News

POST TYPE

INTERVIEW

ဒေါက်တာညိုကောင်းနှင့် တွေ့ဆုံခြင်း
29-Jan-2020
"အရက်ကကူးစက်တာ ကာကွယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး"



မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားရာမှ အခြားနိုင်ငံများသို့ပါ ကူးစက်ပြန့်ပွားနေပြီး လူသေဆုံးမှု ၁၀ဝ ကျော်လာသည့် 2019 Novel Coronavirus (2019 nCoV) အဆုတ်ရောင်ရောဂါနှင့်ဆက်စပ်၍ သတိပြုလိုက်နာရမည့် ကျန်းမာရေးအကြောင်းအရာများကို ဒေါက်တာညိုကောင်းကို The Voice က ဆက်သွယ်မေးမြန်းထားသည်ကို အများပြည်သူသိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။ 

Voice  : 2019 Novel Coronavirus (2019 nCoV) ကို အများပြည်သူနားလည်လွယ်အောင် ရှင်းပြပေးပါဆရာ။ 
Dr.NK : 2019 nCoV က အရင်တုန်းကဖြစ်ဖူးတဲ့ H1N1 ၊ Severe acute respiratory syndrome (SARS) ၊ Middle East respiratory syndrome (MERS) တို့လိုပဲ Mobile Virus ဖြစ်ပြီး Coronavirus အုပ်စုထဲမှာပါတယ်။SARS က တရုတ်မှာဖြစ်ခဲ့တယ်။ ကမ္ဘာလှည့်ခရီးသွားအဝင်နည်းမှာစိုးလို့ ဖိရှင်းရင်းမနိုင်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သိသွားတာဖြစ်တာကြောင့် ကိုင်တွယ်ရခက်ခဲ့တယ်။ ဗိုင်းရပ်စ်လေးမျိုးလုံးက Corona RNA Virus ဖြစ်တယ်။ အသည်းရောင်အသားဝါ B ဆိုရင် DNA Virus ဖြစ်လို့ ကူးစက်ပြီးရင် တစ်သက်လုံးမပျောက်ဘူး။ RNA Virus ကတော့ ကူးစက်ပြီးပေမယ့် အချိန်တန်ရင်အလိုလိုပျောက်သွားတယ်။ဒါပေမဲ့ ရောဂါလက္ခဏာတွေ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်စေတတ်တယ်။ Coronavirus က နို့တိုက်သတ္တဝါတွေနဲ့ ငှက်တွေမှာ အဓိကကူးစက်တတ်တယ်။ အခုဖြစ်တဲ့ ဝူဟန်က ဗိုင်းရပ်စ်က H1N1 တုန်းကလိုပဲ အခုမှလူကိုကူးစက်လာတဲ့ ဗိုင်းရပ်စ်တစ်မျိုး။တရုတ်မှာ ၄၆၀ဝ ကျော်မှာ ရောဂါကူးစက်နေပြီး လတ်တလောထိ ၁၀ဝ ကျော်သေတယ်။ဥရောပမှာ သံသယလူနာတွေ့တယ်။ USA မှာတွေ့တယ်။ ဒီလောက်ဝေးတဲ့နေရာမှာတောင် တွေ့တာ ကိုယ်တွေဆီရောက်မယ်ဆို ရောက်နေနိုင်ပါတယ်။ 

Voice  : ဗိုင်းရပ်စ်က ဘယ်လိုကူးလာနိုင်မလဲ။ 
Dr.NK : ဗိုင်းရပ်စ်က လေကနေကူးတယ်။  Close Personal Contact ဆိုတဲ့ လူနီးနီးကပ်ကပ်နေတာကနေကူးတယ်။မုန့်အတူစား၊ ရေတစ်ခွက်တည်းသောက်တာမျိုး၊ သုံးပေထက်နီးပြီး အတူထိုင်စကားပြောတာမျိုးက စလို့ ချစ်သူအချင်းချင်းရင်းရင်းနှီးနှီးနေတဲ့ အပြုအမူတွေအထိပြောတာပါ။လမ်းဖြတ်လျှောက်သွားတာ၊ စောင့်ရတဲ့အခန်းထဲ ခဏအတူစောင့်တာ မျိုးတော့မပါဘူး။ အများပြည်သူသက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ လှေကားလက်ရန်း၊ တံခါး၊ ကားက လက်ကိုင်ကွင်း စတာတွေကိုင်ပြီး မျက်လုံး၊ ပါးစပ် စတာတွေထိရင် ပိုးကူးသွားနိုင်တယ်။ 

