News

POST TYPE

IT

အဝေးထိန်းစနစ်သုံး တိုက်ခိုက်ရေးတင့်ကားပုံစံငယ်တည်ဆောက်သူများနှင့် တွေ့ဆုံခြင်း
28-Aug-2018

“စစ်ရေးမှာသုံးမယ်ဆိုရင် လူကိုယ်တိုင် လိုက်ပါစရာမလိုတဲ့အတွက် ထိခိုက်မှုလျှော့ချနိုင်မှာဖြစ်ပါတယ်”


ပြည်တွင်း၌ လူငယ်နည်းပညာကျောင်းသားများက နည်းပညာဆန်းသစ်တီထွင်မှုများကို ဖန်တီးဆန်းသစ်လျက်ရှိသည်။ အဘက်ဘက်မှ အခက်အခဲများရှိသော်လည်း ရနိုင်သမျှ အထောက်အပံ့နှင့် အခွင့်အရေးကို အသုံးချပြီး နည်းပညာဖန်တီးတီထွင်မှုများကို ကြိုးစားလုပ်ကိုင်နေကြရခြင်းဖြစ်သည်။ ယင်းသို့ဖန်တီးတီထွင်မှုများ ပြုလုပ်နေသူများအနက်မှ အဝေးထိန်းစနစ်သုံး တိုက်ခိုက်ရေးယာဉ်ပုံစံငယ် တည်ဆောက်ခဲ့သည့် နည်းပညာတက္ကသိုလ်မန္တလေးမှ ပဉ္စမနှစ်ကျောင်းသား မောင်ကျော်ဇင်ဖြိုး၊ စတုတ္ထနှစ်ကျောင်းသား အောင်ကောင်းမြတ်တို့နှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အခက်အခဲများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မန္တလေးတက္ကသိုလ် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲမှာ ညီလေးတို့အနေနဲ့ အဝေးထိန်းစနစ်သုံးတင့်ကားကို ပြသခဲ့တယ်လို့ သိရပါတယ်။ ဒီတင့်ကားရဲ့ စွမ်းဆောင်ရည်တွေကို အရင်ဆုံးပြောပြပေးပါဦး။
RC Tank : ဒီ project ကို အဝေးထိန်းတိုက်ခိုက်ရေးယဉ်ပုံစံငယ်အနေနဲ့ တည်ဆောက်ထားပါတယ်။ camera မှ remote camera မှတစ်ဆင့် ကြည့်ရှုကာ ထိန်းချုပ်မောင်းနှင်နိုင်ပြီး ပစ်မှတ်ကို laser နဲ့ချိန်ပြီး ပစ်ခတ်နိုင်ပါတယ်။ ညဘက်အသုံးပြုလိုတဲ့အခါကျရင်လည်း camera မီးကိုဖွင့်ပြီး ကြည့်ရှုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ စစ်မြေပြင်အခြေအနေ (ဥပမာ- မိုင်း ရှိမရှိ၊ အပူချိန်၊ တင့်ကားသွားတဲ့ အရပ်မျက်နှာ၊ အလင်းအမှောင်) စတာတွေကိုလည်း remote မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Voice : တင့်ကားမှာတပ်ဆင်ထားတဲ့ လက်နက်တွေက ပစ်ခတ်လို့ရတယ်လို့လည်း သိရပါတယ်။ ဒီလက်နက်တွေကို ပစ်ခတ်ဖို့အသုံးပြုထားတဲ့ နည်းပညာပိုင်းကရော။
RC Tank : ပစ်ခတ်ဖို့ကိုတော့ လျှပ်စစ်သံလိုက်လှိုင်း (electromagnetic field) ကို သုံးထားပါတယ်။ (electromagnetic field) လျှပ်စစ်သံလိုက်စက်ကွင်း အသုံးပြုထားတာဖြစ်တဲ့အတွက် လျှပ်စစ်စွမ်းအင်တော့ လိုအပ်မှာဖြစ်ပါတယ်။

