POST TYPE

INTERVIEW

သက်မွန်မြင့်နဲ့ တွေ့ဆုံခြင်း
25-Mar-2017

ချစ်လှစွာသောအမုန်း ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိခဲ့တဲ့အပေါ် ခံစားချက်၊ ဇာတ်ကား ရိုက်ကူးစဉ်က ကြုံခဲ့ရတဲ့ အမှတ်တရတွေ၊  အွန်လိုင်းမှာ အကယ်ဒမီနဲ့ပတ်သက်ပြီး အသံဖိုင် တက်လာတဲ့အပေါ် ခံစားချက်၊ အကယ်ဒမီဆုအပေါ် သဘောထားနဲ့ ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေကို The Voice က သက်မွန်မြင့်နဲ့ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : ပရိသတ်တွေက မိုးစက်မေ ကာရိုက်တာနဲ့ အကယ်ဒမီမှန်းကြတယ်။ တကယ်တမ်း အကယ်ဒမီဆု ပိုင်ဆိုင်ခွင့်ရတော့ အဲဒီအပေါ် ခံစားချက် ဘယ်လိုမျိုး ဖြစ်နေလဲ။
TMM : အဲဒီအတွက် သက်မွန် အရမ်း ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေက မိုးစက်မေ ကာရိုက်တာနဲ့ အရမ်းကို ရစေချင်ကြတယ်။ ပြီးတော့ ဒီနှစ်မှာ သက်မွန်ရဲ့ ဇာတ်ကားတွေက အကယ်ဒမီ စာရင်းထဲ ပါတာနည်းတော့ အဲဒီအတွက် အရမ်းကြီးတော့ မမျှော်လင့်ထားပါဘူး။ အခု အကယ်ဒမီဆုရတဲ့ အချိန်မှာ သူတို့လေးတွေရဲ့ ဆန္ဒတွေ ပြည့်ဝသွားတယ်။ သူတို့လေးတွေ ဆန္ဒလေးနဲ့ ထပ်တူကျတဲ့အတွက် သက်မွန် တကယ်ကို အရမ်း ပျော်မိပါတယ်။

Voice : အကယ်ဒမီအတွက် ကြိုတင် ရင်ခုန်ထားတာမျိုး ရှိလား။
TMM : ရရင်လည်းရမယ်၊ မရရင်လည်း မရဘူးလို့ ကြိုတွေးထားတာပါ။ အခု တကယ်ရသွားတော့ ရင်ခုန်သံချင်း ထပ်တူ ကျတယ်လို့ပြောရမယ်။

Voice : ဒီကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လို အမှတ်တရတွေ ရှိခဲ့လဲ။
TMM : ဒီကာရိုက်တာက ရိုက်ကူးနေတုန်း၊ ရိုက်ပြီးသွားချိန်မှာလည်း သက်မွန်အတွက် အမှတ်တရ များစွာဖြစ်တဲ့ ကာရိုက်တာတစ်ခုပါ။ သက်မွန်အတွက် ခက်ခဲတဲ့ ဇာတ်ကောင်တစ်ခုလို့ ပြောလို့ရမယ်။ ခက်ခက်ခဲခဲ သရုပ်ဆောင်ရတဲ့အတွက် ဝမ်းသာပါတယ်။

Voice : ထပ်ဆင့် အကယ်ဒမီဖြစ်သွားတာနဲ့ ကိုယ့်မှာ ဘယ်လိုမျိုး တာဝန်တွေ ပိုကြီးသွားလဲ။
TMM : သက်မွန်ကတော့ အကယ်ဒမီ ဆုရတယ် ဆိုတာတော့ အတိုင်းမသိ ဝမ်းသာရတာပေါ့။ ပရိသတ်တွေ အားပေးတာတွေအပြင် အကဲဖြတ်အဖွဲ့တွေကလည်း အသိအမှတ် ပြုတဲ့အတွက် ဆုချီးမြှင့်ခံရတယ်။ အဲဒီအတွက် ထပ်ဆင့် အကယ်ဒမီ ဖြစ်သွားတယ်။ ဒါပေမဲ့ ဇာတ်ဆောင်တွေနဲ့ ပတ်သက်ရင်တော့ ကြိုးစားမှုတိုင်းမှာ  အကယ်ဒမီအတွက်ရယ် မဟုတ်ဘဲနဲ့ ဘယ်ဇာတ်ဆောင်မဆို အနုပညာရှင်သမား တစ်ယောက်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ 

