News

POST TYPE

INTERVIEW

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံခြင်း
27-Jan-2020
"ကမ္ဘာပေါ်မှာ တစ်ခါမှ ဖြစ်ဖူးခြင်းမရှိသေးတဲ့ ရောဂါပိုးဖြစ်လို့ ကာကွယ်ဆေးမရှိ၊ ထိရောက်တဲ့ ကုသမှုလည်း မရှိသေးဘူး"



တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားရာမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပါ သတိပေးချက်ထုတ်ထားသည့် Novel (new) Coronavirus သည် မြန်မာနိုင်ငံတွင်းတွင် ကူးစက်ခံရသူမရှိခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ဆောင်နေမှုများနှင့် အများပြည်သူလိုက်နာရမည့် ကျန်းမာရေးအသိပညာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို  The Voice Daily သတင်းစာက မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

TheVoice : လက်ရှိလုပ်ဆောင်ထားတဲ့ အခြေအနေသိပါရစေ။
Dr.KKG    : Private (ပုဂ္ဂလိက) ဆေးရုံတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ခရီးသွား History မှာ ဝူဟန်ကို သွားထားတယ် စသဖြင့်ရှိရင် သံသယလူနာအနေနဲ့ သတင်းပေးပို့ဖို့ ဝန်ကြီးက မနေ့က Private ဆေးရုံတွေနဲ့တွေ့ဆုံမှာကြားထားတယ်။

TheVoice : နောက်ဆုံးရထားတဲ့ သတင်းအချက်အလက်အရ ဘယ်လောက်ထိ ရောဂါပျံ့နှံ့ဖြစ်ပွားနေပါသလဲ။
Dr.KKG    : WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) Geneva ကို မနေ့က မနက် ၁၀ နာရီမှာရောက်တဲ့ သတင်းကို ဒီနေ့ထုတ်ပြန်တာအရဆိုရင် WHO Report အရ တစ်ကမ္ဘာလုံးမှာ Confirm Case ၁၃၂၀ ရှိတယ်။ ၁၂၈၇ က တရုတ်က Report လုပ်တာ။ မကာအို၊ ဟောင်ကောင်၊ တိုင်ပေကို ထည့်မတွက်ထားဘူး။သံသယလူနာအနေနဲ့ ဖျား၊ ချောင်းဆိုး၊ ဝူဟန်သွားထားတာ ၁၉၆၅ ရှိတယ်။ WHO နောက်ဆုံးထုတ်ပြန်တဲ့သတင်းအရ တရုတ်အပြင်ဘက် Outside China မှာ ၂၃ ယောက်ဖြစ်တယ်။ ၂၁ ယောက်က ဝူဟန်ကို သွားလာထားပြီး ၂ ယောက်က Direct Contact (ရောဂါရှိသူနဲ့ တရုတ်ပြည်သွားစဉ်က တိုက်ရိုက် ထိတွေ့ထား) ရှိတယ်။ ဗီယက်နမ်က တစ်ယောက်ကတော့ တရုတ်ကို မသွားထားဘူး။ မိသားစုတွင်း Human to Human ကူးစက်နိုင်အားရှိတယ်။

TheVoice : ဖြစ်ပွားမှုနှုန်းက တိုးနေပါသလား။
Dr.KKG    : ၁၂၈၇ မှာ ၁၃၇ ယောက်က (အလွန်အမင်းနေမကောင်း) ဖြစ်တယ်။ ၂၄၊ ၁၊ ၂၀၂၀ က ၄၁ ဦးသေတယ်။ ၃၉ ယောက်က ဝူဟန်က ဖြစ်တယ်။ ၂၅၊ ၁၊ ၂၀၂၀ မှာ ၄၇၄ ယောက် တိုးလာတယ်။လက္ခဏာတွေအနေနဲ့ အသက်ရှူမဝ၊ အသက်ရှူနှုန်း တစ်မိနစ်မှာ ၃၀ ထက် ပိုများနေတယ်၊ အဆုတ်ရောင်လက္ခဏာရှိတာတွေ တွေ့ရတယ်။ တိုင်းပြည် ၉ ခုက ၂၃ ဦးမှာ ဂျပန်က ၃ ယောက်၊ တောင်ကိုရီးယားက ၂ ယောက်၊ ဗီယက်နမ်က ၂ ယောက်၊ စင်ကာပူက ၃ ယောက်၊ သြစတြေးလျက ၃ ယောက်၊ ထိုင်းက ၄ ယောက်၊ နီပေါ ၁ ယောက်၊ အမေရိကန်က ၂ ယောက်၊ ပြင်သစ် ၃ ယောက်။

