News

POST TYPE

LATEST NEWS POST

ကျိုက်ထီးရိုး ကေဘယ်လ် တစ်ဦးချင်းတန်းစီစနစ်ဖြင့် ပြန်ဖွင့်၊ စီးနင်းသူ တစ်ထောင်ခန့်ရှိဟုဆို
21-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ဖွင့်ပွဲနေ့တွင် စီးနင်းသူ များပြားကာ ကေဘယ်လ်ရထား၏ တွဲတံခါးများ ချို့ယွင်းမှု များရှိသောကြောင့် ကေဘယ်လ်ရထား ပြေးဆွဲခြင်းကို ရပ်နားထားရာ ဒီဇင်ဘာ ၁၉  ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဘုရားဖူးများကို တစ်ဦးချင်းတန်းစီစနစ်ဖြင့် စီးနင်းစေခဲ့ရာ လာရောက်စီးနင်းသူ ဘုရားဖူး တစ်ထောင်ခန့်ရှိသည်ဟု Sky Asia Co., Ltd. ၏ စီမံကိန်း အထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။

ကျိုက်ထိုမြို့နယ် ရသေ့တောင်မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်သို့ စတင်ပြေးဆွဲသည့် ကေဘယ်လ်ရထားကို ပြီးခဲ့သည့်ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲလုပ်ပြီး သုံးနာရီအကြာတွင် စီးနင်းသူ ဘုရားဖူး အလွန်များပြားကာ ဘုရားဖူးများက တိုးဝှေ့စီးနင်းမှုများကြောင့် ရထားတွဲတံခါးများ အဖွင့်အပိတ် ပျက်စီးသွားသည့်အတွက် ပြေးဆွဲခြင်းကို သုံးရက်တာ ရပ်နားခဲ့ရခြင်း ဖြစ်သည်။

ယင်းကေဘယ်လ်ရထားကို ဒီဇင်ဘာ ၁၉ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီအနေနှင့် လက်မှတ် အရောင်းဌာန၊ ဧည့်ကြို ဧည့်လမ်းညွှန်၊ လုံခြုံရေး၊ စိစစ်ရေး၊ တွဲပေါ်တင်သည့်အဖွဲ့၊ အင်ဂျင်နီယာဌာန စသည်ဖြင့် ဌာနအလိုက် ပြန်လည် စီမံခန့်ခွဲကာ တစ်ဦးချင်းတန်းစီစနစ်ဖြင့် ရထားပြေးဆွဲခြင်းကို ပြန်လည်စတင်ခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဖွင့်ပွဲနေ့က ဘုရားဖူးတွေက ဆန္ဒစောပြီးတော့ အလုအယက် တက်ကြတာ။ တံခါးတွေက ပျက်သွားတာ မဟုတ်ဘူး။ တံခါးတွေက အဖွင့်အပိတ် အော်တိုစနစ်ကို ဘုရားဖူးတွေက ဆွဲဖွင့်သူ ဆွဲဖွင့်၊ တိုးပြီးတော့ တက်တာတွေလုပ်တော့ အဖွင့်အပိတ်စနစ်က အလုပ် မလုပ်တော့တာ။ တခြားနိုင်ငံတွေမှာတော့ တခါမှ မဖြစ်ဖူးပါဘူး။ တံခါး အဖွင့်အပိတ်က အရေးကြီးတော့ ပြေးဆွဲတာက ရပ်ပြီး အခု အကုန်စိစစ်ပြီးမှ ပြန်ဖွင့်တာပါ။ အကုန် စနစ်တကျနဲ့ ပြန်စီးနေကြပါတယ်”ဟု Sky Asia Co., Ltd. ၏ စီမံ ကိန်းအထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။

ပြန်လည် ဖွင့်လှစ်ထားသည့် ကေဘယ်လ်ရထား စီမံကိန်းကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ပြေးဆွဲနေပြီး ရသေ့တောင်မှ တောင်တက်ကားဂိတ်အထိ ၈ ယောက် တစ်တွဲနှုန်းဖြင့် ပတ်လည် မောင်းနှင်နေမည်ဖြစ်ပြီး စီးနင်းခနှုန်းထားကို မြန်မာနိုင်ငံသားတစ်ဦးလျှင် ၃၀ဝ၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကနဦး အကြမ်းဖျင်း သတ်မှတ်ထားပြီး iKBZ နှင့် အသက် အာမခံလုပ်ငန်းများ ချိတ်ဆက်ထားကာ သံဃာတော်များနှင့် သီလရှင်များကို အခမဲ့ စီးနင်းခွင့်ပြုထားကြောင်း Sky Asia Co., Ltd. ထံမှ သိရသည်။

ကျိုက်ထီးရိုး ကေဘယ်လ်ကောင်းကင်ရထားစီမံကိန်းကို ရသေ့တောင် တောင်ခြေမှ ကျိုက်ထီးရိုး ဘုရားရင်ပြင် ကားဂိတ်အထိ အရှည်ပေ ၂၉၀ဝ ခန့်ကို ရထားတွဲ ၄၃ တွဲဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်တွဲလျှင် လူရှစ်ဦး စီးနင်းနိုင်ပြီး ဆယ်မိနစ်ခန့် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း စီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။

ကျိုက်ထီးရိုးကေဘယ်လ် ရထားစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထောက်ခံချက်ဖြင့် Sky Asia Co., Ltd. က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ပြီး  အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံကာ နှစ် ၅၀ စီမံကိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

J-09

  • VIA