News

POST TYPE

INTERVIEW

စင်ကာပူ တွေ့ဆုံပွဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေးအဖြေ ကောက်နုတ်ချက်
03-Dec-2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူအစိုးရ၏ ဖိတ်ကြားချက်အရ ယင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် စင်ကာပူရောက် မြန်မာမိသားစုများနှင့် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံခဲ့ရာ အမေးအဖြေ အစီအစဉ်လည်း ပါဝင်ခဲ့သည်။ ယင်းတွေ့ဆုံပွဲမှ မေးမြန်းဖြေကြားချက် အချို့ကို The Voice ပရိသတ်အတွက် ပြန်လည် ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လက်ရှိမှာ သက်ငယ်မုဒိမ်းမှုတွေ သိပ်ကို များပြားနေပါတယ်။ နိုင်ငံမျိုးဆက်သစ်တွေ ဖြစ်တဲ့ ကလေးတွေအတွက် လုံခြုံစိတ်ချမှုနဲ့ ဒီအမှုတွေအတွက် ဘယ်လိုများ စီစဉ်ထားပါသလဲ သို့မဟုတ် ရှေ့လုပ်ငန်းစဉ်ကို သိချင်ပါတယ်။

ဖြေ - အဲဒီကိစ္စဟာ ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ လူမှုရေးနဲ့ဆိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ တစ်ဖက်က ဥပဒေရေးရာ အရဆိုရင် ဒီလိုအမှုတွေအတွက် ဘယ်လိုပုံစံနဲ့ ဥပဒေအရ အရေးယူရမယ် ဆိုတာ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာ။ ဒါပေမဲ့ ဒါလူမှုရေးကိစ္စ တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုသက်ငယ်မုဒိမ်းမှုတွေ ဒီလောက်များနေတာလဲ။ ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ဘာအားနည်းချက်တွေ ရှိလဲဆိုတာ ပြန်ပြီးတော့ ကြည့်ဖို့ လိုတယ်။ ဒါဟာ မိသားစုစနစ်နဲ့ ဆိုင်လား၊ ကလေးတွေကို စောင့်ရှောက်တာနဲ့ ဆိုင်လား ပတ်ဝန်းကျင် စိတ်ထားတွေက ကြမ်းတမ်းလာတာလား။ ကြမ်းတမ်းလာတယ်ဆိုရင် ဘာကြောင့်လဲ။ ဥပမာ မူးယစ်ဆေးဝါးကြောင့် ဖြစ်တာလား။ ဒါမှမဟုတ် အခုခေတ်မှာ ကြည့်လို့ရတဲ့ အမျိုးမျိုး ဗီဒီယိုတွေ ဘာတွေကြည့်၊ စာအုပ်တွေ ဘာတွေ ဖတ်ပြီးတော့ စိတ်တွေက မငြိမ်မသက် ဖြစ်လို့လား။ အဲဒါကို အကြောင်းရင်းကို ရှာရပါမယ်။ ပြဿနာတစ်ခုကို ဖြေရှင်းချင်ရင် ဘာကြောင့် ဒီပြဿနာ ပေါ်ထွက်လာတယ်ဆိုတာ ရှာရမှာ ဖြစ်ပါတယ်။ အဲဒါကို လူမှုရေးဘက်ကနေပြီး ကျွန်မတို့ လေ့လာပါမယ်။ လေ့လာပြီးတော့ ဘယ်လို အဘက်ဘက်က နေပြီးတော့ ခြေလှမ်းသင့်တယ် ဆိုတာကို ဆုံးဖြတ်ပါမယ်။ ဥပဒေတွေ ထုတ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ဥပဒေက ဥပဒေအရ အရေးယူတာ သပ်သပ်ပါ။ 

အဖြေတစ်ခုတည်း မရှိပါဘူး။ တချို့ကတော့ ဘာဖြေစေချင်လဲဆိုတော့ ဒီလိုရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကို ပြစ်ဒဏ်တွေ ကြီးကြီးမားမား ကြီးပေးရမယ်။ ဒါပဲပြောနေတယ်။ ဒါတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အပြစ်ဒဏ်က ကြီးသင့်သလောက် ကြီးဖို့တော့ လိုပါတယ်။ လူမှုရေးအရ ဒီလိုကိစ္စတွေ မဖြစ်ပေါ်အောင် အားလုံးက ဝိုင်းပြီးတော့ အဖြေရှာရမှာ ဖြစ်ပါတယ်။

