News

POST TYPE

INTERVIEW

မစုစုဌေးနှင့် တွေ့ဆုံခြင်း
17-Feb-2020
"ဒါဟာ မြန်မာနိုင်ငံရဲ့သမိုင်းတစ်ခုလို့ မြင်ပါတယ်"

ဓာတ်ပုံ-ရဲဝင်းနိုင်

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကျောင်းတက်နေသော မြန်မာကျောင်းသား ၅၉ ဦးကို မြန်မာအစိုးရက အထူးလေယာဉ်ဖြင့် ပြန်ခေါ်လာပြီးနောက် မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်တာ စောင့်ကြည့်စစ်ဆေးမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်သောကြောင့် ၎င်းကျောင်းသားများသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာခွင့်ရကြပြီဖြစ်သည်။ယင်းကျောင်းသားများအနက်မှ မစုစုဌေးနှင့် The Voice Daily တို့တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဝူဟန်မှာ ကျောင်းတက်ဖြစ်တာက။
SSH   : လက်ရှိတာဝန်ထမ်းဆောင်နေတာက နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှာ ဖြစ်ပါတယ်။ အခုကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ Huazhong University of Science and Technology မှာ Administrative Management  ဘာသာရပ်နဲ့ပါရဂူဘွဲ့အတွက် ကျောင်းတက်နေတာပါ။  

Voice : ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ်စဖြစ်ပြီလို့ ညီမအနေနဲ့ ဘယ်လိုသိခဲ့တာလဲ။
SSH   : ဖြစ်နေတာတော့ ကြားတယ်ပေါ့။ မီဒီယာတွေကြောင့်ပါပဲသိတာ။ ပင်လယ်စာတွေကနေ စဖြစ်တယ်လို့တော့ကြားတယ်။ အဲဒီအချိန်ကတည်းကနေ ပင်လယ်စာမစားဖြစ်တော့ဘူး။ပိုပြီး သတိထားမိတာက ကျောင်းပိတ်ရက်လည်းဖြစ်တယ်။အဲဒီအချိန် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဘလော့လုပ်လိုက်တယ်။ ဘလော့လုပ်ပြီးနောက်ပိုင်း စိုးရိမ်မှုတော့ဖြစ်တယ်။ ကျောင်းပိတ်ရက်ဆိုတော့ ပုံမှန်လည်း  ခြောက်ကပ်နေတာဆိုတဲ့အခါ အကြောက်ကြီးတော့မဟုတ်ဘူး။နည်းနည်းတော့စိုးရိမ်မှုရှိတယ်။အရမ်းကြီးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက သတင်းအချက်အလက်ပေးတယ်။နောက်ပြီး ကျောင်းမှာလိုအပ်တဲ့ အစားအသောက် တွေလည်းပေးပါတယ်။

