News

POST TYPE

INTERVIEW

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့်တွေ့ဆုံခြင်း
15-Jan-2020
"လက်ရှိ သံသယလူနာတစ်ယောက်မှ မရှိဘူး"



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့်တွေ့ဆုံခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားရာမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပါ သတိပေးချက်ထုတ်ထားသည့် Novel(new) Coronavirus သည် မြန်မာနိုင်ငံတွင်းတွင် ကူးစက်ခံရသူမရှိခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်နေမှုများနှင့် အများပြည်သူလိုက်နာရမည့် ကျန်းမာရေးအသိပညာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို The Voice Daily က ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice    : Novel(new) Coronavirus သတင်း စသိရတဲ့အခြေအနေကိုသိပါရစေ။
Dr KKG : ၂၀၁၉ခေုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က ဝူဟန်မှာ Pneumonia (နမိုးနီးယား) ဖြစ်တယ်ဆိုတာကို စပြီးသတင်းရတယ်။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က ဇန်နဝါရီလ ၅ ရက်နေ့မှ သတင်းပေးပို့တယ်။ဝူဟန်မှာတော့ အမျိုးအမည်မသိ Pneumonia ဖြစ်တယ်ဆိုပြီး သတင်းပို့တယ်။ဖြစ်တဲ့သူတွေကို စစ်ဆေးမှုအရ ဝူဟန်ရဲ့ Seafood Market အကြီးကြီးမှာ စဖြစ်တယ်။အဲဒီဟာနဲ့ သွားလာ ဝင်ထွက် ရောင်းချတာနဲ့ ဆက်စပ်မှုရှိတာတွေ့ရတယ်။ဇန်နဝါရီလ ၅ ရက်နေ့ စာအရ ၅၉ ယောက် (ရောဂါကူးစက်ခံရကြောင်း) ထောက်လှမ်းမိတယ်။အဲဒီလူတွေနဲ့အနီးကပ်ထိတွေ့သူတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နေတယ်။လူတွေက SARS ကို ကြောက်ကြတယ်။၂၀ဝ၂ ခုနှစ်မှာ တစ်ကမ္ဘာလုံး မှာ ၇၀ဝ ကျော်လောက်ဆုံးတယ်။စိုးရိမ်စရာလည်း ကောင်းတာကိုး။လူတွေစိတ်ပူနေတဲ့ Adenovirus၊ SARS၊ Middle East Respiratory Syndrome (MERS) အဲဒါတွေတော့မဟုတ်ဘူးဆိုပြီး စထုတ်တဲ့ Report မှာပါတယ်။ ဒါပေမဲ့ ဘာမှန်းတော့မသိဘူး။မသိတဲ့အတွက်ကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေကိုလုပ်ဖို့ တရုတ်ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆက်လုပ်နေတယ်ဆိုပြီးပြောတယ်။ဒါက စဖြစ်တုန်းက အခြေအနေ။

Voice    : နောက်ဆုံးအခြေအနေ သိပါရစေ။
Dr KKG : နောက်ဆုံးအခြေအနေကတော့ WHO တင်မကဘူး။ASEAN EOC (အာဆီယံကျန်းမာရေး အသိုက်အဝန်း)နဲ့ သတင်းတွေမျှဝေနေတယ်။ဝူဟန်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ထိ ရောဂါလက္ခဏာခံစားနေရတဲ့ Case အသစ်မရှိတော့ဘူး။တကယ့် တကယ်မရှိတော့တာက ၃ ရက်နေ့ကတည်းက မရှိတော့တာ။Seafood Market ကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပိတ်လိုက်ပြီ။၉ ရက်နေ့မှာ အသက် ၆၁ နှစ်ရှိ အမျိုးသားလူနာတစ်ဦးဆုံးတယ်။အဲ့ဒါအပြင် နောက်ထပ်သေတာမရှိတော့ဘူး။အခု ထက်ထိ ဝူဟန်မှာ Coronavirus Pneumonia ခံစားနေရတာ ၄၁ ယောက်ရှိတယ်။ ၇ ဦးဆေးရုံ ဆင်းပြီ။ ၆ ဦးက စိုးရိမ်နေရဆဲဖြစ်လို့ ဆေးရုံတင်ထားရတယ်။ကျန်တဲ့လူနာတွေ အကုန်စိတ်ချရတယ်။လူနာနဲ့ထိတွေ့တယ်ယူဆရသူ ၇၆၃ ယောက်ရှိတယ်။ ၇၆ ယောက်ကို ဖယ်ထုတ်လိုက်နိုင်ပြီ။ ၆၈၇ ယောက် က စောင့်ကြည့်နေဆဲ။အခုထက်ထိ လူတစ်ဦးက တစ်ဦးကူးစက်တာ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်တဲ့ သက်သေအထောက်အထားမရှိသေးဘူး။ WHO က ယနေ့ရတဲ့သတင်းအရ ဝူဟန်ကလာတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး Coronavirus စစ်ဆေးစမ်းသပ်တွေ့ရှိရတယ်ဆိုပြီး ထိုင်းလေဆိပ်မှာတွေ့တယ်။

