News

POST TYPE

INTERVIEW

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာညိုကောင်းနှင့် တွေ့ဆုံခြင်း
12-Feb-2020
"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရှူသွင်းတဲ့လေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်နေတဲ့ပတ်ဝန်းကျင်ကလည်း အပူချိန်မျှတနေသင့်တာတော့ လူတိုင်းသိသင့်တယ်"



ရန်ကုန်မြို့မှာ အသက်ရှုမဝတာ၊ အသက်ရှူရခက်တာ ကြုံရဖူးမှာပါ။ လေကောင်းလေသန့်ရဖို့ နယ်ကိုခရီးထွက်ကြတာလည်း အခွင့်သင့်တိုင်းပါပဲ။ ရန်ကုန်က လေထုညစ်ညမ်းလာတာနဲ့ ပတ်သက်လို့ လေထုသဘော သဘာဝတွေအပြင် လူတွေခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့အတူ အကြံပြုချက်တွေကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာညိုကောင်းကို The Voice က မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

The Voice : လေထုညစ်ညမ်းစေတဲ့အကြောင်းအရင်းတွေကို သိပါရစေ။
NK           : တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လေထုညစ်ညမ်းစေတာက ဇီဝလောင်စာကြောင့်ပဲ။ မီးဖိုချောင်ကထွက်တဲ့မီးခိုးပေါ့။ ထမင်း၊ ဟင်းချက်တဲ့အခါ ထင်း၊ မီးသွေးကို မီးရှို့တာ။ မြန်မာတစ်နိုင်ငံလုံးမှာ လေထုညစ်ညမ်းရတဲ့အဓိကအကြောင်းအရင်းပဲ။ လေထုညစ်ညမ်းတာရဲ့ အဓိကရင်းမြစ်က ရန်ကုန်မှာတော့ကားပါ။ ကားရဲ့အင်ဂျင်ကထွက်လာတဲ့ ဓာတ်ငွေ့ကြောင့် လေထုညစ်ညမ်းတယ်။ ကားအိတ်ဇောပိုက်က ထွက်တဲ့အငွေ့များရုံမကဘူး၊ ပြုပြင်ထိန်းသိမ်းမှု မရှိဘူး။ မီးခိုးအရမ်းထွက်တဲ့ကား၊ ဒီဇယ်သုံးတဲ့ကားတွေက ထွက်တဲ့ဓာတ်ငွေ့တွေလည်းပါတယ်။ နံပါတ် ၂ ကတော့ အဆောက်အအုံတွေဆောက်တဲ့ စီမံကိန်းတွေကထွက်တဲ့ အမှုန့်တွေရှိတယ်။ အဆောက်အအုံအသစ်တွေ ဆောက်တဲ့အခါမှာ စက်ယန္တရားတွေလည်ပတ်တယ်။ နောက်ပြီး အမှိုက်မီးရှို့တာ။ လေထဲမှာ လေထုညစ်ညမ်းတဲ့ဓာတ်ငွေ့တွေတိုးလာလို့ အမှိုက်မီးရှို့တဲ့နည်းကို မသုံးသင့်တော့ဘူး။ 

The Voice : ရန်ကုန်လေထုမသန့်တော့တာအတွက် လူတွေဘယ်လိုသတိထားရမလဲ၊ ဘာတွေလုပ်သင့်ပါသလဲ။
NK           : လေထုညစ်ညမ်းတယ်ဆိုတာ လေထဲကကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်စတဲ့ ဓာတ်ငွေ့တွေက လေထုရဲ့အောက် ဆုံးအလွှာမှာရှိနေတယ်။နေပူရင် အပူတွေကို စုပ်ယူထားတယ်။ ညကျရင်နေရောင်ခြည်ကပေးခဲ့တဲ့ အပူတွေက အာကာသထဲထွက်သွားရမှာကို သူတို့ကပိတ်ပစ်လိုက်တာကြောင့် ညထိလည်း ပူတဲ့ဒဏ်ကို ခံစားနေရတာ။ မှန်လုံအိမ်အာနိသင်လိုဖြစ်နေတာ။နယ်မှာဆို ည ၉ နာရီပတ်ဝန်းကျင်လောက်ဆိုအေးနေပြီ။ ရန်ကုန်မှာ ည ၁၁ နာရီလောက်ထိပူတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ပေမယ့် မြို့ထဲမှာ အပူချိန်အရမ်းများတယ်။ဒါက ကြာရင် ကျန်းမာရေးထိခိုက်စေတယ်။ နောက်တစ်ချက်က Aircon တွေကြောင့်ပဲ။ Aircon တွေကြောင့်လည်း ပူတယ်။ ရန်ကုန်မှာ Aircon သန်းနဲ့ချီရှိတယ်။သူတို့က စွန့်လိုက်တဲ့ အပူက ပတ်ဝန်းကျင်အပူက အရမ်းပြောင်းသွားတယ်။ နာဆာကနေ ရာသီဥတုကိုစောင့်ကြည့်တဲ့အဖွဲ့ရှိတယ်။ ရန်ကုန်မြို့မြေပုံက မီးသွေးခဲတုံးလိုပဲ ရဲနေတာပဲ။