Voice : အကယ်ဒမီ ဆိုတာကိုတော့ အနုပညာရှင်သမားတိုင်းက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြတယ်။ အကယ်ဒမီအပေါ်ကို သက်မွန်က ဘယ်လိုမျိုး သတ်မှတ်ထားလဲ။
TMM : အကယ်ဒမီ ဆိုတာတော့ ဒါ ရုပ်တုတစ်ခုပေါ့နော်။ ဒါပေမဲ့ ထူးချွန်တယ်လို့ သတ်မှတ်ပြီး ပေးတဲ့အပေါ်မှာ ကိုယ့်မှာလည်း ရှေ့လျှောက် အများကြီး ကြိုးစား သွားရမယ် ဆိုတာကို အသိပေးလိုက်သလို ပါပဲ။

Voice : အွန်လိုင်းမှာ သက်မွန်နဲ့ပတ်သက်ပြီး အကယ်ဒမီနဲ့ ပတ်သက်တဲ့ အသံဖိုင် တက်လာတဲ့အပေါ် ဘယ်လိုမျိုး  ခံစားရလဲ။
TMM : အဲဒီဟာနဲ့ပတ်သက်ပြီး သက်မွန် အထွေအထူး မခံစားရပါဘူး။ နားလည်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြနဲ့ ဒီလိုပဲ စိတ်မတိုတိုအောင်၊ တစ်ခုခုခံစားရအောင် အဲဒီလိုမျိုး စကြနောက်ကြတာတွေကလည်း ရှိတတ်ပါတယ်။ အဲဒီအတွက်ကြောင့် အွန်လိုင်းမှာ ပျံ့နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီအပေါ် ဘာမှဖြစ်မနေပါဘူး။

Voice : အကယ်ဒမီပေးပွဲနေ့မှာ ကိုယ့်ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အကယ်ဒမီ ခံစားချက် ရေးဖြစ်တာ ဘယ်လိုကြောင့်လဲ။
TMM : အွန်လိုင်းမှာ အဲဒီလိုမျိုးတွေဖြစ်တော့ တချို့ ပရိသတ်တွေကျတော့ ခံစားကြတယ်။ ခံစားချက်တွေ ဖြစ်ကြတယ်။ အဲဒီအတွက် သူတို့ ဘာမှမခံစားဖို့၊  အကယ်ဒမီက ရရင်လည်း ဒါအတိုင်း အထက်အလွန်၊ မရဘူးဆိုရင်လည်း ရှေ့လျှောက်ဖို့အတွက် ရှေ့လျှောက်မယ့်လမ်းမှာ ပရိသတ်တွေက ကိုယ့်ကို ဒီလောက်ထိ ချစ်ကြတယ်၊ အားပေးကြတယ် ဆိုတဲ့အတွက် အရမ်းကို အားအပြည့် ရှိနေတယ်ဆိုတာ သူတို့ကို ပြောပြချင်တာနဲ့  ရေးဖြစ်လိုက်တာပါ။ 

Voice : အမှတ်တရ စကားပြောချိန်မှာ ပရိသတ်အတွက် ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ပြောဖြစ်တာ ဘာကြောင့်လဲ။
TMM : ကိုယ် အတတ်နိုင်ဆုံး ဘယ်လိုမျိုးပုံစံနဲ့ ဆက်ပြီးတော့ သွားမလဲဆိုတာကို သူတို့ကို အသိပေးစေချင်တာပါ။ သက်မွန်ကို ချစ်တယ်၊ အားပေးတယ် ဆိုတဲ့အပေါ်မှာ သူတို့ကိုယ့်ကို လေးစားမှုဆိုတာ တစ်ခုရှိနေတာကို သက်မွန် ယုံကြည်တယ်။ အဲဒါကို သက်မွန်အနေနဲ့ ပရိသတ်ကို ထပ်လောင်း ပြောပြတာပါ။