Voice  : ဒီလိုဆိုတော့ ဘယ်လိုသတိထားရမလဲ။ ဘာတွေဆင်ခြင်ရမလဲ ဆရာ။ 
Dr.NK : လူထူထပ်တဲ့နေရာတွေ တတ်နိုင်သလောက်ရှောင်ပါ။လက်ကို မကြာခဏဆေးပါ။လက်မဆေးထားဘဲ မျက်စိ၊ မျက်နှာတွေ မကိုင်ဖို့လိုတယ်။နှာချေ၊ ချောင်းဆိုးသူနဲ့ နီးနီးကပ်ကပ်မနေဖို့ ပြောချင်တယ်။နှာချေ၊ ချောင်းဆိုးသူတွေအနေနဲ့ ကိုယ့်ဆီကနေသူများကို မကူးအောင် ကာကွယ်နေထိုင်ရမှာဖြစ်သလို သူများဆီကနေ ကိုယ့်ဆီမကူးအောင်လည်းနေရမယ်။ နှာမွှန်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ မူးဝေ၊ ဖျားနာရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ကုသမှုခံယူပါ။ကိုယ့်မှာ တုပ်ကွေးလို လက္ခဏာမျိုးပြလာရင် အတူနေအိမ်သားတွေကနေ သီးသန့်နေရမယ်။ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်မိခင် အသက်အန္တရာယ်စိုးရိမ်ရရင် ကလေးအတွက်လည်း စိုးရိမ်ရတာမျိုးလောက်ပဲရှိပြီး ဒီရောဂါကတခြားရောဂါတွေထက်ထူးပြီး သန္ဓေသားကို ထိခိုက်စေတာမျိုး မရှိပါ။ 

Voice  : တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူတွေ ရုတ်တရက်လဲကျတဲ့ ဗီဒီယိုဖိုင်တွေလည်း တွေ့ရတယ်။ဒီလောက်ထိ ရောဂါပြင်းထန်ပါသလား။ 
Dr.NK : ဗိုင်းရပ်စ်ပြင်းထန်မှုကြောင့် လဲကျတာတော့ မဖြစ်နိုင်ပါဘူး။ရောဂါလက္ခဏာ ပြင်းထန်တဲ့ကြားက အပြင်ထွက်တာကြောင့် ဖြစ်နိုင်သလို စိတ်လှုပ်ရှားမှု (Anxiety) ကြောင့် သတိလစ်တာ ဖြစ်နိုင်ပါတယ်။ WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ရဲ့ အယူအဆအရ SARS လောက်မပြင်းဘူး။ SARS တုန်းက သိတာနောက်ကျတာကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ရောဂါဖြစ်ခဲ့တယ်။ 

