News

POST TYPE

IT

အောင်စာရင်းကြည့်ရှုနိုင်မည့် မိုဘိုင်းလ် App ရေးဆွဲသူများနှင့်တွေ့ဆုံခြင်း
26-Jun-2018



“အိုင်တီကုမ္ပဏီကနည်းတော့ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးတော့ အလုပ်အကိုင်အတွက် ပြဿနာရှိနေပါတယ်”

ပြည်တွင်းကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများက လူမှုအကျိုးပြုမိုဘိုင်းလ် App များ၊ နည်းပညာထုတ်ကုန်များကို ကြိုးစားရေးဆွဲထုတ်လုပ်လာကြသည်။ ယင်းကျောင်းသားလူငယ်များအတွက် ငွေကြေးအထောက်အပံ့အပြင် လိုအပ်သည့်အချက်အလက်များ၊ အထောက်အကူပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ရန်လိုအပ်ပေသည်။ အခက်အခဲများ၊ အတားအဆီးများကြားမှ ကြိုးစားနေသည့် ကျောင်းသားလူငယ်များအနက်မှ ကွန်ပျူတာတက္ကသိုလ် (တော င်ငူ) မှ ကျောင်းသားများဖြစ်သည့် မောင်ဝေယံဖြိုးနှင့် မောင်ကျော်ထွဋ်တို့က အွန်လိုင်းမှတစ်ဆင့် အောင်စာရင်းများကိုကြည့်ရှုနိုင်မည့် မိုဘိုင်းလ်နှင့် Web App များကို ရေးဆွဲထုတ်လုပ်ခဲ့ကြသည်။ ၎င်းတို့ကိုမိုဘိုင်းလ် App ရေးဆွဲစဉ် ကြုံတွေ့ရသည့်အခက်အခဲများ၊ နည်းပညာလေ့လာမှုဆိုင်ရာ အခက်အခဲများအကြောင်း တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးပဲစပြီးမေးပါရစေ။ ကျွန်တော်ကြားမိသလောက်ဆိုရင် တချို့မြို့ကြီးတွေက ကျောင်းတွေမှာ ဒီအောင်စာရင်းအချက်အလက်တွေကို ကျောင်းသားလူငယ်တွေ ရဖို့ခက်ခဲတာမျိုးလည်း တွေ့ရပါတယ်။ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ရဲ့ အောင်စာရင်း အချက်အလက်တွေရဖို့အတွက် ဘယ်လိုလုပ်ခဲ့ရသလဲဗျ။ 
UCSYgo : ကျွန်တော်တို့ရေးထားတဲ့ Software က နှစ်မျိုးပါ။ Website ကနေကော၊ Mobile Application ကနေ ကြည့်လို့ရဖို့ ရေးသားခဲ့သလိုပဲ ကျောင်းသားတွေ၊ မိဘတွေ တစ်နိုင်ငံလုံးအောင် စာရင်းကြည့်လို့ရဖို့အပိုင်းကော Admin တွေ အချက်အလက်ထည့်ဖို့ အပိုင်းပါ (၂) ပိုင်းရေးသားခဲ့ပါတယ်။ တီချယ်ကြီး (ပါမောက္ခချုပ်- ဒေါက်တာအိအိလှိုင်) ကိုတင်ပြလိုက်တော့ Admin ဖက်က အချက်အလက်တွေထည့်ဖို့ သင်တန်းရေးရာဌာနမှူး (ဒေါက်တာ အေးအေးခိုင်) က အောင်စာရင်းကြေညာတဲ့နေ့မှာ ဖြည့်ပေးဖို့ တာဝန်ယူပေးမယ်။ အဲဒီအောင်စာရင်းကို ည (၁၂) နာရီကျမှ Database အစစ်ကို တီချယ်ကြီးတို့ဘက်က ဖွင့်ပေးမယ်လို့ တာဝန်ယူခဲ့တဲ့အတွက် အသုံးပြုခဲ့ကြပါတယ်။

