News

POST TYPE

INTERVIEW

ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံခြင်း
03-Dec-2016

မြန်မာ-ထိုင်းနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများ၊ စစ်ဘေးဒုက္ခသည်များနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမမီသူများ၏ အားထားရာဖြစ်သော ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည်ထောင်ဖွင့်ထားကာ ကုသပေးနေသူ ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံ၍ မယ်တော်ဆေးခန်း၏ လိုအပ်ချက်၊ မြန်မာနိုင်ငံ ကျန်းမာရေးဘတ်ဂျတ် အခြေအနေ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အပေါ် အကြံပြုချက် စသည်တို့ကို The Voice အပါအဝင် မြန်မာမီဒီယာများက တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice - ပြည်တွင်းမှာ အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် ပြည်ပမှာ ရပ်တည်နေရတဲ့ မယ်တော်ဆေးခန်း အနေနဲ့ရော အပြောင်းအလဲများ ဖြစ်လာသလား။ ဘယ်လိုရပ်တည်နေရတဲ့ အခြေအနေရှိလဲ။

Dr.STM - လက်ရှိ မယ်တော်ဆေးခန်းမှာ ရှိတဲ့ လူနာတစ်ဝက်လောက်က ရွှေ့ပြောင်းလူထုပေါ့။ ထိုင်းနိုင်ငံမှာ အလုပ်သမားလက်မှတ်နဲ့ နေထိုင်သူတွေ ရှိတယ်။ တချို့ကတော့ (လက်မှတ်) မရှိဘူး။ ထိုင်းနိုင်ငံ စာရင်းအရတော့ ဒီတပ်ခ်ခရိုင်အတွင်းမှာ မြန်မာပြည်သား သုံးသိန်းနဲ့ လေးသိန်းကြားမှာ ရှိတယ်။ မှတ်ပုံတင်ရှိသူက ခြောက်သောင်းလောက်ပဲ ရှိတယ်။ ကျန်တာက မှတ်ပုံတင် မရှိကြတော့ ကျန်းမာရေး အာမခံ မရှိကြဘူး။ အဲဒီလူတွေက မယ်တော်ဆေးခန်းကို လာတာလည်း ရှိတယ်။ ထိုင်းအစိုးရ ဆေးရုံကိုလည်း သွားကြတာလည်း ရှိတယ်။ တစ်ချိန်တည်းမှာပဲ မယ်တော်ဆေးခန်းမှာဆို ကျွန်မတို့ လူနာရဲ့ တစ်ဝက်လောက်၊ ထိုင်းဆေးရုံမှာဆို သုံးပုံတစ်ပုံလောက်က မြန်မာပြည်ထဲက ကူးပြီး ဆေးလာကုသူတွေ ဖြစ်တယ်။ မြန်မာပြည်ထဲမှာ အကြောင်းမျိုးမျိုးကြောင့် (ကျန်းမာရေး စောင့်ရှောက်မှုကို) သူတို့ လက်လှမ်းမမီဘူးဆိုရင် ထိုင်းနိုင်ငံကို ကူးလာပြီး ဆေးလာကုတယ်။ လက်ရှိ အနေအထားအရတော့ ထိုင်းနိုင်ငံ ဆေးရုံမှာ ဖြစ်စေ၊ မယ်တော်ဆေးခန်းမှာ ဖြစ်စေ လူနာ သိသိသာသာ လျော့နည်းသွားတာမျိုး မရှိသေးဘူး။ ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် သင်တန်းတွေကတော့ ဆက်သွားနေတယ်။ လက်ရှိအထိတော့ ဒီဘက်မှာ သိသိသာသာကြီး လူနာကျဆင်းသွားတာမျိုး မရှိသေးဘူး။

