News

POST TYPE

LATEST NEWS POST

မန္တလာဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂရုံးခန်း ဖောက်ထွင်းခံရ
13-Feb-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ 

တနင်္ဂနွေကျောင်းပိတ်ရက် ဖေဖော်ဝါရီလ ၁၁ ရက်က မန္တလေးမြို့၊ မန္တလာ ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ ရုံးခန်းဖောက်ထွင်းခံခဲ့ရပြီး အစည်းအဝေး မှတ်တမ်း၊ တံဆိပ်တုံး၊ စာအုပ်များ ပျောက်ဆုံးနေကြောင်း ယင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဝေယံမင်းထွန်းက ပြောကြားသည်။

ကိုဝေယံမင်းထွန်းက“ကျွန်တော်တို့ကို သက်သက်မဲ့ (အကြောင်းတစ်စုံတစ်ရာ မရှိဘဲ) တိုက်ခိုက်တယ်လို့ ထင်တယ်ဗျ။ နံရံပေါ်မှာ သင်္ဘောဆေးတွေ ဆွဲသွားတယ်၊ စာအုပ်တွေ ဖွသွားတယ်၊ တကယ်တမ်း သူခိုးအစစ်အမှန်ဆိုရင် ကျွန်တော်တို့ရုံးခန်းမဖောက်ဘူး၊ ရုံးခန်းရဲ့အနောက်ဘက်မှာ တန်ဖိုးကြီးပစ္စည်းထားတဲ့ အခန်းတွေ အများကြီးရှိတယ်”ဟု ပြောကြားသည်။

ဖောက်ထွင်းခံရခြင်းကြောင့် ပါမောက္ခချုပ်ရုံးခန်းသို့ အကြောင်းကြားထားပြီး ကျောင်းတာဝန်ရှိသူများက ပျက်စီးနေသော ကျောင်းသားသမဂ္ဂရုံးခန်း တံခါးများကိုပြုပြင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူကို စီစီတီဗီကင်မရာမှ တစ်ဆင့်ပြန်လည် စစ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ယင်းသမဂ္ဂထံမှသိရသည်။

ယင်း ကောလိပ်ပါမောက္ခချုပ်က ဖောက်ထွင်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျောင်းသားများနှင့် တွေ့ဆုံခြင်းမရှိသေးဘဲ ရုံးခန်းမှာလည်း ပျက်စီးမှုမရှိခဲ့ကြောင်း ပြောကြားသည်။

ပျောက်ဆုံးစာအုပ်စာရင်း အတိအကျကို လတ်တလော (ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်) စိစစ်နေဆဲဖြစ်သည်။ 

ကျောင်းပိတ်ရက်ဖြစ်သော်လည်း ကျောင်းဝင်းတံခါးသည် နံနက် ၆ နာရီမှ ည ၉ နာရီထိဖွင့်လှစ်ထားသဖြင့် ပြင်ပလူများပါ ဝင်ထွက်သွားလာနေခြင်းကြောင့် မည်သူကျူးလွန်ကြောင်းကို မခန့်မှန်းနိုင်ကြောင်း ကိုဝေယံမင်းထွန်းက ဆိုသည်။

ကျောင်းသားများ သမဂ္ဂရုံးခန်း ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လတ်တလော အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးဘဲ အမှုဖွင့် မဖွင့်ကိုမူ သမဂ္ဂအဖွဲ့ဝင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှသိရသည်။ 

J-19



  • VIA