Voice : အောင်စာရင်းကြည့်နိုင်မယ့် မိုဘိုင်းလ် App လို့ဆိုလိုက်ရင် PDF ဖိုင်တွေ သို့မဟုတ် JPEG တွေကို ပြတာမျိုးတွေလည်းရှိတာပေါ့လေ။ ဒီမှာတော့ ပိုပြီးကောင်းမွန်တဲ့ ပုံစံတစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ထားသလဲဆိုတာပြောပြပေးပါဦး။
UCSYgo : အောင်စာရင်းတွေမှာက Official Page နဲ့တင်ကြတော့ ကျွန်တော်တို့ နာမည် (သို့) ခုံနံပါတ်နဲ့ ရှာဖို့ခက်ကြပါတယ်။ ဒါကြောင့် ပညာရေးဝန်ကြီးဌာန၏ အင်တာနက် (Domain Server) ပေါ်မှာအချက်အလက်တွေ သွားသိမ်းပြီး ကိုယ့်ခုံနံပါတ် (သို့) ကိုယ့်နာမည် ရိုက်ထည့်လိုက်တာနဲ့ အလွယ်တကူ ရှာလို့ရအောင်ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် အင်တာနက်ရှိတဲ့ ဘယ်နေရာ၊ ဘယ် Devices က http://ucstaungooeservices2.moe-st.gov.mm/ မှာ ကြည့်နိုင်သလို Google Play Store ay:u Ucstgo Exam Result ပေါ်က Ucstgo Exam Result ဆိုတဲ့ Mobile App ကို install လုပ်ပြီးတော့လည်း အလွယ်တကူ ကြည့်နိုင်ကြပြီဖြစ်ပါတယ်။

Voice : ဒီလိုရေးနိုင်ဖို့အတွက်ကကျတော့ရော လေ့လာမှုတွေဘယ်လိုလုပ်ခဲ့ရသလဲ။ 
UCSYgo : လေ့လာမှုတွေအနေနဲ့ကတော့ Self-Study ကတော့များပါတယ်။ မသိတာရှိရင်တော့ ကိုယ်နဲ့ရင်းနှီးတဲ့ ဆရာတွေဆီမှာ လိုက်မေးဖြစ်ပါတယ်။

Voice : အောင်စာရင်းအတွက်ကို မိုဘိုင်းလ်နဲ့ Web ဗားရှင်းနှစ်ခုလုံးအတွက်လုပ်ခဲ့တယ်လို့ သိရတယ်ဗျ။ ဒီလိုလုပ်ကြတဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေရှိခဲ့သလဲ။
UCSYgo : အခက်အခဲအနေနဲ့ကတော့ Website Security ရယ်၊ Web design ရယ်ပါ။ Website Security  ကလည်းအရေးကြီးသလို Web Design ကလည်း အရေးကြီးပါတယ်။ ကိုယ့်ဆိုဒ်က UI တွေက Responsive မဖြစ်ရင် သုံးရအဆင်မပြေမှာလည်းပူရတယ်။ Security ပေါက်သွားရင် ကျောင်းကထည့်ထာတဲ့ ဒေတာတွေပြင်ခံရမှာလည်း စိုးရိမ်ရပါတယ်။ အောင်စာရင်းမထွက် ဝက်ဘ်ဆိုက်ကို ကြေညာခဲ့ပါတယ်။ အဲမှာသိတဲ့ အကိုဆရာတွေကနေ ဆိုဒ်ရဲ့ အားနည်းချက်ကိုရှာပြီး ထောက်ပြပေးခဲ့ပါတယ်။ သူတို့ရဲ့ ထောက်ပြပေးမှုကြောင့် အောင်စာရင်းမထွက်ခင်အချိန်မှာ တတ်နိုင်သလောက်ကာကွယ်နိုင်ခဲ့ပါတယ်။ လုံးဝလုံခြုံတာမျိုးတော့ မဟုတ်ပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ ကာကွယ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ဝက်ဘ်ဆိုက်ကို ကျွမ်းကျွမ်းကျင်ကျင်ကြီး မလုပ်ဖူးတော့ အဲဒီအပိုင်းတွေမှာ အခက်အခဲတွေတော့ အများကြီးရှိခဲ့ပါတယ်။

