News

POST TYPE

LATEST NEWS POST

ဘားအံတွင် ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်မည်
ဘားအံ၊ စက်တင်ဘာ ၂၆

နိုင်ငံခြားသို့ တင်ပို့နိုင်သော ဩဂဲနစ်သီးနှံများ ရရှိရန်နှင့် စိုက်ပျိုးတောင်သူများအနေနှင့် ဈေးကွက်ရသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အဆင်ပြေစေရန်အတွက် ကန်ထရိုက် လယ်ယာစနစ်ကို အောက်တိုဘာလတွင် ဖော်ဆောင်မည်ဖြစ်ကြောင်း မြထွေးကြွယ်လင်း ကုမ္ပဏီထံမှ သိရသည်။

ကန်ထရိုက် လယ်ယာစနစ်ဖော်ဆောင်ရာတွင် မြထွေးကြွယ်လင်း ကုမ္ပဏီနှင့် ဩဂဲနစ်ဓာတ်မြေဩဇာ ထုတ်လုပ်သည့် စူပရင်ဘိုင်အိုတက်ကုမ္ပဏီ၊ ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူများ ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်သည်။

“အဓိကကတော့ ဘားအံဘက်ခြမ်းမှာ ခိုင်မာတဲ့ သီးနှံတစ်ခုဖြစ်ပေါ်လာဖို့ ကြိုးစားတာပါ၊ ဘားအံမှာက ပြောင်းသီးနှံကို ၂၀၁၂ လောက်ထံကစပြီး စိုက်ပျိုးထားလို့ တောင်သူတွေလည်းရင်းနှီးပြီးသား၊ သီးနှံ ဝယ်ယူဖို့ကိုလည်း ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားပါတယ်”ဟု မြထွေးကြွယ်လင်း ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသောသန်းမြက ပြောကြားသည်။

ကန်ထရိုက် လယ်ယာစနစ်ဖော်ဆောင်ရာတွင် စူပရင်ဘိုင်အိုတက် ကုမ္ပဏီမှ ရိုးမဘဏ်နှင့် ချိတ်ဆက်ကာ စိုက်ပျိုးစရိတ်များကို ၂ ကျပ်တိုးဖြင့် ထုတ်ချေးမည်ဖြစ်ပြီး တောင်သူများအနေနှင့် သီးနှံကြမ်းခင်းဈေး သတ်မှတ်ပြီး စာချုပ် ချုပ်နိုင်သကဲ့သို့ ကြမ်းခင်းဈေး မသတ်မှတ်ဘဲ ပေါက်ဈေးဖြင့်လည်း စိုက်ပျိုးစရိတ် ထုတ်ချေးနိုင်ကြောင်း စူပရင်ဘိုင်အိုတက် ကုမ္ပဏီထံမှ သိရသည်။

အစေ့ထုတ်ပြောင်းကို စိုက်ပျိုးရာတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးရမည်ဖြစ်ပြီး ၅ လတာ အချိန်ယူရကြောင်း၊ သီးနှံပေါ်ချိန်တွင် ရွာအရောက် သီးနှံပြန်ကောက်ပေးမည်ဖြစ်သော်လည်း တောင်သူအနေဖြင့် တစ်ဧကလျှင် ၄ သိန်းဝန်းကျင် ရင်းနှီးရသည့်အတွက် သီးနှံပေါ်ချိန် ကြမ်းခင်းဈေးထက် လျော့နည်းသောအခါတွင် အရှုံး မပေါ်နိုင်ကြောင်း၊ သို့သော် အကျိုးအမြတ်မှ ချေးငွေအတွက် ၂ ကျပ်တိုးပြန်လည်ပေးရမည် ဖြစ်သောကြောင့် အမြတ်ရမှု နည်းနိုင်ကြောင်း မြိုင်ကလေး ကျေးရွာနေ အသက် ၆၀ အရွယ် တောင်သူတစ်ဦးက ဆိုသည်။

ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရာတွင် တကယ်ဖြစ်မြောက်အောင် လုပ်ဆောင်ပါက အကျိုးရှိနိုင်ပြီး မြထွေးကြွယ်လင်း ကုမ္ပဏီအနေနှင့် မျိုးစေ့နှင့် မြေဩဇာ လက်လီ ရောင်းချခွင့်လိုင်စင် လုပ်မှသာလျှင် တရားဝင်မည်ဖြစ်ကြောင်း ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနထံမှ သိရသည်။

R-17