Voice - မြန်မာအစိုးရဘက်ကရော မယ်တော်ဆေးခန်းကို ထောက်ပံ့ပေးတာတွေ ရှိသေးလား။

Dr.STM - အစိုးရဘက်ကတော့ ဒီဘက် ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော်ပြီး ထောက်ပံ့တဲ့ အစီအစဉ်တော့ မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့ လူနာလွှဲပြောင်းမယ့် ကိစ္စမျိုးတွေကို စီမံတဲ့ အပိုင်းမှာတော့ ကြိုးစားပြီး ပြင်ဆင်တာရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီတာတွေပဲ ရှိတယ်။

Voice - မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် ဆရာမတို့ ဆေးခန်းကို အသိအမှတ်ပြု တစ်စုံတစ်ရာ လုပ်ခဲ့တာ ရှိပါသလား။

Dr.STM - ကျွန်မတို့ဆီကို ထိုင်းနဲ့မြန်မာ ကျန်းမာရေးဌာနက ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေ၊ နယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်တို့၊ မွန်ပြည်နယ်တို့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာဖြစ်ဖြစ် ဆွေးနွေးပွဲတွေမှာ ကျွန်မတို့ဆီကို (ဖိတ်စာ) ရောက်ပါတယ်။ အတိုင်ပင်ခံဆရာ၊ ဆရာမကြီးတွေကလည်း ဒီကလုပ်ငန်းတွေကို အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကိုလည်း လမ်းကြောင်းရှာကြတယ်လေ။ အထူးသဖြင့် မိခင်နဲ့ကလေး စောင့်ရှောက်ရေးနဲ့ ပတ်သက်ရင် သို့မဟုတ် သားဖွားသင်တန်းတွေဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ကြိုးစားနေပါတယ်။

Voice - လက်ရှိ မယ်တော်ဆေးခန်းက ဘတ်ဂျက်အပြင် တခြားဘာလိုအပ်ချက်များ ရှိသေးလဲ။

Dr.STM - လက်ရှိမှာတော့ ကျွန်မတို့ ဆေးခန်းကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ၂၀၁၆ ခုနှစ်ကုန်ပြီး ၂၀၁၇ နှစ်အထိ သတ်မှတ်ထားတဲ့ စီမံကိန်းကာလ တစ်စုံတစ်ရာ ပြီးမြောက်သွားတာ ရှိမယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီး ရန်ပုံငွေတွေ ဒီနယ်စပ်မှာ ဆက်ရှိမယ် မရှိဘူး၊ ဘယ်လိုပုံစံနဲ့ ဆက်ထားမလဲဆိုတာ သူတို့ဘက်မှာလည်း တိကျတဲ့အဖြေ မရှိသေးဘူး။ ဆရာမတို့ သိသလောက် ၂၀၁၇ ခုနှစ်၊ ဧပြီကျမှပဲ လာမယ့် စီမံကိန်းတွေကို နယ်စပ်မှာဖြစ်စေ၊ မြန်မာပြည်မှာ ဖြစ်စေ ဘယ်လိုဆက်လုပ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်းတော့ ပေါ်မလာသေးဘူး။ သူတို့ဘက်မှာလည်း တချို့နေရာမှာ အစိုးရ အပြောင်းအလဲဖြစ်၊ တချို့ကလည်း သူတို့နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်နေရတာတွေ ရှိတယ်။ လက်ရှိကတော့ တစ်နှစ်တာကာလ လည်ပတ်နိုင်အောင် ကြိုးစား ရတာပဲ။ သို့သော်လည်း ရေရှည်အတွက် ခိုင်မာတဲ့ရ န်ပုံငွေ ရရှိဖို့ကတော့ အထူးသဖြင့် လူတစ်ဦးချင်းစီရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ ကျန်းမာရေး အာမခစံနစ်တစ်ခု တည်ဆောက်နိုင်မှပဲ ရမယ်။ နိုင်ငံတကာ အကူအညီနဲ့ပဲ ကျွန်မတို့ ရေရှည်ရပ်တည်နိုင်မယ် မထင်ဘူး။ အဲဒါနဲ့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ကျန်းမာရေး အာမခံစနစ် သေချာပေါ်လာဖို့ရယ်။ ရွှေ့ပြောင်းသူတွေ ဖြစ်စေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသက လူတွေဖြစ်စေ လက်လှမ်းမီမှပဲ စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတစ်ခု ဖြစ်လာမှာပါ။