Voice : ဒီလိုနည်းပညာထုတ်ကုန်တွေ ထွက်လာဖို့အတွက် ကျောင်းကဘယ်လောက်အထိ အထောက်အပံ့ပေးခဲ့သလဲ။ 
UCSYgo : ကျောင်းတွေကတော့ ဘာသာရပ်တစ်ခုချင်းစီရဲ့ အနှစ်သာရဖြစ်တဲ့ သီအိုရီတွေကို သင်ပေးပါတယ်။ ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း အလျဉ်းသင့်ရင်သင့်သလို သင်ပေးပါတယ်။ အသုံးချပုံကိုတော့ အပြည့်အစုံကြီးတော့မသင်ပေးနိုင်ပါဘူး။ ဘာသာရပ်အလိုက် Mini Project လေးတွေ လုပ်ပေးပါတယ်။ အချိန်မလောက်မငှဖြစ်တော့ လုံးဝမစမ်းဖြစ်ရမရှိရလေအောင်တော့ သင်ပေးပါတယ်။ အဲလိုသင်ကြားပေးမှုကို ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်အချိန်ထဲကနေ ဖဲ့ပေးပြီး ထပ်လေ့လာရပါတယ်။ ကျောင်းကလည်း အများကြီးအထောက်အပံ့တွေရခဲ့ပါတယ်။ 2MB လောက်ရတဲ့ အင်တာနက်လိုင်းတွေကို ကျောင်းကပေးထားတော့ ကျွန်တော်တို့အနေနဲ့ လေ့လာရတာလည်း အဆင်ပြေပါတယ်။ လိုအပ်တာရှိလို့ သွားပြောရင်လည်း တတ်နိုင်သလောက် အများကြီးကိုထောက်ပံ့ပေးပါတယ်။ ကွန်ပျူတာစက်ခန်းကိုလည်း လိုအပ်တဲ့အချိန်မှာ သုံးစွဲနိုင်အောင် စီစဉ်ပေးပါတယ်။

Voice : လက်ရှိ ပြည်တွင်းမှာနည်းပညာသမား လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အခြေအနေက ဘယ်လိုရှိသလဲ။
UCSYgo : လက်ရှိပြည်တွင်းမှာတော့ အိုင်တီနဲ့ပတ်သက်ပြီး ကုမ္ပဏီက နည်းနေသေးပါတယ်။ ရန်ကုန်နဲ့ မန္တလေးနဲ့ ယှဉ်ရင်တောင်သိသာပါတယ်။ မန္တလေးက ကျောင်းသားတွေကိုယ်တိုင်တောင် ရန်ကုန်ကိုလာပြီး Internship ဆင်းတာတို့ အလုပ်လုပ်တာတို့ရှိပါတယ်။ အိုင်တီကုမ္ပဏီကနည်းတော့ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးတော့ အလုပ်အကိုင်အတွက် ပြဿနာရှိနေပါတယ်။

Voice : ဒီ App ကို နှစ်ယောက်တွဲပြီးလုပ်ခဲ့တယ်လို့ သိရတယ်ဗျ။ အဖွဲ့လိုက်လုပ်ဆောင်တာနဲ့ တစ်ဦးချင်းလုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုမျိုးကွဲပြားမှုတွေရှိမလဲဗျ။
UCSYgo : အဖွဲ့နဲ့လုပ်တာက အဖွဲ့အစည်းနဲ့လုပ်ရတဲ့ ခံစားချက်မျိုးကိုရရှိစေသလို ကိုယ်နဲ့လုပ်နေတဲ့သူတွေကို ဘယ်လိုဦးဆောင်ရမလဲဆိုတဲ့ ပညာရပ်မျိုးတွေလည်းရပါတယ်။ တစ်ယောက်တည်းလုပ်တာက ပင်ပန်းတယ် ထင်သလောက်အလုပ်သိပ်မပြီးဘူး။ ဒါပေမဲ့ ပြဿနာသိပ်မရှိဘူး။ အဖွဲ့အစည်းနဲ့လုပ်တော့ တစ်ယောက်နဲ့တစ်ယောက် လိုက်ညှိရတာမျိုးတွေရှိတယ်။ လိုက်ညှိရတယ်ဆိုတာကလည်း အများကြီးတော့မဟုတ်ပါဘူး။ တချို့ Function အပိုင်းတွေ ကိုသူကဒီလိုလုပ်ချင်တယ် ငါကဒီလိုမလုပ်ချင်ဘူးဆိုပြီး လိုက်ညှိရတာတွေပါ။