မေး - တိုက်ပွဲများကြောင့် ၂၁ ရာစု ပင်လုံကို ထိခိုက်နိုင်ပါသလား။

ဖြေ - ဒီတိုက်ပွဲတွေက ကြာလှပါပြီ။ တိုက်ပွဲတွေ ဖြစ်လို့ကို ၂၁ ရာစု ပင်လုံညီလာခံကြီး ဘယ်လောက်လိုအပ်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ဒီလိုအချင်းချင်းကြားမှာ တိုက်ပွဲတွေ၊ မကျေနပ်မှုတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ သမိုင်းမှာ အချင်းချင်းကြား နားလည်မှု မယူနိုင်လို့ပါ။ နားလည်မှု မရှိဘဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။ သာမန်ပြည်သူ ပြည်သားတွေကတော့ ဘယ်တိုင်းရင်းသားအုပ်စုကပဲ မဆို အေးအေးဆေးဆေးပဲ နေချင်တယ်။ ငြိမ်းချမ်းရေးပဲ လိုချင်တယ်။ ဒါကတော့ ဘယ်မှာသွားကြည့်ကြည့် သိပါလိမ့်မယ်။ ဒါပေမဲ့ တချို့က ငြိမ်းချမ်းရေး လိုချင်တဲ့  စိတ်ဓာတ်ထက် သံသယတွေက ပိုပြီးတော့ ကြီးနေတဲ့အခါ ငြိမ်းချမ်းရေးကို မယူရဲတာလို့ ပြောချင်ပါတယ်။ 

ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ဆိုတာ ညီလာခံတုန်းကလည်း ပြောခဲ့ပြီးပြီ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မိန့်ခွန်းတွေထဲမှာ ထည့်ပြီးတော့ ပြောခဲ့ပါတယ်။ တကယ်ပဲ စေတနာလည်း ရှိတယ် ပညာလည်း ရှိတယ် သတ္တိလည်းရှိတယ် ဆိုရင် ငြိမ်းချမ်းရေးကို ရအောင် ယူမှာပဲ။ ငြိမ်းချမ်းရေး ရအောင်မယူရင် စေတနာ နည်းနေလို့လား၊ ပညာနည်းနေလို့လား၊ သတ္တိနည်းနေလို့လားလို့ မေးရမယ်။ စေတနာ နည်းနေရင် ကျွန်မတို့ အနေနဲ့ စေတနာ ဖော်ပြပြီးတော့ ပွားအောင်လုပ်ရမယ်။ ပညာနည်းနေရင် ပညာဆိုတာ အတန်းပညာကို ပြောတာ မဟုတ်ပါဘူး။ ဆင်ခြင်တုံတရား။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းထက် ကိုယ့်ရဲ့နိုင်ငံအတွက် ဘာလိုအပ်သလဲ။ ကျွန်မတို့ နိုင်ငံအတွက် ပညာပြန့်ပွားအောင် လုပ်ရမယ်။ သတ္တိနည်းနေတယ်ဆိုရင် ပြည်သူပြည်သားတွေက ဝိုင်းပြီးတော့ သတ္တိဆေးတွေ ထိုးပေးကြပါလို့ ပြောချင်ပါတယ်။

မေး - ဝန်ကြီးဌာနများကို ဆက်သွယ်လာသော အဖွဲ့အစည်းများ၊ ပြည်သူများကို ဌာနဆိုင်ရာ လူကြီးများက တာဝန်ယူ မဖြေရှင်းပေးဘဲ အထက်သို့ တင်ပြထားပါတယ်။ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ် ဟူသော ဖြစ်စဉ်များကို သိရှိပါသလား။ မည်သို့ စီမံဆောင်ရွက်မည်ကို အကျဉ်းချုပ် သိရှိလိုပါတယ်။

