News

POST TYPE

INTERVIEW

ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း
14-Jan-2020
"ရေပန်းစားတဲ့အဖြစ်အပျက်တစ်ခုပေါ်မှာ ကျွန်တော် လုပ်စားလိုက်တာမဟုတ်ဘူး"



ဒါရိုက်တာညိုမင်းလွင်နဲ့ တွေ့ဆုံခိုက် မြမြရုပ်ရှင်ရုံတင်ပြသတော့မယ့်အကြောင်း၊ ဆင်ဆာလွတ်ခဲ့တဲ့အကြောင်းနဲ့ တောင်ဒဂုံက ပရိသတ်များကိုလည်း ခေါ်ပြသမယ့် အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : မြမြလည်း ရုံပေါ်ရောက်တော့မယ်ဆိုတော့ ပွဲကနည်းနည်းဆူနေတာလား။ 
NML  : ပွဲဆူပါစေတော့ရယ်လို့ မဟုတ်ပါဘူး။ဒီလိုပါပဲ။ မြမြ စရိုက်မယ်ပြောကတည်းက ဆူနေတာပဲလေ။ ကျွန်တော်ကတော့ ကိုယ်ယုံကြည်တဲ့ ဒီအဖြစ်အပျက်တစ်ခုလုံးမှာ ကျွန်တော်ယုံကြည်တဲ့ ထောင့်တစ်ခုရှိတယ်။လက်ခံထားတဲ့ အရာတစ်ခုရှိတယ်။အဲဒီအတိုင်း ကျွန်တော်ဇာတ်လမ်းဖန်တီးပြတယ်။စရိုက်ကတည်းကလည်း ပွဲဆူအောင် ပြောခဲ့တာမဟုတ်ဘူး။ တကယ် ရိုက်ချင်လို့ပြောခဲ့တာ။အဲအတိုင်း တကယ်ရိုက်ခဲ့တယ်။အခု အကောင်အထည်ပေါ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ ရုံတင်တဲ့အဆင့် ရောက်လာတယ်။ပြင်ဆင်ထားတာတွေကတော့ အပြင်မှာပြောတာထက် ဇာတ်ကားကိုကြည့်လိုက်ရင် သိသာပါလိမ့်မယ်။ ဒီကားနဲ့ပတ်သက်လို့ ရေပန်းစားတဲ့အဖြစ်အပျက်တစ်ခုပေါ်မှာ ကျွန်တော် လုပ်စားလိုက်တာမဟုတ်ဘူး။ကျွန်တော်ပြချင်တာတစ်ခု ခိုင်ခိုင်မာမာ ရှိတယ်ဆိုတာလေးကိုပြချင်တာပါ။ 

Voice : အဲဒီအဖြစ်အပျက်အတိုင်း တကယ်တူအောင် ပြန်ရိုက်ထားတာလား။
NML  : ပရိသတ်သိန်းပေါင်းများစွာ ကြည့်ခဲ့ဖူးတဲ့ မြင်ကွင်း တစ်ခုဖြစ်တဲ့အတွက် တစ်ထပ်တည်းတူအောင် ပြန်လုပ်ပြချင်တာပေါ့နော်။ ဒီတကယ်ဖြစ်ခဲ့တဲ့ တောင်ဒဂုံ ၁၀၇ ရပ်ကွက် အဲဒီ လမ်းထောင့်လေးမှာ တရားပွဲမြင်ကွင်းကို ပြန်ဆင်တယ်။အဲတုန်းက ဆရာတော် တွေကို ပြန်ပင့်တယ်။ရပ်ကွက်ထဲကလူတွေကို ဓာတ်ပုံပြပြီးတော့ တစ်အိမ်တက်တစ်အိမ်ဆင်း ပြန်လိုက်ရှာပြီးတော့ အဲဒီအင်္ကျီရှိရင် ပြန်ဝတ်ပေးပါ။ အဲလူတွေ အကုန်လုံးကိုပြန်ခေါ်တာ ဝင်းသပြေထွန်း ဝတ်ထားတဲ့အင်္ကျီဆိုရင် ခင်ဇာခြည်လွင်ဆိုတဲ့ ကောင်မလေးအင်္ကျီပဲ။ထူးခြားမှုတစ်ခုခုတော့ ပြောရမှာပေါ့လေ။ဆရာတော်ကတော့ ပြောတယ်။အဲဒီနေ့က မြင်ကွင်းကို ပြန်ကြည့်နေရသလိုပဲတဲ့။ကျေနပ်ပါတယ်။

