News

POST TYPE

INTERVIEW

ကိုဖီအာနန်၏ ရခိုင်ခရီးစဉ်အပေါ် အမြင်များ
02-Dec-2016
ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ တတိယအကြိမ်မြောက် ရခိုင်ပြည်နယ် ခရီးကို ဒီဇင်ဘာလ ၃ ရက်နေ့၌ စတင်မည် ဖြစ်ပြီး အဆိုပါ ခရီးစဉ်ကို ရခိုင်ပြည်နယ်ရှိ ရခိုင်အရပ်ဘက်အဖွဲ့များ၊ ရခိုင် နိုင်ငံရေးပါတီများက ကန့်ကွက်လျက်ရှိရာ ယင်းအပေါ် မည်သို့ ရှုမြင်သည်ကို သိရှိနိုင်စေရန် ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်နှင့် ရခိုင်အမျိုးသားပါတီတို့ကို ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။

ဦးအေးလွင် (ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်)

ကျွန်တော်တို့ကတော့ အမြဲတမ်း နားထောင်ထားပါတယ်။ နားစွင့်ထားပါတယ်။ သူတို့ မတွေ့ချင်ဘူး  ဆိုတာလည်း ကျွန်တော်တို့အတွက် ပညာယူဖို့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို နားလည်လာရင် တွေ့လာမှာပါ။ ကျွန်တော်တို့က အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ အခုဆိုရင် ရခိုင်လူငယ်တွေ မွတ်ဆလင် လူငယ်တွေနဲ့ တွေ့ခဲ့ပါတယ်။ မတွေ့ချင်တဲ့လူတွေ ရှိသလို တွေ့ချင်တဲ့ လူတွေလည်း ရှိပါတယ်။ မတွေ့ချင်တဲ့ လူတွေကလည်း နားလည်လာတဲ့အခါ တဖြည်းဖြည်း တွေ့ချင်လာမှာပါ။ လူကိုယ်တိုင် မတွေ့ချင်ရင်လည်း စာနဲ့ရေးသားပြီး ပြောလို့ရပါတယ်။ ကျွန်တော်တို့က အချက်အလက် စုဆောင်းတာ ဖြစ်တယ်။ ပြည်သူတွေရဲ့ အသံ ပြောချင်တာပြော အကုန်နားထောင်နေပါတယ်။ ဘာမှ ကျွန်တော်တို့အတွက် အနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်တော်တို့က အကြံပေးတဲ့ အဆင့်ပဲ ရှိပါတယ်။

