News

POST TYPE

INTERVIEW

ဒေါက်တာဥမ္မာဆွေတင်နှင့် တွေ့ဆုံခြင်း
11-Mar-2020
“ကာကွယ်ပစ္စည်းကို ဘယ်လိုဝတ်လဲ၊ သေချာဘယ်လိုစနစ်တကျ ချွတ်မလဲဆိုတဲ့ဟာတွေကို အစ်မတို့က သင်တန်းတွေပေးထားပြီးသားဖြစ်ပါတယ်”



တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသည့်  COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက စတင်စစ်ဆေးလျက်ရှိရာ မကြာမီတွင် မန္တလေးမြို့၌ စစ်ဆေးနိုင်တော့မည်ကို သက်ဆိုင်ရာဌာနဖြစ်သည့် NHL က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်ကို မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : မန္တလေးကရော ဘယ်တော့လောက် စစ်နိုင်မလဲ။
Dr.OMST : အစ်မတို့ ရှေ့တစ်ပတ်မှာ Training (သင်တန်း) ပေးမယ်။ ပြီးတဲ့အခါ စက်ပစ္စည်းချမယ်။ ဆိုတဲ့အခါကျတော့ ရှေ့လ (ဧပြီ) လောက်တော့ မှန်းထားတာပေါ့နော်။

Voice : COVID-19 က ဓာတ်ခွဲစစ်ဆေးတဲ့ ဝန်ထမ်းကို ကူးခဲ့ရင် အခြားဝန်ထမ်းတွေ ဓာတ်ခွဲစစ် ဆေးနိုင်အောင် သင်တန်းတွေ ထပ်ပေးထားတယ်ဆိုတော့ ကူးနိုင်ခြေရှိပါသလား။
Dr.OMST : ကူးနိုင်ခြေဆိုတာက သတင်းတွေထဲမှာလည်း တွေ့မှာပါ။ တရုတ်မှာဆိုရင် ဆရာဝန်တွေ တော်တော်များများကူးတယ်၊ သူနာပြုတွေ ကူးတယ်ဆိုတော့ ဒါက မပြေးသော် ကန်ရာရှိဆိုတဲ့အခါကျတော့ အစ်မတို့ဘက်က တတ်နိုင်သလောက်တော့ အကုန်လုံးပြင်ဆင်ရမယ်။ ဒါပေမဲ့ လိုအပ်သလို လုံးဝမကူးနိုင် အောင်လို့တော့ PPE (Personal Protective Equipment) ဝတ်တာကအစ ကာကွယ်ပစ္စည်းကို ဘယ်လိုဝတ်လဲ၊ သေချာ ဘယ်လိုစနစ်တကျချွတ်မလဲ ဆိုတဲ့ဟာတွေကို အစ်မတို့က သင်တန်းတွေပေးထားပြီးသားဖြစ်ပါတယ်။

Voice : အရင်အတွေ့အကြုံတွေအရ အရင်ကရော ကူးဖူးတာရှိပါသလား။ H1N1 တုန်းကလည်း စစ်ခဲ့ဖူးတော့လေ။
Dr.OMST :  Influenza မှာ တစ်ခါမှ မကူးဖူးပါဘူး။ Influenza မှာ ကူးခဲ့တယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။

Voice : မန္တလေးမှာ စစ်နိုင်မယ်ဆိုရင် မန္တလေးမှာရော ဘယ်လောက်လောက် စစ်နိုင်မလဲ။ မန္တလေးအပြင် တခြားရော ထပ်ချဲ့ဖို့ရှိဦးမလား။
Dr.OMST : အခုလောလောဆယ်ကတော့ မန္တလေးကို အရင်ချဲ့ကြည့်ရမှာပေါ့နော်။ ဒါပေမဲ့ Sample ဘယ်လောက်လာမလဲပေါ် မူတည်ပြီးတဲ့အခါကျတော့ ဒါကတော့ လာမယ့် Sample အမျိုးအစားပေါ်မူတည် ပြီးတော့ အစ်မတို့က ချဲ့သွားမှာပါ။ Sample ပမာဏကတော့ မှန်းလို့မရသေးဘူး။

Voice : ရန်ကုန်မှာ စက်တစ်လုံးကို ဓာတ်ခွဲစမ်းတာ ၈၀ လောက်စမ်းနိုင်တာ စက် ၁၈ လုံးလောက်ရှိတယ်။ မန္တလေးဆိုရင်ရော ဘယ်လောက်လောက်ဓာတ်ခွဲစမ်းနိုင်မလဲ။
Dr.OMST : မန္တလေးကိုတော့ အစ်မတို့က Training ခေါ်ပေးပြီး စက် ၁ လုံးကို အရင်ပို့ထားမှာပေါ့။ ဘာလို့ဆိုတော့ နီးစပ်ရာ စစ်လို့ရတာပေါ့။ ရန်ကုန်ကို ပို့တာထက်စာရင် မန္တလေးမြို့ပေါ်ကလူဆိုရင် မန္တလေးမှာတင်စစ်လိုက်ရင် သူ့အတွက် မြန်တာပေါ့။ ရန်ကုန်ပို့ရင် တစ်ရက်ပုပ်သွားဦးမှာလေ။

Voice : (ဓာတ်ခွဲပစ္စည်း) အကြမ်းဖျင်း အစ်မတို့ဆီမှာ ဘယ်လောက်လောက်ထိရှိလဲ။ ရုတ်တရတ် တစ်ပြုံလုံးဖြစ်မယ်ဆိုရင် လူတစ်ထောင်စာလောက် စစ်စရာရှိတာလား။ ဘယ်လောက်လောက်ရှိပါသလဲ။
Dr.OMST : ရှိတယ်။ ရှိတယ်ဆိုတာက ဂျပန်တစ်ခုတည်းတောင် အစ်မတို့ကိုလှူထားတာ ၁၁၀၀ စာ။ စင်ကာပူလှူတာတွေရော ထိုင်းကလှူတာတွေရော။ နောက်တစ်ခါ ရှေ့တစ်ပတ်မှာ ထိုင်းက ထပ်လှူဖို့ ရှိသေးတယ်။ အစ်မတို့ဘက်က အများကြီးဖြစ်လာတယ်ဆိုရင် အစုလိုက်အပြုံလိုက် စစ်နိုင်အောင် အစ်မတို့ အကုန်လုံးဖြည့်ထားပြီးသား ဖြစ်ပါတယ်။ Stock ကလေ။ ဆိုတဲ့အခါကျတော့ အစ်မတို့ လူ (ဝန်ထမ်း) ရော စက်ရော အကုန်ပြင်ဆင်ထားပါတယ်။

Voice : တခြားဖြည့်စွက်ပြောချင်တာ ရှိပါသလား။
Dr.OMST : မရှိတော့ပါဘူးရှင့်။

Voice : ကျေးဇူးတင်ပါတယ်။

အေးသန္တာထွန်း