Voice : ဆင်ဆာလည်း လွတ်လွတ်ကျွတ်ကျွတ်ပဲနော်။ 
NML  : အဓိကဇာတ်လမ်းကို မဖျောက်ဘူး။ညကျောင်းက ရိုက်တာမို့ ပြဿနာအဖြစ်မခံဘဲ ဆင်ဆာကိုပြောတဲ့အတိုင်း ဖြတ်တာ လားဆိုတော့မဟုတ်ဘူး။ညကျောင်းမှ ရိုက်တာတို့ ဘယ်ကမှ ရိုက်တာတို့မဟုတ်ဘူး။အဓိကဇာတ်လမ်းကို မဖျောက်ဘူး။ဟိုအပြ လေးနည်းနည်းပြ၊ ဒီအပြလေးနည်းနည်းပြတာကို လက်ခံလို့ရတယ်။အခြားကားတွေဆို အပြလေးဖြတ်ပေးပါဆို ဖြတ်ပေးလိုက်တာပဲ။ ဇာတ်လမ်းကိုဖြတ်ရင်သာ ကျွန်တော်ကွိုင်ရှာတာ။ဇာတ်လမ်းကျတော့စဉ်းစားကြည့်လေ။ဇာတ်လမ်းဖြတ်လို့ရှိရင် လုပ်ထားတဲ့အထဲက တစ်ခန်းလောက်ကို ဖြတ်ထုတ်လိုက်ရင်တောင် သူလေးငါးခန်းလောက် တွဲပါသွားတာရှိတယ်။ဇာတ်လမ်းကိုဖြတ်ရင် ဘယ်ထုတ်လုပ်ရေးပဲ ဖြစ်ဖြစ်ပြောမှာပဲ။အခုဟာက ဆင်ဆာက ဇာတ်လမ်းကိုမဖြတ်ဘူး။နည်းနည်းပါးပါးလျှော့ အသံလေးနည်းနည်းပါးပါးလောက်ဆိုတော့ ကျွန်တော်လက်ခံပြီး ဖြတ်ပေးလိုက်တယ်။ 

Voice : ဇာတ်ကားရုံတင်ပြသရင် တောင်ဒဂုံက ပရိသတ် တွေကိုရော ခေါ်ပြမှာလား။ 
NML  : ဟုတ်ကဲ့။အကုန်လုံးတော့ မဟုတ်ဘူး။အဓိကပါနေတဲ့သူတွေ ဖိတ်ပြီးပြဖို့တော့ရှိပါတယ်။

Voice : မြမြအတွက် ရင်ခုန်မျှော်လင့်ထားမျိုးရောရှိလား။ 
NML  : ကျွန်တော် ယုံကြည်ရာကိုလုပ်ပြထားပြီးပြီ။ဒီအပေါ်မှာ ပရိသတ်လက်ထဲကိုအပ်ပေးလိုက်တယ်။ကျွန်တော်က  ကျွန်တော့်ကားကိုထွက်ရင် ပြန်ကြည့်တဲ့အကောင်မှမဟုတ်တာ။ဗီဒီယိုအခွေတုန်းကလည်း ပရိုဂျူဆာလက်ထဲကို အခွေမအပ်ခင် အထပ်ထပ်ပြင်ဆင်တယ်။ပြန်ကြည့်တယ်။ထွက်လာရင် ငါနဲ့မဆိုင်တော့ဘူး။ကျွန်တော်ထွက်ပြီးသားကား ပြန်လည်းမသိမ်းဘူး။ အဟောင်းပြန်ကြည့်ရတဲ့ နှစ်နာရီစာကိုအချိန်ကုန်မခံဘူး။ထွက်ပြီးသားကားတွေ ကျွန်တော့်မှာတစ်ခုမှမရှိဘူး။ 

ခင်ညိုညိုသိမ့်