ဦးဖေသန်း (ရခိုင်အမျိုးသားပါတီ မြေပုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ နိုင်ငံခြားသားတွေ မပါဘဲ ပြန်ပြီးအသစ်ဖွဲ့ဖို့ ကျွန်တော်တို့ဘက်က တင်ပြတောင်းခံခဲ့ကြတယ်။ အားလုံးအသိပါပဲ။ ပြည်နယ်မှာလည်း ဒီကိစ္စကို ကန့်ကွက်ခဲ့ကြတယ်။ ပြည်သူ့လွှတ်တော်မှာ နိုင်ငံခြားသား သုံးယောက် မပါဘဲ အတတ်ပညာရှင်တွေနဲ့ ဖွဲ့ဖို့ တင်ပြခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ပြည်နယ်လွှတ်တော်မှာ နောက်ဆုံးအဆင့် အနေနဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို အသိအမှတ်မပြုတဲ့အပိုင်း ရောက်သွားတာပေါ့။ အဆင့်သုံးဆင့်ကို ကျော်ဖြတ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရခိုင်ပြည်နယ်လွှတ်တော်ကို လေးစားရမယ်။ ရခိုင်ပြည်နယ်လွှတ်တော် ဆိုတာ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတယ်။ ပြည်သူတွေကို လေးစားတဲ့အတွက် ပါတီတစ်ခုတည်း မဟုတ်ဘူး လူမှုအဖွဲ့အစည်း အားလုံးက တွေ့ဆုံဖို့ မရှိတော့ဘူးဆိုပြီး ဖြစ်လာပြီ။ ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးက နိုင်ငံတကာမှာရှိတဲ့ သတင်းမီဒီယာတွေရဲ့ ထိတွေ့မှုအရ သူကိုယ်တိုင်က ရိုဟင်ဂျာဆိုတဲ့ စကားကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတယ်။ နောက်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းဆိုတဲ့ စကားကို သုံးတယ်။ အဲလိုပြောဆိုမှုတွေက ကျွန်တော်တို့ဘက်က ရှုံးပြီးသားလို့ မြင်တယ်။ နှစ်ဖက်လူ့အဖွဲ့အစည်း ဆိုတာကို တစ်တန်းတည်းထားလို့ မရဘူး။ ဟိုဘက်က နိုင်ငံသားတွေ မဟုတ်ဘူး။ နိုင်ငံသား အဆင့်တောင် စစ်ဆေးခြင်း မခံတဲ့သူတွေ ဖြစ်တယ်။ အခုဆိုရင် အကြမ်းဖက်လုပ်ရပ်တွေက ပီပြင်လာပြီ။ ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ယခုပွဲမှာ သူတို့ ပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေအတွက် ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရလဒ်ကောင်းတွေ ရမလာနိုင်ဘူးလို့ ယူဆထားတယ်။ သူတို့ရဲ့အကြံပြုချက်တွေက အမြတ်ထုတ်သွားမယ်လို့ မြင်တယ်။ ကိုယ့်နိုင်ငံက ပြဿနာကို ကိုယ့်နိုင်ငံက ရှင်းဖို့လိုတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲတောင် ဆွေးနွေးခွင့် မရဘူး။ အခုအစိုးရ အခုလွှတ်တော်က ဒါတွေကို အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်တာ တွေဆွေးနွေးလို့ မရဘူး။ လွှတ်တော်ကြီးက ခွင့်မပြုတဲ့ ကိစ္စကို ကိုဖီအာနန်နဲ့ သွားတွေ့လည်း ဘာမှထူးခြားလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက တည်ဆဲဥပဒေတွေနဲ့သာလျှင် ဖြေရှင်းသင့်တယ်။ အဲ့ဒါကြောင့် သွားရောက်မတွေ့ဆုံခြင်း ဖြစ်ပါတယ်။

ဦးဝင်းနိုင် (သံတွဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်- NLD ပါတီအမတ်)

ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လာရောက်ရခြင်း ဖြစ်တယ်။ ရခိုင်ပြည်နယ်က အနောက်တံခါးဝက စိုးရိမ်ဖွယ်ရာပါ။ နိုင်ငံတော် အတိုင်ပင်ခံလည်း ဘင်္ဂါလီအရေးကို ဖြေရှင်းဖို့ နိုင်ငံတကာအပေါ် သြဇာရှိတဲ့ ကိုဖီအာနန်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ကန့်ကွက်နေမယ့်အစား ပူးပေါင်းဆောင်ရွက်သင့်တယ်။ သို့သော်လည်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်မှာ ရခိုင်လူထုတွေ အားကိုးယုံကြည်တဲ့ ရခိုင်တိုင်းရင်းသား တစ်ယောက် ပါဝင်ခွင့် ရသင့်ပါတယ်။

ဦးမင်းအောင် (ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ)

ပြည်နယ်အစိုးရအဖွဲ့ကတော့ ပြည်ထောင်စု အစိုးရအဖွဲ့က စီစဉ်ပေးတဲ့အတိုင်း ဒီလိုဒီလို လုပ်ပါဆိုတဲ့ ဟာတွေကို ဆောင်ရွက်ပေးရတာ ဖြစ်တယ်။ ကိုဖီအာနန် ခရီးစဉ်က စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ မြောက်ဦး မြို့နယ်တွေကို လိုက်ပါဆောင်ရွက်ပေးရမှာ ဖြစ်တယ်။










ကျော်စိုးဦး