ဖြေ - ဒီလိုကြန့်ကြာတဲ့ကိစ္စ အထက်ကို တင်ပြရမယ့် ကိစ္စဆိုတာ ကျွန်မ စဉ်းစားပါတယ်။ ဒါဟာ လာဘ်လိုချင်လို့ ပြောတာလား။ အထက်ကို တင်ပြထားပါတယ်။ ခုတော့ မပြီးသေးပါဘူး။ လူကြီးကို မေးပါမယ်ဆိုတာ နည်းနည်းလာဘ်ထိုးစေချင်လို့ ပြောတဲ့ဟာမျိုးလား။  တကယ်ပဲ အထက်က နေပြီးတော့ လုပ်ပိုင်ခွင့် မပေးဘဲနဲ့ မလုပ်ရဲလို့လား။ ဒါမှမဟုတ် ပျင်းလို့ မလုပ်ပေးတာလား ဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ စဉ်းစားတဲ့အခါမှာ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်မတို့ အစိုးရသက်တမ်းဟာ ကိုးလသာသာပဲ ရှိတယ် ဆိုပေမယ့် ကျဆင်းသွားတယ်လို့ ပြောရဲပါတယ်။

အများပြည်သူဘက်က ကြားရတဲ့စကားက ဘာလဲဆိုတော့ ဝန်ကြီးတွေကတော့ လာဘ်မစားတော့ဘူး။ အောက်ကလူတွေကတော့ လုပ်တုန်းပဲလို့ ကြားတယ်။ အခု အောက်ကအရာရှိတွေက နေပြီးတော့ လာဘ်ပေးလာဘ်ယူ လုပ်ရင် တိုင်ကြားဖို့ဆိုပြီး တယ်လီဖုန်း နံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေ တင်ထားပါတယ် အွန်လိုင်းမှာ။ တိုင်နိုင်ပါတယ်။ တိုင်ဖို့လည်း လိုပါတယ်။ ဒါ ကိုယ့်ရဲ့တာဝန်ပဲ။ ဝန်ကြီးတွေက လာဘ်မစားဘူး ဆိုပေမယ့် ဝန်ကြီးတွေကလည်း ဝိဇ္ဇာတွေတော့ မဟုတ်ဘူး။ အောက်က ဘယ်သူလာဘ်စားနေတယ် ဆိုတာ အားလုံးသိမှာ မဟုတ်ဘူး။ တင်ပြမှ သိမှာ တိုင်မှပဲ သိမှာ။ သတ္တိရှိရှိနဲ့ တိုင်ပါ။ မလွှဲသာလို့ အလျင်လိုလို့ ဆိုပြီးတော့ နည်းနည်းလေး လာဘ်ထိုးလိုက်ရင် ကိုယ့်မှာလည်း အပြစ်ရှိတာ အမှန်ပဲ။ 

မေး - နောင် နှစ် ၂၀ အတွင်း စင်ကာပူကို မီရမည်ဆိုသည့် အတွက် ပြည်သူပြည်သားများ အနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ကို သိရှိလိုပါတယ်။

ဖြေ - ကျွန်မပြောတာ အနှစ် ၂၀ အတွင်း စင်ကာပူကို  မီရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ စင်ကာပူကို ကျော်ရမယ်လို့ ပြောတာပါ။ မည်သည့်ကဏ္ဍမှာ ပါဝင်နိုင်မလဲဆို ကဏ္ဍတိုင်းမှာ ပါဝင်နိုင်ပါတယ်။ ပြည်သူပြည်သားများ အားလုံး တစ်ဦးချင်း တစ်ဦးချင်းဟာ တန်ဖိုးရှိပါတယ်။ အဂတိလိုက်စားမှုတွေကို ရဲရဲဝံ့ဝံ့နဲ့ တိုင်တယ်ဆိုတာလည်း ဒါတာဝန်ကျေတာပဲ။ ဒါကလည်း ဝိုင်းဝန်းကူညီနေတာပဲ။ ကိုယ်သင်တဲ့ ပညာကို ပိုင်ပိုင်နိုင်နိုင် ကြိုးစားနေတဲ့ ကျောင်းသူကျောင်းသားတွေ ကလည်း တစ်ကဏ္ဍက နေပြီးတော့ ပါဝင်နေတာပဲ။ ကဏ္ဍတိုင်းမှာ ပြည်သူပြည်သားတွေ ပါဝင်မှ အနှစ် ၂၀ အတွင်း လုပ်ချင်တာ လုပ်လို့ရမှာ ဖြစ်ပါတယ်။