Voice    : မြန်မာနိုင်ငံကို မကူးစက်လာအောင် ဘယ်လိုတွေပြင်ဆင်ထားပါသလဲ။
Dr KKG : မြန်မာနိုင်ငံမှာလည်း ရန်ကုန်လေဆိပ်၊ နေပြည်တော်လေဆိပ်၊ မန္တလေးလေဆိပ်တွေမှာ TV လိုမျိုး Thermal Scan တပ်ထားတယ်။ ခရီးသည်တွေ လေဆိပ်ကဆင်းလာရင် နဖူးကိုချိန်ထားတယ်။တကယ်လို့ ဖျားနေတယ်ဆိုရင် နဖူးမှာအနီကွက် တွေပေါ်တယ်။ဖျားနေရင် လူနာကိုခေါ်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာချောင်းဆိုတာရှိသလား၊ အသက်ရှူကျပ်တာရှိသလား။ ဝူဟန်မှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းနေခဲ့သလား။ ဝူဟန်က ပြန်လာတာလား။သူ့ရဲ့ အလုပ်အကိုင်မေး။တကယ်လို့အဲဒါတွေနဲ့ ကိုက်လား။ အဲဒါတွေနဲ့ ကိုက်ညီတယ်ဆိုရင် သံသယလူနာလို့သတ်မှတ်ပြီး ရန်ကုန်မှာဆို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံကြီး ပို့မယ်။လိုအပ်တဲ့ လူတွေ၊ ကားတွေ၊ လူနာထားဖို့ နေရာ၊ စက်ကိရိယာ၊ လူအင်အား၊Team က အစ အားလုံးဖွဲ့စည်းပြင်ဆင်ထားရှိပြီးဖြစ်တယ်။

Voice    : တခြားပြင်ဆင်မှုတွေရှိရင် သိပါရစေ။
Dr KKG : လေဆိပ်အပြင် မြဝတီ၊ မူဆယ်၊ တာချီလိတ်တို့မှာ ခရီးသည်တွေအကုန်စစ်တယ်။တရုတ်က လာတာတွေ ပိုဂရုစိုက်ပြီး စစ်တယ်။ Non-Contact Thermometer တွေတပ်ဆင်ထားတယ်။မူဆယ်မှာ ဒီနေ့ (ဇန်နဝါရီ ၁၄) Thermal Scan တပ်တယ်။ စစ်လိုက်လို့ အဖျားရှိတယ်ဆိုရင် တခြားအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တာတွေ၊ ဝူဟန်က ပြန်လာတာတွေ စတာတွေ စစ်တယ်။

Voice    : မြန်မာပြည်မှာ သံသယလူနာတွေ့ရပါ သလား။
Dr KKG : မရှိသေးဘူး။သံသယလူနာဆိုတာ ဖျားရုံနဲ့ သံသယလူနာလို့ မသတ်မှတ်ဘူး။အခြားကိုက်ညီတာတွေ ရှိလားစစ်သေးတယ်။ လက်ရှိ သံသယလူနာတစ်ယောက်မှ မရှိဘူး။