TheVoice : လက်ရှိ ပြင်ဆင်မှုတွေအရ လူတွေကို ဘယ်လိုပြောချင်ပါသလဲ။
Dr.KKG    : WHO Report အရ အာဆီယံ နိုင်ငံတွေထဲက ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်မှာ ရှိနေပြီ။ အာဆီယံထဲမှာ တွေ့ရတာ ၃ နိုင်ငံကို ကူးစက်တာ တွေ့နေရပြီ။မြန်မာမှာ မရှိသေးဘူးလား ဆိုတော့ ရောဂါစောင့်ကြပ်ထိန်းချုပ်ရေးတွေကို တိုးမြှင့်လုပ်ပေမယ့်လို့ မြန်မာနိုင်ငံမှာ သံသယလူနာတွေ့ရှိသေးခြင်း မရှိသေးဘူး။တွေ့ရှိခြင်းမရှိသေးတာက မရှိသေးဘူးလားလို့တော့ ယတိပြတ်တော့ ပြောလို့မရဘူး။တစ်ခါတလေကျရင် အဖျားတိုင်းစက်မှာ အဖျားမရှိနေပေမယ့်လို့ နောက် ၃၊ ၄ ရက် ကြာမှ ဖျားနေတာလည်း ရှိနိုင်တာပေါ့။တိုင်းဒေသကြီးနဲ့ ပြည်နယ်ဦးစီးမှူးတွေရော ဆေးရုံတွေရောကို ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဝူဟန်က ပြန်လာတယ်ဆိုရင် သံသယလူနာအနေနဲ့ သတ်မှတ်ပြီး သတင်းပေးပို့ဖို့ Alert လုပ်ထားတယ်။ပြည်သူတွေအနေနဲ့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ တရုတ်ပြည်က လွန်ခဲ့တဲ့ ၂ ပတ်က ပြန်လာတယ်ဆိုရင် ဆေးခန်းကိုပြသပါ။

TheVoice : ပြင်ဆင်ထားမှုတွေရှိသေးရင် သိပါရစေ။ ပြည်သူတွေအနေနဲ့ ဘာတွေလိုက်နာရမလဲ။
Dr.KKG    : အစ်မတို့အနေနဲ့ နယ်စပ်၊ ဝင်ပေါက်၊ ထွက်ပေါက်၊ လေဆိပ်တွေမှာ၊ ဆေးရုံတွေမှာရော စောင့်ကြပ်ကြည့်ရှုတဲ့စနစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။ ခုထက်ထိတော့ သံသယလူနာ မရှိသေးပါဘူး။ ပြည်သူတွေအနေနဲ့ ချောင်းဆိုးရင်အုပ်စိုးမယ်။ လက်ဆေးမယ်။ ချောင်းဆိုး နှာချေသူနဲ့ အနီးကပ်မနေဘူး။ လူထူထပ်တဲ့နေရာမသွား၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ အကာအကွယ်မဲ့ ထိတွေ့တာ မလုပ်ဘူး။အသားငါးတွေကျက်အောင်ချက်စားမယ်။

TheVoice : ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်ပါသေးလဲ။
Dr.KKG    : အရေးကြီးတာ ဆောင်းရာသီမှာ ဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်တတ်တယ်။အဓိက ကတော့ ကိုယ်ခံအားကောင်းအောင်နေရမယ်။အိပ်ရေးဝအောင်အိပ်မယ်။ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားမယ်။ရေများများ သောက်မယ်။လေ့ကျင့်ခန်းလုပ်မယ်။ကိုယ်ခံအားကောင်းရင် ရောဂါပိုးမဝင်လွယ်ဘူး။ကိုယ်ခံအားတည်ဆောက်ဖို့ အရေးကြီးတယ်။

TheVoice : တရုတ်က လူတွေအခြေအနေနဲ့ ဒီကလူတွေ ဘာတွေပြင်ဆင်သင့်ပါသလဲ။
Dr.KKG    : သေနေတာ တရုတ်ပြည်မှာပဲ သေတယ်။ သေတဲ့သူတွေကို စစ်တမ်းကောက်တာအရဆိုရင် သေဆုံးသူအများစုက အသက်ကြီးပြီး နောက်ခံရောဂါဖြစ်တဲ့ ဆီးချို၊ သွေးတိုး ၊ နှလုံးရောဂါ ရှိနေတယ်။အဲ့လိုရှိနေတော့ ရောဂါကူးစက်တဲ့အခါ သူများထက်ပိုပြီး ဆိုးဆိုးရွားရွားဖြစ်တယ်။ဆေးရုံတက်ရတဲ့ထိ ဖြစ်နိုင်တယ်။အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တယ်။ ရောဂါသုံးခုတည်းတော့ မဟုတ်ဘူးပေါ့။ကိုယ့်မှာ ရောဂါတွေရှိနေရင် ဆရာဝန်နဲ့ သေချာ ပြသထားမယ်ဆိုရင် ဆိုးဆိုးရွားရွားအခြေအနေထိ မဖြစ်နိုင်ဘူးပေါ့နော်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို သေသေချာချာ လိုက်နာမယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ရောဂါပိုးတွေကူးစက်နိုင်တဲ့ နည်းလမ်းတွေကို ဖြတ်တောက်ထားခြင်းအားဖြင့် ကာကွယ်နိုင်တာပေါ့။