Voice  : တကယ်လို့ မြန်မာနိုင်ငံကို ရောက်လာမယ်ဆိုရင် ကိုင်တွယ်နိုင်မယ့် အနေအထားရှိတယ်လို့  သုံးသပ်ပါသလား။ 
Dr.NK : ဝန်ကြီးရဲ့ ရှင်းပြစကားအရ ပြောရရင် Facility ပိုင်းအနေနဲ့ ကူးစက်ရောဂါကို ဝေဘာဂီဆေးရုံက ကိုင်တွယ်တယ်။လေဆိပ်၊ သင်္ဘောဆိပ်က ဆင်းလာရင်အဖျားတိုင်းတယ်။ကိုယ်အပူချိန်တက်တာတွေ့ရင် ဝေဘာဂီဆေးရုံပို့ပြီး ရောဂါပျိုးချိန်ထက် နောက်ထပ် ၂ ရက်ထပ်ဆောင်းပြီး စောင့်ကြည့်တယ်။ဝူဟန်ဗိုင်းရပ်စ်က ၂ ရက်ကနေ ၁၄ ရက်ထိ ရောဂါပျိုးပြီး ရောဂါလက္ခဏာပြနိုင်ခြေက ၅ ရက်မှာ ပြတယ်။ဒါပေမဲ့ ကျွန်တော့်အမြင်အရ မြန်မာနိုင်ငံထဲကို တရုတ်ကနေ လေဆိပ်ကနေပဲ ဝင်ထွက်နေတာတော့မဟုတ်ဘူး။နယ်စပ်ကနေ ခရီးသွားကားတွေဝင်နေကြတာပဲ။ဒီနေရာတွေမှာရော သေသေချာချာစစ်ဆေးသလား ကျွန်တော်တို့မသိဘူး။ဒီတော့ ကိုယ့် ကျန်းမာရေးအတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာပိုကောင်းမယ်ထင်တယ်။ဒီလိုပြောတာက ကျန်းမာရေးဝန်ကြီးဌာနက လုပ်နေတာကို မလုပ်ဘူးပြောတာမဟုတ်ဘူး။ကျန်းမာရေးဝန်ကြီးဌာနက လုပ်နေတာပဲ။တစ်ခုခုဆို သူတို့ပြောမှာပဲဆိုပြီး မပေါ့ဖို့လိုတာကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့ပြောတာပါ။ 

Voice  : ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ဘယ်လိုတွေ ဂရုစိုက်ရမယ်။ဘယ်လိုနေထိုင် စားသောက်ရမယ်ကို ပြောပြပေးပါ။ 
Dr.NK : ကိုယ်ခံအားဆိုတာမျိုးက ခန္ဓာကိုယ်အရမ်းပင်ပန်းတဲ့အချိန်၊ အလုပ်ပင်ပန်းတဲ့အချိန်၊ အိပ်ရေးဝ၀ မအိပ်ဘူး၊ အာဟာရပြည့်ဝအောင် မစားဘူး၊ ခရီးတွေသွားရတယ်ဆိုရင် ကိုယ်ခံအားနည်းနိုင်တယ်။ကိုယ်ခံအားနည်းရင် အခြားသူတွေထက် ရောဂါပိုဖြစ်နိုင်တယ်။အစားအနေနဲ့ အစာအုပ်စု ၃ ခုလုံးစားစေချင်တယ်။ရောဂါပိုးကာကွယ်ဖို့အတွက် အသီးအနှံတွေစားပါ။အားရှိစေဖို့ ကောက်ညှင်း၊ ထမင်း၊ ထန်းလျက်တို့လို ချိုတာတွေစားပါ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးစေတဲ့အစားအစာတွေဖြစ်တဲ့ အသား၊ နို့ခဲ၊ ကြက်ဥတွေစားပါ၊ အရည်အနေနဲ့ သံပရာရည်ချဉ်ချဉ်လေး သောက်သင့်ပါတယ်။အိပ်ရေးဝ၀ အိပ်ပါ။ ပဲ၊ အညွန့်၊ အသီးအရွက်တွေ စားပါ။ 

Voice  : အရည်နဲ့ပတ်သက်လို့ အရက်ကဗိုင်းရပ်စ် မကူးစေသလို၊ သေစေသလို ပျံ့နှံ့နေမှုအတွက် ဆရာသုံးသပ်ပေးပါ။ 
Dr.NK : အရက်သောက်တာ  Coronavirus ကို ကာကွယ်နိုင်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ RNA Virus က ခန္ဓာကိုယ်ထဲဝင်ပြီး လူလူချင်းကနေလည်း ကူးတာဖြစ်တာကြောင့် အရက်ကကူးစက်တာ ကာကွယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ 