Voice : ကွန်ပျူတာတက္ကသိုလ်တွေကဟိုးအရင် ၅ နှစ်ကာလနဲ့ ချိန်ထိုးကြည့်ရင် ပိုပြီးအသက်ဝင်လာတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒီအနေအထားမှာကျောင်းရဲ့ ပံ့ပိုးမှုတွေက ညီလေးတို့လို ဖန်တီးမှုတွေ လုပ်ကိုင်ချင်တဲ့လူငယ်တွေအတွက် ဘယ်လောက်အထိအထောက်အပံ့ဖြစ်သလဲဗျ။
UCSYgo : ဟိုးအရင် ၅ နှစ်နဲ့ အခုချိန်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျောင်းတွေကိုမပြောပါနဲ့ဦး။ ကျွန်တော်တို့ကိုယ်တိုင်တောင် တော်တော်လေးပြောင်းလဲသွားတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တုန်းကဆိုရင် ဘာမှမသိတဲ့ ကျောင်းသားတစ်ယောက်လိုပါပဲ။ ဒါသင်ဒါလုပ်ဒါရတယ် ဆိုတာပဲသိခဲ့တယ်။ အိုင်တီနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်မရှိခဲ့ပါဘူး။ ကျောင်းဆိုရင်တော့ ပိုပြီးအသက်ဝင်လာပါတယ်။ ကျွန်တော်တို့ကျောင်းက တီချယ်ကြီးဆိုရင်လည်း ကျောင်းသားတွေလုပ်ချင်ကိုင်ချင်စိတ်ရှိအောင်လို့ Project Show တွေလုပ်ပေးပြီး ဆုပေးတာမျိုးတွေ လုပ်ပေးတော့ ကျောင်းသားတွေအနေနဲ့လည်း စိတ်ဝင်တစ်စားလုပ်လာကြတယ်။ ကျွန်တော်တို့ ကျောင်းရောက်ရောက်ချင်းမှာ အဲလိုမျိုးတွေရှိမှန်းမသိခဲ့ဘူး။ ကျောင်းဒုတိယနှစ်ရောက်လာတဲ့အချိန်မှာ အဲလိုမျိုးတွေလုပ်ပေးတော့ စိတ်ဝင်စားတဲ့ ဘယ်ကျောင်းသား ဘယ်နှစ်ကမဆို ဝင်ပြိုင်လို့ရတယ်။ အဲအတွက် အခုမှ ပထမနှစ်ရောက်လာတဲ့ ကျောင်းသားတွေအနေနဲ့လည်း အိုင်တီနဲ့ပတ်သက်ပြီးထိတွေ့ မိသွားပါတယ်။ နောက်ပိုင်းသူတို့အနေနဲ့ ကိုယ်တိုင် လေ့လာလို့ရသွားလောက်တဲ့အထိ အထောက်အပံ့ဖြစ်ပါတယ်။