TheVoice : ဒီကိုမဝင်အောင် ဘယ်လိုလုပ်ထား ပါသေးလဲ။
Dr.KKG    : ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်၊ မူဆယ်နယ်စပ်ဝင်ပေါက်တွေမှာ Thermal scan နဲ့ စစ်ဆေးနေတယ်။ မြဝတီနဲ့ တာချီလိတ်မှာ တပ်ဖို့ပြင်ဆင်နေတယ်။Health Alert Card ကို တရုတ်ပြည်ကလာတဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်မှာ ဖြည့်ခိုင်းမယ်။ Scan Code လုပ်ထားတယ်။ဘားကုတ်နဲ့ ကိုယ့်ဖုန်းကဖတ်လိုက်ရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ Latest Information တွေရနိုင်တယ်။ ရန်ကုန်လေဆိပ်မှာ LED Board နဲ့ တရုတ်လိုဘာသာပြန်ပြီး ပြထားပါတယ်။ ဖျားလျှင်၊ ချောင်းဆိုးလျှင်၊ ဝူဟန်က ပြန်လာပြီး နီးစပ်ရာ ဆေးခန်းမှာ အခမဲ့ကုသပေးပါတယ်ဆိုပြီး ပြထားတယ်။ အမည်၊ အသက်၊ ဘယ်ကလာလဲ၊ ဘယ်ထိနေမလဲ၊ ဘယ်မှာနေမှာလဲ၊ ဘယ်သွားခဲ့လဲ၊ ဘာတွေခံစားနေရလဲတို့ လိုတဲ့သတင်းအချက်အလက်တွေ ဖြည့်ခိုင်းဖို့ စီစဉ်ထားပါတယ်။

TheVoice : ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
Dr.KKG    : ပြည်သူတွေ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Website ကြည့်ပြီး ဆောင်ရန်၊ ရှောင်ရန် လုပ်ဖို့လိုတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ သတင်းဌာနတွေနဲ့ ပေါင်းပြီး သတင်းတွေထုတ်လွှင့်ဖို့ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကမ္ဘာပေါ်မှာ တစ်ခါမှ ဖြစ်ဖူးခြင်းမရှိသေးတဲ့ ရောဂါပိုးဖြစ်လို့ ကာကွယ်ဆေးမရှိ၊ ထိရောက်တဲ့ ကုသမှုလည်း မရှိသေးဘူး။သို့သော် ဖြစ်လာရင် ကုသနိုင်တဲ့ဆေးရှိပါတယ်။အရမ်း စိုးရိမ်မကြီးရဘူးလို့လည်း မပြောလိုပါဘူး။ စိုးရိမ်သင့်သလောက်တော့ စိုးရိမ်ရမှာပေါ့နော်။အရမ်းကို ထိတ်လန့်တကြားတော့ မဖြစ်စေချင်ဘူး။အစွန်းနှစ်ဖက်တော့ ရှောင်စေချင်တယ်။ပြည်သူလူထုအနေနဲ့ နိုင်ငံတော်အစိုးရကို ယုံကြည်ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပါဝင်စေချင်တယ်။ ဘယ်လိုပူးပေါင်းပါဝင်ရမလဲဆိုတော့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာစေချင်တယ်။ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေ ဝူဟန် နမိုးနီးယား မကူးစက်အောင် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာကို ပူးပေါင်းပါဝင်ပေးကြပါ။ဆောင်ရန်၊ ရှောင်ရန်တွေ လိုက်နာပေးကြပါ။ရည်ရွယ်ချက်ကတော့ ကိုယ့်နိုင်ငံကို ရောဂါဆိုးကြီး မဝင်ရောက်လာအောင်လည်း အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့မှ ရမှာ။တကယ်လို့ ဝင်ရောက်လာခဲ့ရင်လည်း အကောင်းဆုံးကုသနိုင်ဖို့ ဆေးရုံတွေမှာ ပြင်ဆင်ထားရှိပြီးဖြစ်တယ်။ လောလောဆယ် ဆေးရုံကြီးသုံးရုံဆိုပေမယ့် ဆောင်ရွက်ထားပေမယ့် နောက်ပိုင်းမှာ ဆေးရုံတိုင်းမှာ ပြနိုင်အောင် စီစဉ်ထားမယ်။ ကုသပေးတဲ့ ဆရာဝန်ကြီးတွေကလည်း အပူပိုင်းဒေသရောဂါတွေ အထူးပြုလေ့လာထားတဲ့ Professor  ကြီးတွေဖြစ်တဲ့အတွက် အကောင်းဆုံး ကုသပေးနိုင်ပါတယ်။

TheVoice : ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

အေးသန္တာထွန်း