မေး - အစိုးရသစ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကြားထဲမှာ လုပ်ကြံဖန်တီးထားတဲ့ အခက်အခဲတွေ တွေ့နေရပါတယ်။ ဘေးဆိုင်းတွေတီးပြီး ဒုက္ခပေးနေသူတွေရဲ့ လုပ်ရပ်အပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ - ပထမဦးဆုံး အနေနဲ့ ဘေးဆိုင်းတွေတီးတယ် ဆိုတာ သိတာကိုက ဒါအကူအညီ တစ်ခုပဲ။ ဘေးဆိုင်းတွေ တီးနေတယ်ဆိုရင် ကိုယ့်ဆိုင်းလေးလည်း ကိုယ်ပြန်တီးလိုက်ပေါ့။ ဘယ်သူက ဘာဆိုင်းပဲတီးတီး ပြည်သူပြည်သားတွေ နားမယောင်ရင် နားငြီးတာတော့ ရှိမယ် တခြားပြဿနာတော့ မရှိပါဘူး။ တစ်ခုတော့ ရှိတယ်။ ဘယ်အစိုးရမှ ဘယ်သူမှ အမှားမရှိဘူး ဆိုတာ မရှိပါဘူး။ အဲဒီတော့ ပြုပြင်သင့်တာတွေ ရှိရင် ရဲရဲဝံ့ဝံ့နဲ့ စေတနာ အပြည့်အဝနဲ့ အကြံပြုကြပါလို့ မေတ္တာရပ်ခံပါတယ်။ 

မေး - ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်တွင်းပြည်ပ မီဒီယာများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ တုံ့ပြန်ပြောဆို သတင်းထုတ်ပြန်ရန် မရှိသလောက် အားနည်းပါသည်။ ယင်းကိစ္စကို ပြောင်းလဲရန် သို့မဟုတ် ပိုမိုကောင်းမွန်သော တုံ့ပြန်ရန် အစီအစဉ်ရှိမရှိ သိလိုပါတယ်။ အပြောင်းအရွှေ့ လုပ်ပေးသင့်ပါတယ်။

ဖြေ - အဲဒါ အပြောင်းအရွှေ့နဲ့ မဆိုင်ဘူး။ အပြောင်း အလဲနဲ့ ဆိုင်တယ်။ ကျွန်မတို့ရဲ့ ပြန်ကြားရေးဌာနမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာလည်း ကျွန်မတို့ သိပါတယ်။ ဒီအားနည်းချက်တွေကိုလည်း ကျွန်မတို့ ကိုင်တွယ်နေတာ ကြာပါပြီ။ နောက်တစ်ခါ ပြန်ကြားရေးနဲ့ ပတ်သက်ရင် ကျွန်မတို့ရဲ့ ပြန်ကြားရေးဌာနတင် မကဘူး တစ်နိုင်ငံလုံးမှာ အားနည်းချက် တစ်ခုက ဘာလဲဆိုတော့ အခု ကျွန်မတို့ ပြည်သူပြည်သားတွေထဲမှာ အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တဲ့သူ အင်မတန်မှ နည်းနေပါတယ်။ ဒီတော့ တစ်ကမ္ဘာလုံးနဲ့ တန်းတူညီတူ ရင်ပေါင်တန်းပြီးတော့ ပြန်ကြားရေးဘက်မှာ အားရှိဖို့ဆိုတာတော့ အင်္ဂလိပ်ဘာသာတော့ ကျွန်မတို့မှာ ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒါကြောင့် စင်ကာပူမှာ ရောက်နေတဲ့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တဲ့သူတွေ အနေနဲ့ ပြန်ကြားရေးကို ကူညီချင်ကြရင် ပြန်ခဲ့ကြပါ။ 

မေး - အစိုးရဌာနများတွင် လူမှန်နေရာမှန် ရောက်ရှိရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြီးကြပ်ပေးစေလိုပါတယ်။