Voice : Coil Gun တွေကို တကယ့်ရိုင်ဖယ် တွေလိုပစ်ခတ်နိုင်ဖို့ဆိုရင် လိုအပ်မယ့် လျှပ်စစ်သံလိုက်လှိုင်း ပမာဏက အခုပရော့ဂျက်မှာ တပ်ဆင်ထားတဲ့ စွမ်းအင်ထက်တော့ အများကြီးလိုအပ်မှာပေါ့။ ဒီ့အပြင် တင့်ကားတွေမှာ သုံးဖို့ဆိုရင်တော့ ပမာဏအများကြီး လိုအပ်မယ်လို့ခန့်မှန်းနိုင်ပါတယ်။ ဒီ စွမ်းအင်ပမာဏလောက်ရဖို့ဆိုရင် ဘယ်လိုလုပ်ဆောင်ဖို့လိုမလဲ။
RC Tank : ဟုတ်ကဲ့ဗျ ။ Coil Gun ရဲ့ ပြင်းအားက အခြေအနေနှစ်ရပ်အပေါ်မူတည်ပါတယ်။ ပထမတစ်ခုကတော့ Coil Gun မှာ လုပ်ထားတဲ့ Stage နဲ့ဆိုင်ပြီး နောက်တစ်ခုကတော့ အဲဒီ Stage တစ်ခုချင်းဆီမှာရှိတဲ့ လျှပ်စစ်စက်ကွင်းပြင်းအားနဲ့ ဆိုင်ပါတယ်။ အဲဒီအတွက် လျှပ်စစ်စွမ်းအင်တော့ လုံလုံလောက်လောက် လိုအပ်တာပေါ့။

Voice : တိုက်ခိုက်ရေးအတွက် သုံးတဲ့ နေရာမှာ ဥပမာ လေကြောင်းရန်ကာကွယ်ရေးပေါ့။ အဲဒီလိုအခြေအနေမှာ အချိန်တိုအတွင်း အချက်ရေ အများကြီး ပစ်ခတ်ရတယ်။ ယမ်းအားနဲ့ ပစ်ခတ်တာမျိုးဆိုရင် ပတ်ဝန်းကျင်ကို ပြန်ပြီးထိခိုက်တာမျိုးတွေရှိနိုင်တယ်လို့ အကြမ်းဖျင်းသိထားတယ်ပါ့လေ။ ဒီလို ထိခိုက်မှုတွေကို EMF သုံးတဲ့ တင့်ကားတွေက ဘယ်လောက်အထိ လျှော့ချကာကွယ်နိုင်မလဲ။
RC Tank : ယမ်းအားနဲ့ ပစ်ခတ်တဲ့ လက်နက်တွေမှာ အသံလည်းဆူမယ်။ မီးခိုး CO2 စတာတွေ လေထုညစ်ညမ်းမှုတွေလည်းဖြစ်မယ်။ ခုဟာမှာတော့ EMF သုံးထားတာဆိုတော့ အသံလည်း ကြားရမှာမဟုတ်ဘူး။ လေထု ညစ်ညမ်းမှုလည်းမဖြစ်တော့ဘူးပေါ့။ ကုန်ကျစရိတ်အနေနဲ့ ကြည့်မယ်ဆိုလည်း အရမ်းသက်သာမယ်။ Ferromagnetic Material တွေဖြစ်တဲ့ Iron, Nickel, Cobalt တွေရှိရင် ကျည်ဆန်ရနိုင်မှာဖြစ်ပြီး အချိန်တိုအတွင်း အချက်ရေအများကြီး ပစ်ဖို့ဆိုရင်တော့ Capacitor ကို အားသွင်းတဲ့အချိန် မြန်ဖို့လိုတာပေါ့။ Charging Time မြန်ရင် မြန်သလောက် မြန်မြန်ပစ်လို့ရပါတယ်။

Voice : ဒီ နည်းပညာကို လက်တွေ့အသုံးချဖို့ဆိုရင် ဘယ်လိုနယ်ပယ်တွေမှာ အသုံးဝင်မလဲ။ နောက်တစ်ခုက တိုက်ခိုက်ရေးသုံး စစ်လက်နက်တစ်ခုလိုဖြစ်လာဖို့ဆိုရင်ရော ဘယ်လိုတွေ အဆင့်ဆင့် လေ့လာဖြတ်သန်းဖို့လိုအပ်ဦးမလဲ။
RC Tank : သွားလာရခက်ခဲတဲ့နေရာတွေအတွက် ကယ်ဆယ်ရေး ဆောင်ရွက်တာမျိုး။ နောက် စစ်ရေးဘက်မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စစ်ရေးမှာ သုံးမယ်ဆိုရင် လူကိုယ်တိုင် လိုက်ပါစရာမလိုတဲ့အတွက် ထိခိုက်မှုလျော့ချနိုင်မှာဖြစ်ပါတယ်။ တကယ့်စစ်လက်နက်လိုမျိုး အသုံးပြုဖို့ဆိုရင်တော့ ခုနပြောသလို လျှပ်စစ်စက်ကွင်း ပြင်းအားရယ် Stage အရေအတွက်ရယ် ကိုလိုချင်တဲ့ Design အတိုင်း တွက်ချက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Voice : ညီလေးတို့ အခု စမ်းသပ်တီထွင်ခဲ့တဲ့ အဝေးထိန်းစနစ်သုံးတင့်ကားငယ်တစ်စီး တည်ဆောက်ဖို့ ကုန်ကျစရိတ်က ဘယ်လောက်ရှိခဲ့သလဲ။
RC Tank : ကုန်ကျစရိတ်က ကျပ် ၂ သိန်းဝန်းကျင် ကုန်ကျပါတယ်။