The Voice : ရန်ကုန်လေထုဟာ စိုးရိမ်စရာဖြစ်နေပြီလို့သိရတယ်။လေထုကြောင့် လူတွေမှာ ဘယ်လိုရောဂါတွေ ခံစားရနိုင်မလဲ။ ရေတို၊ ရေရှည် ကျန်းမာရေးပြဿနာတွေကို သိချင်ပါတယ်။
NK           : ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေပဲ။လတ်တလောခံစားရမှာတွေက မျက်ရည်ပူထွက်တာ၊ အာခေါင်ရောင်တာ၊ လေပြွန်ရောင်တာတွေဖြစ်တယ်။ ရေရှည်ဆို အဆုတ်ရောဂါ၊ ကင်ဆာရောဂါ တွေထိဖြစ်နိုင်တယ်။ နောက်တစ်ခုက အရည်အသွေး မပြည့်ဝတဲ့လေကို ရှူသွင်းတာနှစ်ပေါင်းကြာလာတဲ့အခါ အခြားကျန်းမာရေးပြဿနာတွေ ပိုဆိုးလာစေတယ်။ မကူးစက်တတ်တဲ့ နာတာရှည်ရောဂါတွေ ပိုဆိုးစေတယ်။ ဥပမာပြောရရင် လေထုညစ်ညမ်းလို့ သွေးတိုးတာမဟုတ်ဘူး။ သွေးတိုးရောဂါကို ပိုဆိုးစေတယ်။ ဘာဖြစ်တုံးဆိုတော့ လူ့သက်တမ်းတိုလာတယ်။ မြန်မာနိုင်ငံမှာ မျှော်မှန်းသက်တမ်းအနေနဲ့ ယောကျာ်းလေးတွေက အသက် ၆၂ ဒသမ ၅ ရှိတယ်၊  အမျိုးသမီးက ၆၅ ဒသမ ၅ နှစ် ရှိတယ်။ ရန်ကုန်မှာက ၆၀ စွန်းစွန်းပဲရှိတယ်။ 

The Voice : ကျန်းမာရေးထိခိုက်စေတဲ့အထိဖြစ်နေတဲ့ လေထုပြဿနာကို ဘယ်လိုဖြေရှင်းသင့်ပါသလဲ။
NK           : လေထုညစ်ညမ်းတာလျှော့ချင်ရင် လျှော့သုံးပါ။ မော်တော်ယာဉ်အသုံးပြုတာလျှော့ပါ။ မော်တော်ယာဉ် အသုံးမပြုရနေ့ရှိတယ်။ နိုင်ငံတကာမှာ လူနာတင်ယာဉ်နဲ့ ရဲကားလောက်ပဲသုံးတယ်။ ဝန်ကြီးကအစ အဲ့နေ့ဆို မော်တော်ယာဉ် မသုံးဘူး။ မော်တော်ယာဉ်အသုံးပြုမှုလျော့အောင် ဝန်ကြီးကစက်ဘီးစီးပြတယ်။ ဒါမျိုး လိုက်လုပ်သင့်ပါတယ်။ နောက်တစ်ခုက လူတွေရဲ့မိတ်ဆွေပါ။ အဲဒါက သစ်ပင်တွေပါ။ လူတွေရှူရမယ့် အရမ်းအန္တရာယ်များတဲ့ မကောင်းတဲ့ဓာတ်ငွေ့တွေကို သစ်ပင်က စုပ်ယူ ပေးတာကြောင့် အဆုတ်ထဲကို မကောင်းတဲ့ဓာတ်ငွေ့ဝင်သွားတာကို လျှော့ချပေးတယ်။ စက်ရုံတွေနဲ့ လူနေအိမ်တွေကြားမှာ သစ်ပင်တွေများများစိုက်ဖို့လိုတယ်။

The Voice : အခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဆရာ။
NK           :  လေထုညစ်ညမ်းတဲ့ပတ်ဝန်းကျင်ရယ်၊ အပူချိန်ပုံမှန်ထက် သိသာစွာမြင့်တက်နေတဲ့ပြဿနာရယ်ကြောင့် ဒီလိုရောဂါပြဿနာဖြစ်လာတယ်။ ပြည်သူတွေက သိပ်ပြီးသတိမထားမိဘူးဆိုတာက ဝူဟန်လို လတ်တလော မြန်မြန်ဆန်ဆန်ကြီး ဖြစ်နေတဲ့အဖြစ်မျိုး မဟုတ်ဘူးလေ။နှစ်ကြာမှ သိလာတာဆိုတော့ သတိမထားမိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရှူသွင်းတဲ့လေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်နေတဲ့ပတ်ဝန်းကျင်ကလည်း အပူချိန်မျှတနေသင့်တာတော့ လူတိုင်းသိသင့်တယ်။

အေးသန္တာထွန်း