Voice : ဒီ App နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ ကိုယ့်လိုပဲ ဖန်တီးတီထွင်မှုတွေလုပ်ကိုင်နေတဲ့ လူငယ်အချင်းချင်းပဲဖြစ်ဖြစ် ဘာများ အကြံပြုပြောဖို့ရှိမလဲဗျ။
UCSYgo : ကျွန်တော်တို့ အိုင်တီဆိုတာကြီးက အမြဲပြောင်းလဲနေတာပါ။ ဒီနေဒီဟာကိုတွေ့ရပေမယ့် နောက်နေ့ကျရင် အဲဟာကအဟောင်းဖြစ်သွားပါပြီ။ အမြဲတမ်းနောက်ကနေလိုက်နိုင်နေမှ တော်ကာကျမယ်။ ကျွန်တော်ဆိုလည်း အခုထိမလိုက်နိုင်သေးဘူး။ အဲလိုမလိုက်နိုင်တော့ တစ်ခါတစ်လေ စိတ်ဓာတ်ကျမိတယ်။ အဲကျရင် ကိုယ်လိုက်နိုင်သလောက် ပြန်လိုက်ဖြစ်တယ်။ အဲအတွက် ဖန်တီးတီထွင်မှုတွေ လုပ်ကိုင်နေတဲ့ ကျွန်တော်တို့လို လူငယ်အချင်းချင်းကို အကြံပြုချင်တာကတော့ စိတ်ဓာတ်မကျပဲ ကိုယ်လိုက်နိုင်သလောက် လိုက်လုပ်နေဖို့ပါပဲ။ အမြဲတမ်းလေ့လာနေရမယ် ပြောင်းလဲနေတဲ့ နည်းပညာကြားမှာ လိုအပ်ရင်လိုအပ်သလို ပြောင်းလဲနိုင်ရမယ်။ မလိုအပ်တာတွေအတွက်လည်း အချိန်မကုန်ဖို့လည်း သတိပြုသင့်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ဒီလို App မျိုးတွေမှာက မြန်မာစာစနစ်က ပြဿနာတစ်ခုလို ဖြစ်လာမလားဗျ။ အဲ့ဒီအပိုင်းမှာရော ဘယ်လိုမျိုးတွေ အခက်အခဲကြုံရသလဲ။ လူသုံးများတဲ့ဖောင့်နဲ့ စံသတ်မှတ်ချက်ဆိုတဲ့အပိုင်းက ရှိလာတဲ့အခါကျတော့ ဖန်တီးရတဲ့အချိန်မှာ ဘယ်လောက်အထိ နှောင့်နှေးစေသလဲဆိုတာလေး ပြောပေးပါဗျ။
UCSYgo : မြန်မာစာစနစ်က ပြဿနာရှိတယ်ခင်ဗျ၊ Android မှာ တော်တော်လေးဆိုးတယ်။ မြန်မာစာစနစ်ကတော့ မြန်မာလိုပြတဲ့ Apps တွေမှာဆိုရင် ပြဿနာတစ်ခုလိုဖြစ်နေမှာပါပဲ။ Zawgyi ဖုန်းရော Unicode ဖုန်းရော မှန်အောင်လုပ်ပေးရတဲ့ပြဿနာကတော့ အမြဲဖြစ်နေမှာပါပဲ။ မြန်မာစာနဲ့ပတ်သက်လို့ ပြဿနာဖြစ်တာကတော့ ဒီ App မှာလည်း ရှိခဲ့ပါတယ်။ ကိုယ် Design ဆွဲထားတဲ့ UI မှာ Font ကလည်း အရေးပါတယ်ခင်ဗျ။ Typography အရဆို Font Style စနစ်တကျ သုံးစွဲမှုရှိမှ UI လည်း သေသေသပ်သပ်လေးဖြစ်မှာ။ အခုကျတော့ Device အလိုက် Unicode ရှိတဲ့ PH အတွက် Font Style တစ်မျိုး Zawgyi အတွက် တစ်မျိုးလုပ်ရတော့ အလုပ်တော့ရှုပ်တယ်။ UI အပေါ်မှာလည်း အကျိုးသက်ရောက်မှုဖြစ်တယ်။ Project က Data Processing လည်းမများရှိပြီးသား Data ကိုပဲ ပြရတာဆိုတော့ ပြဿနာတော့ အရမ်းကြီးမဖြစ်ခဲ့ပါဘူး။ App ကို ဒေါင်းလို့ရပြီလို့ ကြေညာတဲ့နေ့မှ တခြားဖုန်းမှာ စမ်းကြည့်မှ မြန်မာစာမရမှန်းသိရတယ်။ Apps develop လုပ်နေတဲ့အချိန်မှာတော့ ကိုယ့်ဖုန်းနဲ့ ကိုယ်စမ်းတော့ အဆင်ပြေတယ်ပေါ့။ ကိုယ့်မှာရှိတဲ့ Samsung, MI စတဲ့ဖုန်းတွေနဲ့စမ်းတော့ အဆင်ပြေတယ်။ တခြား Samsung မှာစမ်းမှ မြန်မာစာမမှန်တော့ဘူး။ ပြီးတော့ ဒေတာတွေက ကျောင်းက ဖြည့်တာဆိုတော့ ကျောင်းက Unicode ကိုသုံးပြီး ဖြည့်တာဆိုတော့ ကျောင်းသားနာမည်တွေအကုန်လုံးက Unicode တွေဖြစ်နေတော့ Zawgyi ဖုန်းမှာလည်း မှန်အောင်လိုက်လုပ်ပေးနေရတယ်။ အခုကတော့ နာမည်ပဲ Unicode နဲ့ဆိုတော့ စာမှန်အောင် လုပ်ရတဲ့နေရာက တစ်နေရာပဲရှိလို့ Develop လုပ်တာကို နှောင့်နှေးတာမျိုးတော့မရှိပါဘူး။ အကယ်၍ Data  များတဲ့နေရာမှာဆိုရင် တော်တော်လေးနှောင့်နှေးမှာပါ။ စာမှန်အောင်လည်းလိုက်လုပ်ရသလို ဖုန်းတွေမှာလည်း စာမှန်အောင် လိုက်စစ်ရတယ်။ ကျွန်တော်တို့ကတော့ စာမှန်အောင် လုပ်လိုက်ပေမယ့် တချို့ဖုန်းတွေမှာ စာတွေက လုံးဝဖတ်လို့မရတော့တဲ့ အခြေအနေမျိုးတွေလည်းကြုံနေရတော့ အဲလိုအခက်အခဲတွေကို လိုက်ဖြေရှင်းပေးနေရတော့ ဖန်တီးမှုကိုတော်တော်လေးနှောင့်နှေးစေပါတယ်။ နောက် App တွေအတွက်ဆို Myanmar Font အတွက်က အမြဲစဉ်းစားရတဲ့ တစ်ချက်ကိုဖြစ်နေတယ်။ ကျွန်တော်တို့က Junior အဆင့်ပဲရှိသေးလို့ မလုပ်ဖူးသေးလို့လည်း ဖြစ်ပါလိမ့်မယ်။

မောင်မန်း