News

POST TYPE

LATEST NEWS POST

ကျိုက်ထီးရိုးတောင်ပေါ်တွင် ကေဘယ်ရထား စတင်ပြေးဆွဲ
15-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ကျိုက်ထီးရိုး ကေဘယ်ရထားဖွင့်ပွဲနေ့တွင် အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း ပြည်ပ ဘုရားဖူးများ ထောင်နှင့်ချီ စီးနင်လျက်ရှိသည်ဟု Sky Asia Co. Ltd မှ အထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။

ကေဘယ်ရထားကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) နံနက် ၉ နာရီတွင် စတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများအပြင် နိုင်ငံခြားသားများလည်း လာရောက် စီးနင်းကြကြောင်း ၎င်းက ပြောဆိုသည်။

“စဖွင့်ပြီးထဲက စီးနေကြတာပဲ။ ဘုရားဖူးတွေ ထောင်နဲ့ချီတယ်။ တစ်လှည့်ပြီးတစ်လှည့်စီးနေကြတာ”ဟု ၎င်းကဆိုသည်။

ဖွင့်ပွဲအခမ်းအနားကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်)​ နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ကေဘယ်ရထားကို ယနေ့ ဖွင့်ပွဲနေ့ (တစ်ရက်)တွင် ဘုရားဖူးများ အခမဲ့ စီးနင်းနိုင်မည်လည်း ဖြစ်သည်။

ကေဘယ်ရထားစီမံကိန်းသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စက်ပစ္စည်းများ ရာနှုန်းပြည့် တပ်ဆင်ပြီး စီးသဖြင့် နိုဝင်ဘာလ စမ်းသပ်ပြေးဆွဲချိန် မွန်ပြည်နယ် စက်မှုကြီးကြပ်အဖွဲ့က စစ်ဆေးပြီးနောက် ယခုစတင် ဖွင့်လှစ်ခြင်းဖြစ်သည်။

ကျိုက်ထီးရိုး ကေဘယ်ကောင်းကင်ရထားစီမံကိန်းကို ရသေ့တောင်တောင်ခြေမှ ကျိုက်ထီးရိုးဘုရားရင်ပြင်ကားဂိတ်အထိ အရှည်ပေ ၂၉၀၀ ခန့်ကို ရထားတွဲ ၄၃ တွဲဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်တွဲလျှင် လူ ရှစ်ဦး စီးနင်းနိုင်ပြီး ဆယ်မိနစ်ခန့် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း စီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။

ကေဘယ်ရထားသည် ရသေ့တောင်မှ တောင်တက်ကားဂိတ်အထိ ပတ်လည်ဖြစ်ပြီး ၈ ယောက် တစ်တွဲနှုန်းဖြင့် ပတ်လည် မောင်းနှင်နေမည်ဖြစ်ပြီး စီးနှင်းခ နှုန်းထားကို မြန်မာနိုင်ငံသား တစ်ဦးလျှင် ၃၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကနဦး အကြမ်းဖျင်း သတ်မှတ်ထားပြီး iKBZ နှင့် အသက် အာမခံလုပ်ငန်းများ ချိတ်ဆက်ထားကြောင်း Sky Asia Co.Ltd ၏ စီမံကိန်း အထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။

ကျိုက်ထီးရိုးတောင်ပေါ် ဘုရားဖူးများအနေဖြင့် ကေဘယ်ရထား စီးနင်းလိုပါက တောင်ခြေကင်ပွန်းစခန်းမှ ရသေ့တောင်ထိ တောင်တက်ကား စီးနင်းရမည်ဖြစ်ပြီး ယင်းရသေ့တောင်မှတစ်ဆင့် ကေဘယ်ရထားစီးနင်းကာ တောင်ထိပ်ရင်ပြင်ရှေ့သို့ ရောက်ရှိမည်ဖြစ်ကာ တောင်တက်ကား တစ်တန်၊ ကေဘယ်ရထား တစ်တန်ဖြင့် နှစ်ဆင့် စီးနင်းရမည်ဖြစ်ကာ အသွားအပြန်အားဖြင့် ကိုးထောင်ခန့် ကုန်ကျမည်ဖြစ်သည်။

ကျိုက်ထီးရိုး ကေဘယ်စီမံကိန်းကို ယခင်အစိုးရလက်ထက် မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနထံမှ ကျိုက်ထီးရိုးတောရိုင်း ဘေးမဲ့တော နယ်မြေအတွင်းရှိ နယ်မြေဧက ၁၅ ဧကနီးပါးကို နှစ် ၅၀ စာချုပ်ချုပ်ဆိုကာ ငှားရမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုး ကေဘယ်ရထား စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထောက်ခံချက်ဖြင့် Sky Asia Co.Ltd က ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံကာ နှစ် ၅၀ စီမံကိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

J-09

  • VIA