Voice : ဘာပဲဖြစ်ဖြစ် ဝူဟန်မှာလည်း ဒီရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်နေပြီ၊ အဲဒီအချိန်မှာ မြန်မာအစိုးရက ပြန်ခေါ်မယ်လို့ကြားတဲ့အခါ ကျောင်းသားတွေရဲ့မျှော်လင့်ချက် စိတ်ခံစားမှုကရော ဘယ်လိုလဲ။
SSH   : ညီမကတော့ သတင်းကိုအမြဲကြည့်တယ်။ စောင့်ကြည့်တယ်။ ခေါ်မယ်လို့လည်းယုံကြည်တယ်။ ဘယ်လိုခေါ်မယ်လို့တော့မသိဘူး။ ပထမတစ်ခေါက်က လေယာဉ်ကွင်းပိတ်လိုက်တယ်ဆိုတော့ နောက်တစ်နည်းပေါ့။ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စာထွက်လာတယ်။ချန်ရှမြို့မှာ လေယာဉ်ကွင်းရှိတယ်။ဝူဟန်ကနေ ချန်ရှမြို့ကို ၅ နာရီလောက်သွားရမယ်။ ပြီးရင်  လေယာဉ်နဲ့ မြန်မာပြည်ပြန်ပို့မယ်ပေါ့။ အဲဒီမှာ ဘာပြဿနာဖြစ်လဲဆိုတော့ အဆင်မပြေဘူး။အဲဒီမြို့သွားလို့ရှိရင် နှစ်မြို့လောက်ဖြတ်ရမှာဖြစ်တဲ့အတွက် ကူးစက်နိုင်တဲ့အခြေအနေရှိလို့ မဖြစ်နိုင်ဘူး။ လေယာဉ် နဲ့တိုက်ရိုက်မှအဆင်ပြေမယ်။ ချန်ရှမြို့ရောက်သွားရင်လည်း ၁၄ ရက်လောက် စောင့်ကြည့်ခံရဦးမှာ ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးဆိုတာသိတယ်။ ကျွန်မ တို့ဘက်ကလည်း သံရုံးဘက်ကို ရတဲ့သတင်းအချက်အလက်တွေ ပို့ရတာတွေရှိတယ်။ ရုံးရဲ့ပရိုဆီဂျာအရ  ညှိရတာတွေတော့ရှိတာပေါ့။ ကျောင်းထဲမှာဆိုတော့ ကူးစက်နိုင်မှုနည်းပါတယ်။ တရုတ်အစိုးရက နိုင်ငံခြားသားကျောင်းသားတွေအပေါ်မှာ Care လုပ်တာ အားရကျေနပ်စရာကောင်းပါတယ်။ မြန်မာသံရုံးနဲ့မြန်မာအစိုးရကိုလည်း  ကျေးဇူးတင်ပါတယ်။

Voice : ကိုယ့်မြေပေါ်ကို ပြန်ရောက်လာပြီဆိုတော့ စိတ်ခံစားမှုကဘယ်လိုရှိလဲ။
SSH   : အဆင့်ဆင့်ဖြတ်ရတယ်။ နောက်နှစ်ရက်နေရင် လာခေါ်မယ်ဆိုတာသိတယ်။သယ်ရမှာတော့ အဆင်သင့်လုပ်ထားရတာပေါ့။ လာခေါ်တယ်။ ဒီမှာ ကျောင်း ၉ ကျောင်းရှိတယ်။တရုတ်ဘက်ကနေ အကူအညီပေးပြီး သံရုံးဘက်ကနေ ကားနှစ်စီးနဲ့ ၃ နာရီလောက်ပတ်ကြိုရတယ်။ လေဆိပ်ရောက်သွားတယ်။ ရောက်တဲ့အခါ ကျန်းမာရေးစစ်ဆေးဖို့အတွက်  ဖောင်တွေဘာတွေဖြည့်ရတယ်။ ဖြည့်ပြီးတဲ့အခါ ဆေးစစ်တယ်။ ကျွန်မရဲ့ကိုယ်အပူချိန်က ၃၆ ဒသမ၂ လောက်ရှိတယ်ဆိုတော့ အိုကေတယ်ပေါ့။ နည်းနည်းတော့စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ အေးတဲ့အခါကျ အနွေးထည်ဝတ်ထားတဲ့အခါကျ ပုံမှန်အပူချိန်က  အပြောင်းအလဲရှိတယ်။ ထပ်စစ်တယ်။ ၅၉ ယောက် Pass ဖြစ်တယ်။ သုံးယောက်ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့သူက သံရုံးကဒုတိယအတွင်းဝန် ဖြစ်နေတဲ့အခါကျတော့  ကျွန်မကညှိပေးတယ်။ ညှိတာ တစ်နာရီခွဲလောက်ကြာတယ်။ ကျောင်းသားတွေအားလုံးကလည်း ကျန်ခဲ့တဲ့သုံးယောက်ကို ချန်မထားခဲ့ချင်ဘူး။

Voice : အဲဒီမှာ ကိုယ်အပူချိန်က ဘယ်လောက်သတ်မှတ်ထားလဲ။
SSH   : တရုတ်က ဘယ်လိုလဲဆိုတော့ ပုံမှန်ကိုယ်အပူချိန် ၃၇ ဒသမ ၅ အထိရတယ်။ဒါပေမဲ့ သူတို့က ဘယ်လိုစည်းမျဉ်းထားလဲမသိဘူး။ WHO ရဲ့ စည်းမျဉ်းတွေက ဘယ်လိုရှိလဲ အသေးစိတ်တော့မသိဘူး။ ၃၇ ကျော်ရင် လက်မခံဘူး။ညှိပေမယ့် အဆင်မပြေတဲ့အတွက် ထားခဲ့ရတယ်။

