News

POST TYPE

INTERVIEW

ယဉ်လက် နှင့် တွေ့ဆုံခြင်း
17-Jan-2020
"၂၀၁၉ တုန်းက ဘယ်သူ့ကိုမှမပြောဘဲရိုက်ထားတဲ့ စီးရီးတစ်ခုရှိတယ်"



သရုပ်ဆောင်ယဉ်လက် နဲ့တွေ့ဆုံခိုက် အက်ရှင်ဇာတ်ကားရိုက်ကူးမှုတွေအကြောင်း ၊ ပရိသတ်မသိသေးတဲ့ စီးရီးတွဲအကြောင်းနဲ့ နောက်ထပ်ရိုက်မယ့်ကားတွေ အကြောင်းစတာတွေကို မေးမြန်းထားပါတယ်။ 

Voice : ဒီနှစ်မှာ ဘယ်လိုအနုပညာတွေ မြင်ရမှာလဲ။ 
YL     : ၂၀၁၉ တုန်းက ဘယ်သူ့ကိုမှမပြောဘဲရိုက်ထားတဲ့ စီးရီးတစ်ခုရှိတယ်။အာကာ ထုတ်လုပ်ရေးနဲ့တွဲပြီးတော့ပေါ့နော်။ ၂၀၂၀ ဇန်နဝါရီလမှာပဲစပြီးတော့ Promote လုပ်မယ်။ဇာတ်ကတော့ အများကြီးတော့ပြောလို့မရဘူး။ Canal + အတွက် စီးရီးကို လုံးဝအကြမ်းကြီးပေါ့၊ တော်တော်ကြီးကြမ်းတယ်။အက်ရှင်စီးရီးတစ်ခုပဲ ရိုက်ထားပါတယ်။ 

Voice : အက်ရှင်မင်းသမီးလည်းဖြစ်၊  ကြမ်းလည်း ကြမ်းတယ် ဆိုတော့ ဒဏ်ရာတွေရော ရခဲ့သေးလား။ 
YL     : ရခဲ့တာပေါ့။ ကြမ်းနဲ့ ခေါင်းနဲ့ ဆောင့်တာတွေလည်းဖြစ်တယ်။ရှုတင်တောင် ချက်ချင်းနားလိုက်ရတာတွေရှိတယ်။ သမီးတစ်ယောက်တည်းမှ မဟုတ်ဘူး။အက်ရှင်လုပ်တဲ့သူတိုင်း ထိခိုက်ဒဏ်ရာရမှာပဲ။ဒါကတော့ အက်ရှင်သမားတွေဘဝမှာ အဆန်းတော့မဟုတ်ဘူး။ 

Voice : အခုနောက်ပိုင်း အက်ရှင်ကားရိုက်တဲ့အခါ ကိုယ့်အတွက်ပေါ့၊ ဘယ်လိုမျိုး Safe ဖြစ်တာမျိုးရှိလဲ။ 
YL     :  သမီးတို့ အရင်တုန်းက ဗီဒီယိုမှာ အက်ရှင်ကားတွေရိုက်တယ်။သမီးတို့ ဘတ်ဂျက်အနေအထားအရ ရှိတဲ့အရာတွေထဲမှာ ဖြစ်အောင်လုပ်သွားရတာမျိုးတွေရှိတယ်။ကြမ်းပြင်မှာ ဒီအတိုင်း ကျွမ်းထိုးလိုက်ရတာတွေလည်းရှိတယ်။ပစ်လှဲချလိုက်ရင်လည်း လှဲချရတယ်။ဒီက သမီးအစ်ကိုတွေဆို အမြဲတမ်းသမံတလင်းပေါ်တွေမှာ ကျောက်စရစ်ခဲတွေမှာလည်း အမြဲတမ်းပစ်လှဲ ပြုတ်ကျနေရတာပေါ့နော်။အခု သမီးတို့ရိုက်ထားတဲ့ နောက်ထပ်ခြေလှမ်းမှာကျတော့ အက်ရှင်အခန်းရိုက်မယ်ဆိုရင် အောက်ကတစ်ခုလုံး ဖော့တွေအကုန်ခင်းတယ်။ဖော့မှန်းမသိအောင် အပေါ်ကနေပြီးတော့ ဆက်တင်တွေ အကုန်လုံးပြန်ပြီးတော့ ကြမ်းပြင်နဲ့ တူအောင်ပြန်လုပ်လိုက်တယ်။ပြုတ်ကျတဲ့သူကလည်း ရဲရဲပြုတ်ကျရဲတယ်။အက်ရှင်တွေကလည်း အစစ်ဖြစ်တာပေါ့။
Safety  လည်းစိတ်ချရတာပေါ့။  

Voice : အက်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ရော ဘယ်လောက်ထိ အဆုံးစွန်ထိတွေးထားလဲ။ 
YL     : ဘယ်လောက်အဆုံးထိ တွေးထားလဲဆိုရင် သေပြီဆိုတဲ့အထိကို တွေးထားတယ်။ဒါပေမဲ့ တစ်ကားနဲ့တစ်ကားတော့ စွန့်စားတာချင်းတော့ မတူဘူးပေါ့။တချို့ကားတွေကျတော့ ပေါ့ပေါ့ပါးပါးလေး ဖိုက်လိုက်တာမျိုးတွေလည်းရှိတယ်။ တချို့အခန်းတွေကျတော့ အသေအကျေလုပ်ရတာတွေရှိတယ်။အဲလို အသေအကြေလုပ်ရတာမျိုးကျရင်တော့ ရတယ်ပေါ့နော်၊ ဆေးရုံကားလည်း အနားမှာရှိတယ်။ချက်ချင်း ခေါ်လို့ရတယ်။လုံးဝ အဆုံးစွန်ထိကိုတွေးပြီးတော့လုပ်တယ်။အက်ရှင်သမားတိုင်းရဲ့ ခံယူချက်က အဲလိုပဲ။ဆုံးတဲ့အထိကို သူတို့တွေးထားပါတယ်။ 

Voice : နောက်ထပ်ရိုက်မယ့်ဇာတ်ကားတွေ ရှိသေးလား။ 
YL     : လောလောဆယ်လက်ခံထားတယ်ဆိုတာထက်ကို စီစဉ်ထားတယ်ဆိုတာက ပိုမှန်လိမ့်မယ်။အကုန်ုလုံးက ခုချိန်မှာ ကွန်ဖန်းမဖြစ်သေးဘူး။စီစဉ်နေတဲ့အချိန်ပဲ ရှိသေးတာပေါ့။  

 ခင်ညိုညိုသိမ့်