News

POST TYPE

LATEST NEWS POST

ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီနှင့် ရိုးမဘဏ်တို့ပူးပေါင်းပြီး အသေးစားချေးငွေများ ထုတ်ချေးမည်
12-Mar-2018
ရန်ကုန်၊ မတ် ၁၁

ဘင်္ဂလားဒေ့ရှ်အခြေစိုက် အသေးစားချေးငွေလုပ်ငန်းကုမ္ပဏီ BRAC (Myanmar) နှင့် ရိုးမဘဏ်တို့ပူးပေါင်းပြီး အပေါင်ပစ္စည်းမလိုအပ်သည့် အသေးစားချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

အဆိုပါချေးငွေအတွက် ရိုးမဘဏ်က BRAC (Myanmar) သို့ ကျပ် ၂ ဘီလီယံ ထုတ်ချေးမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ကျပ် တစ်သိန်းခွဲမှ ကျပ်သိန်း ၁၀၀ အထိ အသေးစားချေးငွေများ ထုတ်ချေးပေးသွားနိုင်မည်ဖြစ်ကာ အိမ်ထောင်စုပေါင်း ၄၀၀၀ အတွက် ချေးငွေ ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

“ဒီချေးငွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့ပေးတာတွေ တိုးမြှင့်လုပ်ဆောင်ဖို့ BRAC (Myanmar) နဲ့ ပူးပေါင်းလုပ်ဆောင်တာပါ။ အိမ်ထောင်စုပေါင်းများစွာရဲ့ လူနေမှုဘဝကို ပုံမှန်ငွေကြေးစနစ်ကို အသုံးပြုခြင်းက တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှာပါ”ဟု ရိုးမဘဏ်၏ Special Advisor to the Chairman & CEO  ဖြစ်သူ Mr. Hal Bosher က ပြောကြားကြောင်း ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါချေးငွေအတွက် ရိုးမဘဏ်နှင့် BRAC (Myanmar) တို့ကြား သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပြီး BRAC (Myanmar) သည် အမျိုးသမီးများကို အဓိကထား အသေးစားချေးငွေများ ထုတ်ချေးပေးနေသည့် ကုမ္ပဏီဖြစ်သည်။

BRAC (Myanmar) အသေးစား ချေးငွေလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ အသေးစားချေး ငွေလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုပေါင်း ၆၄,ဝ၀၀ ကျော်အတွက် အသေးစားချေးငွေပေါင်း ကျပ် ၁၂ ဘီလီယံ ထုတ်ချေးထားပေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-01


  • VIA