Voice : မန္တလေးကန်တော်နဒီဆေးရုံရောက်တဲ့ အခါမှာရော သက်ပြင်းချနိုင်ပြီလား။ 
SSH   : ဝေဘာဂီမှာလည်း ပြင်ဆင်ထားတယ်။ဒါပေမဲ့ ကျောင်းသားတွေအတွက် မန္တလေးမှာ ပြင်ဆင်ထားတယ်ဆိုတော့ ဝမ်းသာတာပေါ့။ ဒီရောက်တဲ့အခါ ကြားရတဲ့အတိုင်း သေချာပြင်ဆင်ထားတော့ ဝမ်းသာတာပေါ့။ သေသေချာချာဂရုစိုက်တော့ ပျော် မိတာပေါ့။ အများစုကလည်း အိမ်လိုတောင်ဖြစ်နေပြီ။ဆေးရုံလို့တောင် မခံစားမိဘူး။ ကျွန်မကတော့ US တို့ ဂျပန်တို့နဲ့မနှိုင်းယှဉ်ချင်ဘူး။ သူတို့က အင်အားကြီးနိုင်ငံတွေလေ။ မြန်မာနိုင်ငံအနေအထားနဲ့ ဒီလောက်အထိလုပ်ပေးနိုင်တာ ဥပမာ စင်ကာပူဆို စောတယ်။ အိန္ဒိယ၊ ဘင်္ဂလားတို့ ထွက်သွားတယ်ပေါ့။ဒါပေမဲ့ ကန်တော်နဒီမှာထားတဲ့အခြေအနေက ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ဆို အတော်ကောင်းပါတယ်။ ထိုင်းဆို ဖေဖော်ဝါရီ ၄ ရက်နေ့မှထွက်ရတာ။ သူတို့ဆို ပရိုဆီဂျာမကျတာတွေရှိတယ်။ 

Voice : ကန်တော်နဒီရောက်တဲ့အခါ နေ့စဉ် ကျန်းမာရေးကအစ ဖြတ်သန်းမှုကရော ဘယ်လိုရှိလဲ။
SSH   : ဒီမှာ မနက်တစ်ကြိမ် ညတစ်ကြိမ် ကိုယ်အပူချိန်တိုင်းတယ်။ အစားအသောက်ပေးတယ်။ အစားအသောက်မှန်တော့ အိပ်ချိန်မှန်တယ်။ စိတ်ကလည်း ကြောင့်ကြမှုမရှိဘူး။ကျောင်းသားတွေ လိုတာကိုလည်း ဆေးရုံဘက်ကဖြည့်ဆည်းပေးတယ်။ အချင်း ချင်းလည်း ကျန်းမာရေးဂရုစိုက်ဖို့ အားပေးကြရတာတွေရှိတယ်။

Voice : အခုလိုအချိန်ပေးပြီး ဖြေပေးတာကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
SSH   : မြန်မာအစိုးရနဲ့တရုတ်အစိုးရ၊ အဲဒီမှာ အဆင့်ဆင့်ရှိတဲ့ဌာနတွေအကုန်လုံး၊ နောက်ကွယ်က တာဝန်ရှိသူတွေ၊ သတင်းမီဒီယာတွေ စတဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ဒါဟာ မြန်မာနိုင်ငံရဲ့သမိုင်း တစ်ခုလို့မြင်ပါတယ်။ အရမ်းကျေနပ်ပါတယ်။ အရမ်း ကောင်းတယ်လို့မြင်ပါတယ်။ လိုအပ်တာအနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။ဒါပေမဲ့ ဒါတွေက လက်ခံလို့ရတဲ့အနေအထားပါ။ သူများနိုင်ငံရဲ့အနေအထားနဲ့ယှဉ်ရင် အများကြီးသာပါတယ်။

ရဲဝင်းနိုင်