်က ကျပ်သန်း ၈၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ရိုးမဘဏ်နှင့် Mandalay Coffee Group (MCG) တို့သည် အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်း မြှင့်တင်ရေးအတွက် MCG မှတစ်ဆင့် ကော်ဖီစိုက်ပျိုးသူများအား ပံ့ပိုးကူညီရန်အတွက် မြန်မာကျပ်သန်း ၈၀၀ ထုတ်ချေးမည့် သဘောတူညီချက်ကို မတ်လ ၇ ရက်နေ့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

အဆိုပါချေးငွေကို ရှမ်းပြည်နယ် ရွာငံဒေသတွင် Mandalay Coffee Group (MCG)၊ Winrock International နှင့် USAID ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဖွံ့ဖြိုးမှု စီမံကိန်းထဲမှ ထုတ်ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးများအတွက် ဘဏ္ဍာရေးအကူအညီ ပံ့ပိုးခြင်းဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။ 

“ရိုးမဘဏ်နဲ့ ဒီသဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကနေ ကျွန်တော်တို့ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းကဏ္ဍနဲ့ နိုင်ငံအတွက် အရှေ့ကို တစ်လှမ်းတိုးလိုက်နိုင်ပြီ ဖြစ်ပါတယ်”ဟု Mandalay Coffee Group မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်လှိုင်၏ ပြောကြားချက်ကို ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mandalay Coffee Group သည် ကော်ဖီစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ တင်ပို့ရောင်းချခြင်း၊ ကော်ဖီမှုန့်ထုတ်လုပ်သူများ၊ လက်လီရောင်းချသူများအပြင် တစ်ဦးချင်း အစုရှယ်ယာဝင်များ၏ လုပ်ငန်းများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခု ငွေကျပ် သန်း ၈၀၀ ရှိ ဘဏ္ဍာရေးပံ့ပိုးမှု သဘောတူညီချက်အရ Mandalay Coffee Group သည် ၂၀၁၈ ခုနှစ်အတွင်း၌ ကုမ္ပဏီ၏ ပြည်ပပို့ကုန်ပမာဏသည် ၂၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-01


  • VIA