News

POST TYPE

INTERVIEW

ကျပ်သိန်းတစ်သောင်းခွဲဆုရှင်နှင့် တွေ့ဆုံခြင်း
02-Mar-2020
"ထီတွန်းလှည်းသမားတွေဆီမှာလည်း ထီထိုးကြပါလို့ ပြောချင်ပါတယ်"

ဓာတ်ပုံ-ရဲဝင်းနိုင်

၁၃ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဠ ၂၇၇၄၆၅ ထီလက်မှတ်ဖြင့် ငွေကျပ်သိန်းတစ်သောင်းခွဲထီဆု ကံထူးသူ မိသားစုဝင်တစ်ဦးဖြစ်သူ မဝင်းဝင်းခိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်းများမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice   : သိန်းတစ်သောင်းခွဲ ကံထူးတယ်ဆိုတော့ ဒီဆုကံထူးတာနဲ့ ပတ်သက်ပြီး ဘယ်လိုကံထူးခဲ့တာလဲဆိုတာ ပြောပြပါဦး။
MWWK : အသေးစိတ်ကတော့ အိမ်သားမှ သိမှာ။အမျိုးသားကထီကို တွန်းလှည်းနဲ့ရောင်းတယ်။ အဲလိုရောင်းတဲ့အခါ ထီတွန်းလှည်းမှာ ဖွင့်တဲ့စက်ကပျက်သွားတော့ လက်ကျန်ထီကို မရောင်းဖြစ်တော့ဘူး။ ထီလက်မှတ် ၆၀ ကျန်တဲ့အထဲက ၁၀ စောင်တွဲတစ်စောင်ကို ကိုယ်တိုင် ပြန်ထိုးလိုက်တယ်။ ၁၀ စောင်ထဲကနေ ၅ စောင်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ရောင်းလိုက်တယ်။ ကျန်တဲ့ ၅ စောင်ကို ကံစမ်းလိုက်တယ်။ အဲဒီ ၅ စောင်ထဲကနေ တစ်စောင်က သိန်းတစ်သောင်းခွဲဆု ကံထူးတာပါ။

Voice   : အခုလို ကံထူးတဲ့အပေါ်မှာ ပီတိစကားကဘာဖြစ်မလဲ။
MWWK : ပျော်တာပေါ့။ ဘာလို့ဆို တစ်ခါမှလည်း ဒီလိုမျှော်လင့်ချက်က မထားမှမထားဖူးတာ။ကိုယ့်ဘဝ ဒီလို ပြောင်းလဲသွားမယ်လို့လည်း မျှော်မှန်းမထားဘူးလေ။ ဒီလိုပဲ အလုပ်ထဲမှာလိပ်ပတ်လည်ရုံပဲ ရှိတာလေ။ ကိုယ့်ကံက မမြင်နိုင်တဲ့အတွက် ထီကိုတော့ တစ်ပတ်တစ်စောင်လောက်တော့ ထိုးဖြစ်ပါတယ်။ အပတ်တိုင်းတော့ ထိုးဖြစ်ပါတယ်။အခုပတ်ကတော့ ၁၀ စောင်တွဲထဲကနေပေါက်တာ။

Voice   : သိန်းတစ်သောင်းခွဲ ကံထူးပြီဆိုတော့ ဘာတွေလုပ်မယ်လို့စိတ်ကူးထားလဲ။
MWWK : ကိုယ်တွေက မပြေလည်တဲ့အခါကျတော့ ၆ လပြည့်တယ်ဆို အိမ်ငှားက ရွှေ့နေရတာ။ခုအိမ်ကလည်း ပြည့်တော့မှာဆိုတော့ အိမ်နဲ့ ခြံနဲ့ ဝယ်ရမယ်။ ရွာပြန်ပြီး မီးခိုးတိတ် ပြန်လှူမယ်။

Voice   : ဇာတိက ဘယ်ကလဲ။
MWWK : မကွေးတိုင်းဒေသကြီး သရက်ခရိုင် သစ်မယ်ဇီကျေးရွာဇာတိပါ။ ဒီမန္တလေးကို ရောက်လာတာက ၂၀၁၆ ခုနှစ်လောက်ကဆိုတော့ လေးနှစ်လောက်ရှိပြီ။

Voice   : ဒီ ထီမရောင်းခင်ကရော ဘာလုပ်ကိုင်တာရှိလဲ။
MWWK : ထီမရောင်းခင်က သွားတုလုပ်ငန်း လုပ်ခဲ့တာ။

Voice   : ထီရောင်းတဲ့သက်တမ်းအတွင်းမှာရော ထီဆုကြီးကြီးမားမား ပေါက်ခဲ့တာရှိလား။
MWWK : ထီဆုကြီးအနေနဲ့ ပေါက်ဖူးတာတော့ မရှိဘူး။ ၅ သောင်း၊ တစ်သိန်းဆုတွေလောက်သာ ပေါက်ဖူးတာပါ။ဒီတစ်ခါတော့ ဆုကြီးပေါက်တာ ဖြစ်ပါတယ်။

Voice   : ထီတစ်သောင်းခွဲဆုပေါက်တဲ့အတွက် ကိုယ့်ရဲ့ အတိတ်ကံကိုရော ဘာပြောစရာရှိလဲ။
MWWK : အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်လာတာကိုး။ အဲဒါကြောင့် ပြောတောင်မပြောတတ်အောင် ဝမ်းသာရပါတယ်။

Voice   : သိန်းတစ်သောင်း ပိုင်ဆိုင်တော့မယ်ဆိုတော့ ရှေ့ဆက်ဘာတွေစိတ်ကူးလဲ။
MWWK : ထီ ဆက်ရောင်းမယ်လေ။ ဗုဒ္ဓဘာသာဆိုတော့ လှူမယ်တန်းမယ်လေ။ ကိုယ့်ဇာတိရွာတို့ အခုနေတဲ့ မန္တလေးဒိုင်တောထဲတို့ အလှူလုပ်မယ်လေ။

Voice   : ထီလှည်းသမားတွေအပေါ် ပိုပြီး ထီထိုးသူတွေများပြားလာအောင် ဘာပြောစရာရှိလဲ။
MWWK : ထီတွန်းလှည်းသမားတွေကလည်း အားပေးနေတဲ့ ထီထိုးသူတွေကို ပေါက်စေချင်တာပေါ့။ ထီတွန်းလှည်းသမားတွေဆီမှာလည်း ထီထိုးကြပါလို့ ပြောချင်ပါတယ်။ ဆိုင်ကြီးတွေမှာ ထီထိုးရင်လည်း ပေါက်ချင်မှပေါက်တာ။ တွန်းလှည်းသမားဆီမှာ ထီရင်လည်း ပေါက်နိုင်တာပဲလေ။ ဒါ ကံနဲ့လည်း ဆိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် တွန်းလှည်းသမားပဲဖြစ်ဖြစ်၊ စက်ဘီးနဲ့ ထီရောင်းနေတဲ့သူပဲဖြစ်ဖြစ် ကံပါရင်တော့ပေါက်ကြမှာပဲလေ။ ကိုယ့်ရဲ့ နောက်အကြောင်း တရားရယ်။ လှူခဲ့တန်းခဲ့တဲ့ အကျိုးတရားက ပြန်ရတာပဲလေ။ဆိုင်ကြီး တက်ထိုးလည်း ပေါက်ချင်မှပေါက်တာလေ။ အဲဒါကိုက ကံအကျိုးတရားမှ မပါတာ။ အဲဒါကြောင့် တွန်းလှည်းသမားလေးတွေလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။

ရဲဝင်းနိုင်