Voice : လိုအပ်တဲ့ပစ္စည်းတွေကိုရော ဘယ်လိုဝယ်ယူခဲ့သလဲ။ ပစ္စည်းတွေဝယ်ယူဖို့အတွက် အခက်အခဲတွေ ဘာတွေရှိခဲ့သလဲ။
RC Tank : မန္တလေးက လျှပ်စစ်ပစ္စည်းဆိုင်တွေကပဲ ဝယ်ယူထားတာပါ။ Design ကတော့ အားလုံး ကိုယ်တိုင်ပဲတည်ဆောက်ထားတာပါ။ တချို့ Hardware Design ကိုလည်း ၃ီ 3D printr နဲ့ထုတ်ပြီး တည်ဆောက်ထားပါတယ်။

Voice : ညီလေးတို့က မန္တလေးနည်းပညာ တက္ကသိုလ်ကဆိုတော့ ကျောင်းကရော ဒီလို လေ့လာတီထွင်မှုတွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ပေးသလဲ။
RC Tank : ကုန်ကျစရိတ်ကိုတော့ ကျောင်းမှာ ထောက်ပံ့ပေးပါတယ်။ မန္တလေးနည်းပညာမှာ Common Lab ရှိပါတယ်။ အဲဒီမှာလည်း သွားရောက် စမ်းသပ်လို့ရပါတယ်။

Voice : မန္တလေးမှာ ဒီလိုလေ့လာမှုတွေအတွက် အထောက်အပံ့ဖြစ်မယ့် Lab တွေ ဘယ်လောက်ရှိသလဲ။
RC Tank : မန္တလေးမှာ Techno Halo လို Engineering Training Center တွေလည်းရှိပြီး ကျွန်တော်တို့ တက္ကသိုလ်မှာလည်း Innovative Research corner (IRC) ဆိုတဲ့ နည်းပညာအဖွဲ့ တည်ထောင်ထားပြီး အပတ်စဉ် Wed တိုင်း လေ့လာစမ်းသပ်မှုတွေလုပ်နေပါတယ်။

Voice : ပွဲမှာပြခဲ့တော့ ပရိသတ်ရဲ့တုံ့ပြန်မှုရော ဘယ်လိုရှိသလဲ။
RC Tank : အများစုကတော့ စိတ်ဝင်စားကြပါတယ်။

Voice : နည်းပညာသမားလူငယ်တွေအတွက် သူတို့ရဲ့ တီထွင်နိုင်မှုတွေ တက်လာဖို့အတွက် သက်ဆိုင် ရာ ကျောင်းတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘယ်လောက်အထိ အထောက်အပံ့တွေ ပေးဖို့လိုအပ်ဦးမလဲ။
RC Tank : နည်းပညာပိုင်းမှာ အခုထက်ပိုပြီး ထောက်ပံ့ဖို့ လိုအပ်တယ်လို့ထင်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ဒီပရော့ဂျက်ကို လက်တွေ့နယ်ပယ်မှာ အသုံးဝင်နိုင်တဲ့အထိ ဆက်သွားဖို့ အစီအစဉ်ရှိမလား။ တကယ်လို့ ဆက်သွားဖို့ဆိုရင်ရော လိုအပ်ချက်တွေ ဘာတွေရှိမလဲ။
RC Tank : လက်တွေ့နယ်ပယ်မှာ အသုံးချဖို့ဆိုရင်တော့ လုံလောက်တဲ့ ဘတ်ဂျက်နဲ့ သက်ဆိုင်ရာနယ်ပယ်တွေက လက်တွဲခေါ်မယ်ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။

မောင်မန်း