Voice - မယ်တော်ဆေးခန်းကို ပြည်တွင်းက ဝေးလံတဲ့ နေရာကတောင် အားကိုးတကြီး လာပြကြတာ ရှိတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသားအဆင့် ကျန်းမာရေးမူဝါဒ ရေးနေတာ ရှိပါတယ်။ မြန်မာ့ကျန်းမာရေးကဏ္ဍအတွက် ဘာတွေများ အကြံပြုချင်ပါသလဲ။

Dr.STM -  ၂၀၁၁-၂၀၁၇ပေါ့။ အမျိုးသားကျန်းမာရေး စီမံကိန်း ရေးဆွဲတဲ့ အချိန်မှာ တိုင်းရင်းသား ဒေသမှာ လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ မယ်တော်ဆေးခန်းတို့ တစ်စုတည်း အနေနဲ့ အစည်းအဝေး သွားတက်တာလည်း ရှိတယ်။ တစ်ဖွဲ့ချင်းအနေနဲ့ သွားတက်တာလည်း ရှိတယ်။ လက်ရှိတော့ ခေါင်းစဉ်လေးခုကို အဓိက ဆွေးနွေးတယ်။ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေကိစ္စ၊ ကျန်းမာရေး ဝန်ဆောင်မှုစနစ်၊ ကျန်းမာရေး ဝန်ထမ်းရေးရာနဲ့ နောက်ဆုံးတစ်ချက်က အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု အပိုင်းတွေ အဲဒီလေးခုကို ဆွေးနွေးတယ်ပေါ့။ ကျွန်မတို့ လက်လှမ်းမိသလောက်တော့ ‘လူတိုင်းအတွက် လက်လှမ်းမီတဲ့ ကျန်းမာရေး’ အစီအစဉ်မှာ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းရဖို့ ဘာတွေလိုလဲ ဆိုတာ ပြန်ဆန်းစစ်တာ၊ တစ်ဦးချင်းစီအတွက် ကုန်ကျမယ့် စရိတ်တွေကို တွက်ချက်တာပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီအခြေခံကိစ္စကို လုပ်ဖို့ ရန်ပုံငွေ ရရှိဖို့ဆိုတာ အစိုးရကရော နိုင်ငံတကာကရော ဒီရန်ပုံငွေအတွက် ပိုမိုထည့်ဝင်ဖို့ လိုတယ်။ ဥပမာအားဖြင့် ဒီ (မြန်မာ) အစိုးရ အနေနဲ့ ရန်ပုံငွေ ချပေးနိုင်တာ လူတစ်ယောက်အတွက် ဒေါ်လာ ၂၀၊ ၃၀ အဲဒီပတ်ဝန်းကျင်ပဲ ရှိတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင် ၂၀၀၊ ၃၀၀ ရှိတာပေါ့။ ဒါက တစ်နှစ်စာ ရန်ပုံငွေ။ အဲဒီ့ပမာဏနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုက လူတိုင်းလက်လှမ်းမိဖို့ မလွယ်ဘူး။ ဒါကတော့ ရန်ပုံငွေအရ စိန်ခေါ်မှုပဲ။

Voice - မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဘတ်ဂျက်က ဒီနှစ်ပိုင်းတွေမှာ နှစ်စဉ် အနည်းငယ် တိုးလာပေမယ့် နည်းနေတုန်းပါပဲ။ ဆရာမအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုမြင်ပါလဲ။