Voice  : ကိုယ်ခံအားတက်စေတဲ့ အခြားအစားအစာတွေရှိရင် ဘာတွေစားသင့်ပါသလဲဆရာ။ 
Dr.NK : ကိုယ်ခံအားတက်စေတဲ့အစားအစာထဲမှာ ချင်းပါတယ်။ချင်းလက်တစ်ဆစ်ကို ရေနွေးနဲ့ သောက်ပါ။ဒါက တိုင်းရင်းဆေးပါ။ ကြက်သွန်ဖြူကို နုပ်နုပ်စင်းပြီး ပြုတ်သောက်တာ၊ လက်ဖက်နဲ့ တွဲစားနိုင်တယ်။ပျားရည်အစစ်က ကိုယ်ခံအားတက်စေတယ်။ပျားရည် နဲ့ ကြက်သွန်ဖြူကို လေလုံတဲ့ဘူးထဲ ၃ လလောက်စိမ်ပြီး စားလို့လည်းရတယ်။ချက်ချင်း အခုစိမ်စားရင်တော့ နည်းနည်းစပ်တယ်။ 

Voice  : နှာခေါင်းစည်း အသုံးပြုနေကြသူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ။ 
Dr.NK : နှာခေါင်းစည်းဆိုရင် လုံးဝစိတ်ချချင်ရင် N95 တပ်သင့်ပါတယ်။ ဒါပေမဲ့ နှာစေး၊ ချောင်းဆိုးသူက ချောင်းဆိုးရင် အဝတ်နဲ့လုံအောင်ဖုံးပြီးဆိုးရင် အတန်အသင့်ကာကွယ်နိုင်မှာပါ။အဓိက က ရောဂါရှိနိုင်တဲ့သူနဲ့ ကိုယ်နဲ့ မတွေ့မိဖို့ အဓိကပါပဲ။ဒါကြောင့် လူထူထပ်ရာကို တတ်နိုင်သလောက်ရှောင်ဖို့ပြောတာပါ။ 

Voice  : အခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။ 
Dr.NK : အရမ်းစိတ်ပူဖို့ မလိုသလို လုံးဝဂရုမစိုက်ဘဲ အမှုမဲ့မနေဖို့မှာချင်တယ်။ကျွန်တော်တို့ အစ်ကိုဆရာတစ်ယောက်က ရေးတယ်။ ဝူဟန်တော့ လူတွေကြောက်ကြတယ်၊ ရန်ကုန်က အဲကွန်းဘတ်စ်ကားတွေထဲက ဖုန်တွေကိုတော့ ဘယ်သူမှစိတ်မပူကြဘူး။ဒါက လူတွေနဲ့ အမြဲထိတွေ့နေတာ။ဒီလိုမျိုးပါပဲ။ကျန်းမာရေးကို လိုက်စားတယ်၊ စိုးရိမ်တယ်ဆိုရင် အမြဲတမ်း သမာသမတ်ကျကျဆောင်ရန်၊ ရှောင်ရန်ကို အမြဲဂရုစိုက်ကြဖို့လိုမယ်။ဆောင်ရန်၊ ရှောင်ရန် အချက်ကလေးတွေကလည်း လိုက်နာဖို့ခက်ခဲတာလို့ မထင်ဘူးလေ။ ဒါလေးတွေလိုက်နာပြီး နေထိုင်သွားမယ်ဆိုရင် အဆင်ပြေလိမ့်မယ်။ခဏ ရေတက်ချိန်လေးထစိုးရိမ်ပြီး ကျန်တဲ့အချိန်နေမြဲ တိုင်းနေတာတို့၊ ယုံတမ်းလိုလို ဆေးမြီးတိုတွေကို သိပ်မယုံဖို့တို့လိုပါတယ်။နောက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက Website တွေရှိတယ်။သတင်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့နဲ့ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေက သတင်းတွေကိုပဲ ယုံဖို့၊ ဖတ်ဖို့ ပြောချင်ပါတယ်။

အေးသန္တာထွန်း