News

POST TYPE

LATEST NEWS POST

ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် တောင်သူအချို့ တောင်းဆို
26-Dec-2017

ပုသိမ်၊ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယင်းမြို့နယ်ရှိ ဆတ်ကွင်းကျေးရွာအုပ်စု ပဒဲကောနှင့် ဘုတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ အမိန့်ညွှန်ကြားချက်များကို မလိုက်နာဟုဆိုကာ တိုင်းအစိုးရက အရေးယူပေးရေးအတွက် တောင်သူ ၃၉ ဦးက ဒီဇင်ဘာလ ၂၃ ရက်တွင် တောင်းဆိုခဲ့သည်။ 

ဒီဇင်ဘာလ ၂၃ ရက်က ပုသိမ်မြို့ရှိ မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် တောင်သူ ၃၉ ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

ပြည်ထောင်စုအစိုးရအဖွဲ့က  သစ်တောစွန့်လွှတ်မြေ ဧက ၉၀၀ ခန့်တွင် ပဒဲကောနှင့် ဘုတ်ချောင်းကျေးရွာမှ မြေယာသိမ်းဆည်းခံ မူလတောင်သူများနှင့် မြေယာပေါ်တွင် လက်ရှိလုပ်ကိုင်သူများအကြား အငြင်းပွားမှုဖြစ်နေကြောင်း၊ ယင်းမြေယာပေါ်တွင် မည်သူမျှ စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုကြရန် တိုင်းဒေသကြီးအစိုးရက ယခုနှစ် ဇွန်လက တားမြစ်မိန့် ထုတ်ခဲ့သော်လည်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပဒဲကောနှင့် ဘုတ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့က လက်ရှိလုပ်ကိုင်နေသူများကို ခွင့်ပြုခဲ့သောကြောင့် ၎င်းတို့ကို အရေးယူပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း မူလလက်ငုတ်တောင်သူ ၃၉ ဦးက ပြောဆိုသည်။

“အစိုးရက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် ဘယ်သူမှ မလုပ်ဖို့ တားတယ်။ ကျွန်တော်တို့ကမလုပ်ဘူး သူတို့ ( လက်ရှိလုပ်ကိုင်သူ)က ဝင်လုပ်ကြတယ် ဒါကို တာဝန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို တင်ပြပေမယ့် ထိထိရောက်ရောက် မတားဘူး”ဟု မြေယာသိမ်းဆည်းခံရသည့် မူလတောင်သူ ဦးဌေးမြင့်က ပြောသည်။

၁၉၇၀ ခုနှစ်ကတည်းက သစ်တောမြေများကို ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေသူများ အချင်းချင်းအငြင်းပွားနေသော မြေယာများဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မစိုက်ခင်က တစ်ကြိမ်စိုက်ပြီး တစ်ကြိမ်၊ ယခုရိတ်သိမ်းချိန်တွင် တစ်ကြိမ် ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး စာထုတ်တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ဖျာပုံခရိုင် အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြထားပြီး တိကျသည့် မူဝါဒနှင့် လုံခြုံရေး အစီအမံများအတွက် အမိန်နာခံထားကြောင်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက The Voice သို့ ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရဝန်ထမ်းတွေအနေနဲ့ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ အဖြေတစ်ခုကိုကြိုးစားနေပါတယ်၊ နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တာမို့ အစိုးရအနေနဲ့ ချက်ချင်းရစေပိုင်စေဆိုပြီး ပေးလိုက်ဖို့ခက်ခဲပါတယ်။ ပြည်သူတွေအတွက် တိကျတဲ့ မူဝါဒတွေချမှတ်ပေးဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လယ်ယာမြေပြဿနာများကို ဖြေရှင်းရာတွင် အုပ်ချုပ်ရေးမှူးအချို့က တိုင်းဒေသကြီးအစိုးရ၏ အမိန့်နှင့် ညွှန်ကြားချက်များကို ထိရောက်စွာ အကောင်အထည်မဖော်သောကြောင့် လပွတ္တာမြို့နယ် ရွှေကျွန်းသာရွာတွင် နှစ်ဖက်တောင်သူများ မြေယာအငြင်းပွားရာမှ နေအိမ် မီးရှို့ခြင်းနှင့် လူသတ်မှုအထိ ဖြစ်ခဲ့ရကြောင်း လယ်သမားအရေးဆောင်ရွက်သူ ဦးထွန်းထွန်းဦးက ထောက်ပြသည်။ 

ဘိုကလေးမြို့နယ် ပဒဲကောနှင့် ဘုတ်ချောင်းကျေးရွာရှိ သစ်တောစွန့်လွှတ်မြေ ဧက ၉၀၀ ခန့် ကို ၁၉၉၆ ခုနှစ်က မူလတောင်သူများထံမှ သိမ်းယူခဲ့ကြောင်း၊ ယင်းနောက် ငွေကြေးပြေလည်သူများက ဌာနဆိုင်ရာ အရာရှိ အချို့ထံမှ ပြန်လည်ဝယ်ယူကာ စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

R-12