News

POST TYPE

LATEST NEWS POST

ဖမ်းဆီးခံသတင်းထောက်နှစ်ဦး လေးရက်ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်မရ
17-Dec-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးမှာ လေးရက်ခန့် ကြာသည့်တိုင် မိသားစုနှင့်တွေ့ဆုံခွင့် မရသေးကြောင်း ဖမ်းဆီးခံထားရသူ ကိုကျော်စိုးဦး (ခ) မိုးအောင်၏ညီမဖြစ်သူ မဝါလေးက ပြောကြားသည်။

“စပြီး ဖမ်းခံရတာ ကြားကတည်းက ထောက်ကြန့်ရဲစခန်းလိုက်တော့ သူတို့ကိုမေးတော့ အင်းစိန်မှာလား မသိဘူးလို့ ပြောတယ်။ အင်းစိန်ထောင်ကိုသွားတော့  ခရိုင်မှာထားထားတာလား မသိဘူးပြောတယ်။ ဘယ်မှာ ထိန်းသိမ်းထားမှန်း ခုထိ မသိဘူး။ ကျွန်မတို့နဲ့ အဆက်အသွယ် မရသေးဘူး။ ကျွန်မအစ်ကိုကို အရမ်း တွေ့ချင်တယ်”ဟု မဝါလေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သတင်းများ ရေးသားရန် ကြိုးစားခဲ့သည့် ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက် အသက် ၃၁ နှစ်ရှိ ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် အသက် ၂၇ နှစ်ရှိ ကိုကျော်စိုးဦး (ခ) မိုးအောင်ကို စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်၍ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဒီဇင်ဘာလ ၁၂ ရက်က ထောက်ကြန့် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွပ်စွဲခံထားရသည့် သတင်းထောက်နှစ်ဦးကို မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည့်၊ မိသားစုနှင့် တွေ့ဆုံခွင့် မရသည့်ကိစ္စများနှင့် ပတ်သတ်၍ ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံ ဆက်သွယ်မေးမြန်းရာ “ရိုက်တာ သတင်းထောက် နှစ်ယောက်ကို အမှုဖွင့်ထားတယ်။ စစ်ဆေးနေတာတော့ မှန်တယ်။ အခု သူတို့ ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ တစ်ပတ် Workshop လုပ်နေလို့၊ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတုန်း။ ပြီးမှ သူတို့ဘယ်မှာဆိုတာ သိရမယ်။ အဲဒါပြီးမှ မိသားစုနဲ့ တွေ့ရမလားဆိုတာ၊ ကျွန်တော်စစ်နေတာ မဟုတ်တော့မသိဘူး”ဟု မသိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးမြင့်ထွေးက ပြန်လည်ဖြေကြားသည်။ 

ယင်းသို့ ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးကို မိသားစုနှင့် တွေ့ဆုံခွင့် မပေးခြင်းသည် တရားဥပဒေနှင့် မညီကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ဥပဒေကို ဥပဒေအတိုင်း မလိုက်နာဘူး။ သတင်းသမား ၂ ဦးကို စစ်ဆေးဆဲကာလ ဥပဒေအရ ဖမ်းချုပ်ခွင့်က အလွန်ဆုံး တစ်လနီးပါး ဖမ်းထားခွင့်တော့ရှိတယ်။ နောက်ပြီး အဲဒီလိုစစ်ဆေးဆဲ ကာလအတွင်း ဥပဒေမှာက စွပ်စွဲခံထားရသူတွေကို မိသားစုနဲ့ တွေ့ဆုံခွင့်ရှိတယ်။ မြန်မာပြည်မှာ မကျင့်သုံးတာ နှစ် ၂၀ နီးပါးရှိနေပြီး။ ရဲလက်စွဲမှာလည်း ပါတယ်။ မြန်မာပြည်က အဲဒီဥပဒေကို မကျင့်သုံးတာ အကျင့်ပါနေပြီး”ဟု ၎င်းကဆိုသည်။

သတင်းထောက် နှစ်ဦးကို ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ အစိုးရအဖွဲ့က အသိပေး အကြောင်းကြားမှု မရှိသေးကြောင်း ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။

“အစိုးရဘက်ကရော အဖမ်းခံရတဲ့ မိသားစုဝင်တွေဘက်ကရော အကြောင်းကြားထားတာ မရှိသေးဘူး။ ကျွန်တော်တို့ဘက်က လုပ်ပေးနိုင်တာက အတက်နိုင်ဆုံး မေတ္တာရပ်ခံတာ လုပ်ပေးလို့ရတယ်။ တခြားအဖွဲ့အစည်းတွေလို တောင်းဆိုတာတို့ ဆန္ဒဖော်ထုတ်တာတို့ လုပ်ပေးလို့ မရဘူး။ အခုစွဲထားတဲ့ ပုဒ်မက၆၆ (ဃ)တို့လိုမျိုး မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။  

ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက် နှစ်ဦးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခံထားသည့် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရန် ပြည်တွင်း သတင်းသမား အဖွဲ့အစည်း ၁၂ ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်က တောင်းဆိုခဲ့သည်။

J-18