Voice    : မြန်မာနိုင်ငံက ဘာတွေလုပ်နေပါသလဲ။
Dr KKG : အစ်မတို့မှာ စောင့်ကြပ်ကြည့်ရှုထောက်လှမ်းတဲ့ Sentinel Surveillance ရှိတယ်။တုပ်ကွေး ဆန်သောရောဂါရှိ မရှိ (Influenza Like Illness Surveillance) စစ်ဆေးတယ်။တစ်နိုင်ငံလုံးမှာ Sentinel ဆေးရုံ ၈ ခုရှိတယ်။GP ၂ ခုရှိတယ်။ အဲဒီ ၁၀ ခုကနေပြီးတော့ အဖျားရောဂါ ရှိ၊ မရှိ၊ တုပ်ကွေးဆန်တဲ့လက္ခဏာရှိ မရှိ စောင့်ကြပ်ကြည့်ရှုတဲ့စနစ် ရှိတယ်။အဲဒီစနစ်က တစ်နိုင်ငံလုံး လွှမ်းခြုံထားပြီး သား။ဒါကြောင့် ရာသီတုပ်ကွေးတုန်းက စောစောစမ်းသပ်မိပြီး စောစောကုသနိုင်ပြီး လိုအပ်တာတွေ လုပ်နိုင်တယ်။ တစ်နိုင်ငံလုံးဖြန့်ကြက်ထားတဲ့ Sentinel ရှစ်ခုက ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ခုတင် ၁၀ဝ၀ ဆေးရုံကြီး၊ မြစ်ကြီးနား၊ မြဝတီ၊ မူဆယ်၊ စစ်တွေဆေးရုံတို့နဲ့ GP မှာဆို ရန်ကုန်မှာတစ်ခု၊ မန္တလေးမှာတစ်ခုရှိတယ်။အဲဒီကနေ လူနာကဖျားတယ်၊ ချောင်းဆိုးတယ်ဆို ဓာတ်ခွဲနမူနာယူပြီး NHL ကိုပို့တယ်။ Surveillance တွေကို အားဖြည့်ဆောင်ရွက်သလို သံသယလူနာတွေ့ရင် ထိတွေ့တဲ့ မိသားစုတွေ၊ လေယာဉ်မှာတွေ့ရင် အတူစီးခဲ့တဲ့ လူတွေထိလိုက်ဖို့ကအစ စီစဉ်ထားပြီးဖြစ်တယ်။

Voice    : ဘယ်ကာလလောက်ဆို စိတ်ချရတဲ့ကာလလို့ သတ်မှတ်ပါမလဲ။
Dr KKG : စိတ်ချရတဲ့ကာလလို့ သတ်မှတ်ဖို့ နေနေသာသာ ဘယ်ကနေ ဘယ်လိုကူးတယ်ဆိုတာတောင် မသိသေးဘူး။

Voice    : Seafood Market ကဖြစ်တယ်ဆိုတော့ ဒီမှာရော ဘာတွေလုပ်ဖို့ရှိလဲ။
Dr KKG : ဝူဟန်မှာရှိတဲ့ Seafood Market က တချို့နေရာတွေမှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်တာ၊ ဖောက်ကားတာရှိတယ်။ အခုထက်ထိ ဘာကြောင့်ဆိုတာမသိသေးလို့  Seafood ကြောင့်ဖြစ်တယ်လို့ ပြောလို့မရသေးဘူး။ Seafood ကြောင့်ဖြစ်ဖို့ဆိုတာ ရာခိုင်နှုန်းနည်းသွားပြီ။မြန်မာနိုင်ငံမှာ ပင်လယ်စာထုတ်ကုန်ရောင်းချရေးစက်ရုံတွေရှိတယ်။အဲဒါတွေ မှာ ဖျားနာလူနာရှိရင် ကျန်းမာရေးဝန်ထမ်းတွေကိုအကြောင်းကြားဖို့လုပ်တယ်။ခုထိတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှာဖွေနေတုန်းပဲ။

