News

POST TYPE

INTERVIEW

ကြည်ဖြူသျှင်နှင့် တွေ့ဆုံခြင်း
15-Jan-2020
လက်ရှိအောင်မြင်တဲ့ မင်းသား၊ မင်းသမီးတွေက အသက်ကြီးလာမှာပဲလေ။ သူတို့ကြီးလာတဲ့အချိန်မှာ အသစ်သာမရှိရင် ပျက်သွားမှာပေါ့။


ဒါရိုက်တာကြည်ဖြုသျှင်နဲ့တွေ့ဆုံခိုက် ၂၀၂၀မှာ စီစဉ်ထားသော အနုပညာတွေအကြောင်း၊ သရုပ်ဆောင် အသစ်တွေရုပ်ရှင်ရုံပေါ်ရောက်တဲ့အခါ အားပေးမှုနည်းတဲ့အကြောင်းနဲ့  အသစ်တွေအမြဲလိုအပ်နေတဲ့ အကြောင်းအရာတွေကို မေးမြန်း ထားပါတယ်။ 

Voice : ဒီနှစ်အတွက် အနုပညာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး Plan တွေဆွဲထားသေးလဲ။
KPT   : ၂၀၂၀ အတွက်ကတော့ အစီအစဉ်တော့ရှိပါတယ်။အတိအကျကြီးပြောရရင် ခက်နေသေးလို့ပါ။ 

Voice : လက်ရှိရုံတင်နေတဲ့ ကား (၃ က) ပေါ့နော်။အသစ်တွေနဲ့ ရိုက်ထားတာဆိုတော့  ထင်သလောက်မဖြစ်တဲ့အပေါ်ရော။ 
KPT   : အဓိကသရုပ်ဆောင်အသစ်တွေကို မွေးထုတ်တယ်ဆိုတာက ရုပ်ရှင်ကနေတန်းပြီး မွေးထုတ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ အစ်မတို့ ဖြတ်သန်းခဲ့တဲ့ အစဉ်အလာအရဆိုရင် အရင်ဆုံးဗီဒီယိုကနေ ပရိသတ်ဆီရောက်အောင် အရင်ပို့ရတယ်။ပရိသတ်လက်ခံတဲ့ အဆင့်ရောက်မှပဲ ရုံပေါ်တက်တာပေါ့နော်။အစ်မအမြင်ပြောရရင်တော့ ဒီခေတ်ပရိသတ်တွေက အသစ်ကိုပိုအားပေးပါတယ်။ အစ်မတို့ခေတ်က မင်းသား၊ မင်းသမီးအသစ်တွေ ရုံပေါ်ရောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။အားပေးဖို့လည်း ခက်ပါတယ်။ ဒီခေတ်ကတော့  ပိုအားပေးပါတယ်။ဒါပေမဲ့ ရုပ်ရှင်ကိုတော့ ဒီထက်ပိုပြီးတော့ အားပေးရင်တော့ကောင်းတာပေါ့နော်။   ရုံဝင်ခဈေးကြီးတာတွေရယ်။ TV Channel တွေကနေ ဇာတ်ကားတွေက တအားကြည့်ရတယ်။သူတို့အတွက် ရွေးချယ်စရာများလာတော့ ရွေးချယ်မှုကြောင့်လို့ ဖြစ်သွားတယ်ထင်ပါတယ်။ 

Voice : ရုံဝင်ခဈေးကြီးတယ်ဆိုတော့ Fair ဖြစ်နိုင်မယ့်ဈေးကိုရောလုပ်ပေးလို့ ဖြစ်နိုင်မလား။အစ်မရဲ့ အမြင်ကရော။
KPT   : ပြောရမယ်ဆိုရင် ရုံရှင်တွေဆိုဒ်ကတော့ သူတို့ရင်းထားတဲ့ Cost အရတော့ ဒီလိုပဲသွားမှာပဲ။ဒီထက်နိမ့်တဲ့ ရုံမျိုးလေးတွေလည်း ပေါ်လာသင့်တယ်လို့တော့ထင်တယ်။သူ့ Level နဲ့ သူပေါ့နော်။Level စုံကြည့်လို့ရမယ့် အရာမျိုးပေါ့။တစ်ပြိုင်နက်တင်တာကတော့ Level မြင့်တဲ့ရုံတွေသွားပြီး အဲကနေဆင်းတဲ့အခါမှာ ဈေးသင့်တဲ့ရုံလေးတွေ ရှိပေးမယ်ဆိုရင်တော့ ကြည့်ရမယ့် ပရိသတ်အတွက်လည်း ဘာပဲပြောပြော သူနိုင်တဲ့ဝန်နဲ့ သူကြည့်မှာပဲ။အခုဆိုရင်ပြောရင် Gold Class တို့ဆိုရင် တကယ့် Level အမြင့် ရုံတွေပေါ်လာသလိုပဲ အရင်တုန်းကဆို ဗီဒီယိုရုံလေးတွေရှိတယ်။အဲလိုသဘောမျိုးပေါ့။ဗီဒီယိုရုံလောက်လည်း နိမ့်တာမျိုးမဟုတ်ဘူး။ဒါပေမဲ့လည်း ကွာလတီတစ်ခုနဲ့ အဆင့်တစ်ခုနဲ့ ဈေးသင့်တဲ့ရုံလေးတော့ထပ်ပြီး ရှိသင့်တယ်လို့ အစ်မတော့မြင်ပါတယ်။ 
  
Voice : နောက်ထပ်အသစ်လေးတွေကို ဘယ်လိုအကြံပြုစကားပြောချင်လဲ။ 
KPT   : အစ်မကတော့ အသစ်လေးတွေကို အမြဲကြိုဆိုပါတယ်။အစ်မကိုယ်တိုင်လည်း အရင်ကတည်းက အသစ်တွေကိုတင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အသစ်မတင်လို့ရှိရင် လက်ရှိအောင်မြင်တဲ့ မင်းသား၊ မင်းသမီးတွေက အသက်ကြီးလာမှာပဲလေ။ သူတို့ကြီးလာတဲ့အချိန်မှာ အသစ်သာမရှိရင် ပျက်သွားမှာပေါ့။လက်ရှိအောင်မြင်နေတဲ့ မင်းသား၊ မင်းသမီးတွေရှိသလိုပဲ။ အသစ်တွေလည်းရှိရမယ်။အသစ်တွေပေါ်လာမှပဲ ဒီအနုပညာလောကက အဆက်မပြတ်ဘဲနဲ့  ရစ်သမ် မှန်မှန်နဲ့ သွားနိုင်မှာပေါ့နော်။ 

ခင်ညိုညိုသိမ့်