ဖြေ - ကျွန်မ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လူတိုင်း လူတိုင်းက ဘယ်လောက်အရည်အချင်းရှိလဲ ဆိုတာ ချက်ချင်းဆုံးဖြတ်ဖို့တော့ ခက်ပါတယ်။ တစ်ခါတလေလည်း ကျွန်မတို့ရွေးတဲ့ သူတွေက ကျွန်မတို့ မျှော်လင့်တာထက် တော်သလို တစ်ခါတလေလည်း ကျွန်မတို့ မျှော်လင့်တာလောက် မတော်တာလည်း ရှိပါတယ်။ ဒါက ကြာကြာဖုံးထားလို့ မရပါဘူး။ အရည်အချင်းဆိုတာ ရှိရင်လည်း ပေါ်လာမှာ၊ မရှိရင်လည်း ပေါ်လာမှာပဲ။ ဒါကြောင့် လူမှန်နေရာမှန် လုပ်ဖို့ဆိုတာ နံပါတ်တစ် အဂတိလိုက်စားမှုကင်းဖို့။ အဂတိကင်းဖို့ဆိုတာ ငွေရေးကြေးရေးကို ပြောတာမဟုတ်ပါဘူး။ ဆန္ဒ၊  ဒေါသ၊ ဘယာ၊ လောဘ မောဟ။ ဆန္ဒအရ မလုပ်ရဘူး လောဘအရ မလုပ်ရဘူး ဒေါသအရ မလုပ်ရဘူး ဘယာအရ မလုပ်ရဘူး။ ဆန္ဒအရ မလုပ်ရဘူး ဆိုတာ ကိုယ်နဲ့ နီးစပ်တဲ့သူတွေ ကိုယ်ခင်မင်တဲ့သူတွေ ကိုယ်လိုလားတဲ့ သူတွေကို အခွင့်အရေး မပေးရဘူး။ အဲဒီလိုပေးရင်  အဂတိတရားပဲ။ အဲ့ဒီလိုလုပ်ရင် လူမှန်နေရာမှန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဒေါသဆိုတာတော့ ကိုယ်မကြိုက်တဲ့သူတွေ ကိုယ်မုန်းတီးတဲ့သူတွေကို မတရားသဖြင့် နေရာမပေးတာတို့ ဖိနှိပ်တာတို့ ပြဿနာရှာတာတို့ ဒါလည်း အဂတိတရားပဲ။ အဲဒီဟာမျိုး လုပ်မယ်ဆိုရင် လူမှန်နေရာမှန် ရောက်ဖို့ ခက်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ်မကြိုက်တဲ့သူကို တော်မှန်းသိပေမယ့် ကိုယ်က မကြိုက်လို့ နေရာမပေးတာမျိုးဟာ ဖြစ်နိုင်ပါတယ်။

ဘယာကတော့ ကြောက်လို့။ ကြောက်လို့ဆိုတာတော့ အခု ကျွန်မတို့ အစိုးရခေတ်မှာ ကြောက်နေလို့ရှိရင် ကြောက်တဲ့သူ တုံးတာပဲလို့ ကျွန်မ ပြောရမှာပဲ။ ကြောက်စရာ မလိုပါဘူး။ ကိုယ်မမှန်ဘူးလို့ ထင်ရင် မလုပ်နဲ့ မှန်တယ်ဆိုရင် လုပ်။ ဥပဒေဘောင် အတွင်းက လုပ်တာဆိုရင် ဘာမှအရေးယူဖို့ မရှိပါဘူး။ နေရာပေးတာမှာလည်း ဒီလိုပါပဲ။ ကိုယ်က တကယ်ပဲ တော်တယ်ထင်လို့ ပေးတယ်ဆိုရင် ဥပဒေနဲ့ကိုက်ညီရင် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် (ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်း ပြောတာပါ)။ အဲ့ဒါဆိုရင် လုပ်ပိုင်ခွင့် ရှိပါတယ်။

နောက် မောဟဆိုတာကတော့ မသိတတ်ခြင်းပေါ့။ လောကီအနေနဲ့ ပြောမယ်ဆိုရင် ကိုယ်က လူတွေအကြောင်းကို ဂဃနဏ မသိလို့ နေရာအကြောင်း ဂဃနဏ မသိလို့ မှားပြီးပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ခါတလေလည်း ခွင့်လွှတ်နိုင်တဲ့ ကိစ္စပါ။ ကျွန်မတို့ကိုယ်တိုင် အားလုံးကို နေရာပေးတဲ့ လူအားလုံးကို ဘယ်လိုနေမလဲဆိုတာ  မသိနိုင်ပါဘူး။ တချို့တွေက နေရာမရခင်တုန်းက ကောင်းပြီးသားပဲ နေရာလည်းရရော တစ်ခါတည်း ဇာတိပြတော့တာပဲ။ ကျွန်မတို့လည်း သင်ယူရမှာပါ။ စောစောစီးစီး ကတည်းက ဒီလူဟာ ဘယ်လိုအတွင်း စိတ်ရှိပါလိမ့် ဆိုတာ သိဖို့ကတော့ တော်တော် သင်ယူဖို့ခက်တဲ့ပညာ ဖြစ်ပါတယ်။ 

The Voice