News

POST TYPE

LATEST NEWS POST

ကျိုက်ထိုဟိုတယ်ကို စသုံးလုံးအဖွဲ့ ဝင်စစ်
05-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ကြောင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျိုက်ထိုဟိုတယ်ကို လိုင်စင် စည်းကမ်းနှင့် ညီညွှတ်မှု ရှိ၊ မရှိ သိရှိရန် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စသုံးလုံးအဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောကြားသည်။

စစ်ဆေးမှုကို ပြည်နယ်အဆင့် စသုံးလုံး ညွှန်ကြားရေးမှူးက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကျိုက်ထီးရိုးတောင်ပေါ်တွင် စီးပွားရေးဆိုင်ရာ ဟိုတယ်လုပ်ငန်းများ၏ လိုင်စင်စည်းကမ်း အပါအဝင် သတ်မှတ်ထားသော အခန်းအရေအတွက်ထက် ပိုမို တည်ဆောက်မှု ရှိ၊ မရှိကို အဓိက စစ်ဆေး၍ မှတ်တမ်း ရယူခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးက ဆိုသည်။

“အမှုအခင်းဆိုင်ရာနဲ့ လုံးဝ မပတ်သက်ပါဘူး။ ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားလို့ သက်ဆိုင်ရာ စသုံးလုံးအဖွဲ့က လိုင်စင် စည်းကမ်းနဲ့ ညီရဲ့လား၊ မြေချဲ့ထွင်ပြီးတော့ အဆောက်အအုံတွေ ပိုဆောက်ထားတာ ရှိလား။ ဒါတွေကို စစ်ခဲ့တာပါ”ဟု ၎င်းကဆိုသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် စီးပွားရေးနှင့် တိုက်ရိုက် ဆက်နွှယ်သော ဟိုတယ် လုပ်ငန်းများအနေဖြင့် အဆောက်အအုံ တည်ဆောက်ခြင်း၊ ဟိုတယ်လိုင်စင် ပြုလုပ်ခြင်း၊ လိုင်စင်သက်တမ်း စသော ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ညီညွှတ်မှုရှိရန် စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးနေရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“အမြဲစစ်ဆေးပေးနိုင်မှ တန်ကာ ကျလိမ့်မယ်။ အခုဆို ဟိုတယ်တွေကြောင့် မြေသားခိုင်မာမှုတွေ ပျက်စီးနေပြီ။ ကြာလာရင် မြေသားပြတ်ရွေ့မှုတွေလည်း ဆင့်ကဲဖြစ်လာနိုင်တယ်။ ဟိုတယ်တွေက ဝန်ဆောင်မှုနဲ့ ဈေးနှုန်းလည်း ဘယ်လိုမှ မကိုက်ညီတော့ဘူး”ဟု ဘူမိဗေဒပညာ ရှင်တစ်ဦးက သုံးသပ် ပြောဆိုသည်။

၂၀၁၆ ခုနှစ်က ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်သည် ဟိုတယ် လိုင်စင်ပါ အခန်း အရေအတွက်ထက် ကျော်လွန် တည်ဆောက်ခဲ့သည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အလားတူကိစ္စများ ထပ်မံ မဖြစ်ပေါ်စေရန် ပြည်နယ်ဝန်ကြီးချုပ်က စသုံးလုံးအဖွဲ့ကို စစ်ဆေးပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွား ၂ သန်း ကျော် ဝင်ရောက်လေ့ရှိကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။

J-17

  • VIA