Dr.STM - ပညာရေးတို့၊ ကျန်းမာရေးတို့ ဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံရမယ့် ကိစ္စတွေပါ။ တစ်နှစ်တည်းနဲ့လည်း မဟုတ်ဘူး။ ငါးနှစ် ၁၀ နှစ် အဲဒီလို ရင်းနှီးမြှုပ်နှံရမှာ ဖြစ်တယ်။ ကျန်းမာရေး၊ ပညာရေး ကိစ္စမှာ (ဘတ်ဂျက်) မမြင့်လာသရွေ့ နိုင်ငံတိုးတက်အောင် လုပ်ဖို့ခက်တယ်။ ဘတ်ဂျက်ပိုင်းဆိုင်ရာ ပိုမိုရရှိဖို့ အားလုံးက အရေးဆိုရမှာပေါ့နော်။

Voice - တစ်ချိန်မှာ မြန်မာနိုင်ငံကိုပြန်ပြီး မယ်တော်ဆေးခန်းလိုမျိုး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေလုပ်ဖို့ အစီအစဉ်များ ရှိလား။

Dr.STM - ကျန်းမာရေး စောင့်ရှောက်မှုလို့ ဆိုရင် လက်ရှိလုပ်နေတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ နယ်စပ်ဒေသတွေမှာ လူနှစ်ထောင်၊ နှစ်ထောင်ငါးရာ၊ ရွာလေးငါးရွာမှာ ဆေးခန်းတစ်လုံး ပုံစံလုပ်ဆောင်နေတာ ရှိပါတယ်။ ဒါကတော့ အရင်ကလည်း လုပ်ခဲ့တာတွေပါ။ အခုလို ပိုပြီး တည်ငြိမ်လာတဲ့ အချိန်ကျတော့ ပိုပြီးတော့ ကောင်းမွန်တဲ့စနစ် ဖြစ်အောင်ပေါ့။ ဥပမာအားဖြင့် ကျန်းမာရေး ဝန်ထမ်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ သင်တန်းတွေ၊ ပစ္စည်းကိရိယာ ဆေးဝါးတွေ စီမံခန့်ခွဲတာ၊ လူနာတွေ လွှဲပြောင်းတဲ့ စနစ်ပေါ့။ ဒါကတော့ နောင်မှ မဟုတ်ဘူး။ အခုလည်း လုပ်နေတာပါပဲ။

Voice - ဆရာမအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကနေ ဘာများမျှော်လင့်ပါသလဲ။ ဘာများတောင်းဆိုချင်တာ ရှိပါသလဲ။

Dr.STM - အဓိကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် လူတစ်ဦးချင်းစီပဲဖြစ်ဖြစ်၊ ရပ်ရွာအလိုက်ပဲဖြစ်ဖြစ် သူ့ဟာသူ ဖွံ့ဖြိုးအောင် အရင်လုပ်ပေးရမှာ။ အဲလိုလုပ်ပေးနိုင်တဲ့ ကျန်းမာရေးစနစ်၊ အဲလိုမူဝါဒတွေရှိဖို့ လိုတယ်။ ဗဟိုကနေ အကုန်လုံး တာဝန်ယူ စီမံခန့်ခွဲသွားတယ်ဆိုရင် တတ်ကျွမ်းနားလည်မှု ပြောပြော၊ တာဝန်ယူမှုပဲပြောပြော အဲဒီဘက်မှာ အားနည်းသွားနိုင်တယ်။ ကိုယ့်ဒေသရဲ့ ကျန်းမာရေးစနစ်ကို တည်ထောင်ဖို့ ဆိုတာ အိမ်သာပဲဆောက်ဆောက်၊ မိသားစု စီမံကိန်းပဲလုပ်လုပ် အဲဒီက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အတူတူ အလုပ်လုပ်ဖို့ပေါ့နော်။ 

ရဲနိုင်ဦး


ABOUT AUTHOR

(ရဲနိုင်ဦး)