Voice : ဇာတ်ကားတွေ ဘယ်တော့လောက် ပြန်ရိုက်မလဲ။
TMM : အတတ်နိုင်ဆုံးတော့ အမြန်ဆုံး ပြန်ရိုက်နိုင်အောင် ကြိုးစားသွားမှာပါ။ သက်မွန်ရဲ့ ပရိသတ်တွေကလည်း ဇာတ်ကားတွေကို အမြန်ဆုံး ပြန်ရိုက်စေချင်တာလည်း ပါတော့ လောလောဆယ် တွေးထားတာတော့ သမီးလေး ငါးလ၊ ခြောက်လဆိုရင်လည်း ပြန်ရိုက်ဖြစ်မှာပါ။

Voice : နောက်ပိုင်း ဇာတ်ကား ရွေးချယ်မှု ပုံစံတွေကတော့ အပြောင်းအလဲ ဖြစ်မလား။ ဇာတ်ကို အဓိက ဘယ်လိုပုံစံမျိုးတွေ ပိုကြည့်ဖြစ်မလဲ။
TMM : သက်မွန် ဘယ်လောက် လုပ်နိုင်လဲ၊ မလုပ်နိုင်ဘူးလဲဆိုတာ ပရိသတ်တွေ၊ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေ အကုန်လုံး သိပြီးသွားပြီ ဆိုတဲ့အပေါ်မှာ သူတို့ ကိုယ့်ကို ရွေးချယ်သွားမှာပေါ့။ ကိုယ်ကတော့ ဘယ်လောက် လုပ်နိုင်လဲဆိုတာ ကိုယ်က ထုတ်ပြရမှာပေါ့။ အဲဒီအပေါ်မှာ သူတို့ ကိုယ်ကိုရွေးချယ်သွားမှာပေါ့။  အရမ်းကြီး ဂျီး(ချေး) မများပါဘူး။ ဒါပေမဲ့ ကိုယ့်အသက်အရွယ်၊ ကာရိုက်တာ၊ ကိုယ့်ပုံစံနဲ့ညီမျှတဲ့ ကာရိုက်တာဆို ရိုက်မှာပါ။

Voice : ပထမဆုံး စီးပွားရေးကို ကလေးပစ္စည်းဆိုင် ရွေးချယ်ဖြစ်တာ ဘယ်လိုကြောင့်လဲ။
TMM : ကိုယ်က မိခင်ဖြစ်လာတဲ့အခါကျတော့ ကလေးတွေအတွက် လိုအပ်တာတွေ၊ အမေတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင် ခံစားသိမြင်လာတဲ့အခါ ကျတော့ သူတို့တွေကို ဖြည့်ဆည်းပေးချင်တာပါ။ 

Voice : ကလေးပစ္စည်းဆိုင်တွေကို နောက်ထပ် ဆိုင်ခွဲတွေ ထပ်ဖွင့်လှစ်ဖို့ ရှိလား။
TMM : နောက်ထပ် ဆိုင်ခွဲတွေဖွင့် နိုင်ဖို့အတွက် စိတ်ကူးအိပ်မက် တစ်ခုပေါ့။ အခုကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတုန်းပါ။

Voice : အခုနောက်ပိုင်း သရုပ်ဆောင်တွေ တော်တော်များများကလည်း ထုတ်လုပ်ရေးတွေ လုပ်လာကြတော့ ကိုယ့်စိတ်ကြိုက် ဇာတ်ကားတွေကို ထုတ်လုပ်ရိုက်ကူးဖို့အတွက် အစီအစဉ် ရှိလား။
TMM : ကိုယ့်စိတ်ကြိုက် ရိုက်ချင်တဲ့ ဇာတ်လမ်းတွေ ရှိတယ်။ အခုလောလောဆယ်ကတော့ ကလေးပစ္စည်းဆိုင် ထပ်ဖွင့်နိုင်ဖို့ ကြိုးစားနေတာရယ်၊ သမီးလေးက ငယ်နေသေးတော့ အခုလောလောဆယ်တော့ အစီအစဉ် မရှိသေးဘူး။

Voice : ပရိသတ်ကို ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။
TMM : ပရိသတ်တွေရဲ့ ရင်ဘတ်ထဲမှာ သက်မွန်က မိုးစက်မေဆိုတာ ဖြစ်ပြီးသားပေါ့။ အခုထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်ဆိုတဲ့ နာမည်တစ်ခု ထပ်ရလိုက်တဲ့အတွက် ကိုယ်လည်း အရမ်းကို ဝမ်းသာပါတယ်။

ဆုအိနြေ္ဒဦး

  • VIA