Voice    : ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူအချင်းချင်း ကူးစက်နိုင်ပါသလား သိပါရစေ။
Dr KKG : Coronavirus ကတော့ ကြီးမားတဲ့ ဗိုင်းရပ်စ်မျိုးနွယ်အုပ်စုဝင်တွေဆိုတော့ သာမန်အအေးမိ နှာစေးတာ၊ ဖျားနာတာကစပြီး SARS တို့၊ MERS တို့လို အသက်ရှူလမ်းကြောင်းဆိုင်တာတွေထိဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစား။သာမန်အအေးမိတာလည်း Coronavirus ၊ SARS တို့ MERS တို့လို ပြင်းထန်တဲ့ထိဖြစ်နိုင်တယ်။အခုဖြစ်နေတာ Novel (new) Coronavirus ဆိုပြီး  Diagnosis ရပြီ။ Novel  Coronavirus အရင်ကလောက် လူတွေကို ကူးစက်ခြင်းမရှိတဲ့ ဗိုင်းရပ်စ်အမျိုးအစားအသစ်။ပထမဆုံးစဖြစ်တုန်းက SARS တွေလား၊ MERS တွေလားဆိုပြီး စိုးရိမ်နေကြတာ။၂၀ဝ၂ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ SARS  ဖြစ်တယ်။ SARS  ဖြစ်တာ ကြောင်ကတိုးကနေ စဖြစ်တာ။ ၂၀၁၂ ခုနှစ်မှာ ဆော်ဒီအာရေးဗီးယားမှာ MERS ဖြစ်တယ်။အဲဒါသစ်ကုလားအုတ်ကနေတစ်ဆင့်ဖြစ် တယ်။ အဲဒါတွေကလည်း Coronavirus အုပ်စုပဲ။ Coronavirus အများစုက တိရစ္ဆာန်မှာပဲပျံ့နှံ့တယ်။လူကို ကူးစက်ခြင်းမရှိဘူး။  Coronavirus က လူကနေ တစ်ဆင့်လူကိုကူးစက်နိုင်တယ်။ရောဂါရှိသူနဲ့ အတူနေ မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်း တွေကို ကူးစက်နိုင်တယ်။ ဒါပေမဲ့ အခုတွေ့ရတဲ့ Novel  Coronavirus က လူကနေ လူကို ကူးစက်တဲ့ အထောက်အထား အခုထက်ထိ မရှိသေးဘူး။သူ့အတွက် ကာကွယ်ဆေးမရှိသေးဘူး။သူက အသစ်ကိုး။သူ့အတွက် တိကျတဲ့ရောဂါကုထုံးတွေမရှိသေးဘူး။ဒါပေမဲ့ လူနာအခြေအနေပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေကို ကုသနိုင်တယ်။

Voice    : ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါသလဲ။
Dr KKG : သူက ဖျားနာတယ်၊ နှာစေးတယ်၊ နှာချေတယ်၊ ချောင်းဆိုးတယ်ဆိုတော့ အဲလိုရောဂါဖြစ်သူနဲ့ အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်မယ်။လက်ကို စနစ်တကျ မကြာခဏဆေးမယ်။ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးမယ်။လူထူထပ်တဲ့နေရာ မသွားဘူး။ဒါတွေက မကူးစက်အောင်ရှောင်ကြဉ်နည်း။ကိုယ်ခံအားကောင်းအောင်နေမယ်။သန့်ရှင်းလတ်ဆတ်တဲ့အစားအသောက်တွေစားမယ်။အိပ်ရေးဝ အောင် အိပ်မယ်။လေကောင်းလေသန့်ရတဲ့နေရာမှာ နေမယ်။သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်။ဒါဆိုရင် ကိုယ်ခံစွမ်းအားတက်လာရင် ရောဂါပိုးကူးစက်တဲ့ဒဏ်ကို ကာကွယ်နိုင်မယ်။

Voice    : ကျေးဇူးတင်ပါတယ်။

အေးသန္တာထွန်း