News

POST TYPE

INTERVIEW

မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနှင့် တွေ့ဆုံခြင်း
13-Jan-2020
“မူတစ်ခုဖြစ်လာရင် အင်မတန်ဈေးကြီးတဲ့ကားကစပြီး ဈေးနည်းတဲ့ကားအထိ အကုန်လုံးက အရောင်းအဝယ်အေးသွားတာပဲ”



ကားအမည်ပေါက်ပြောင်းလဲမှု ထုတ်ပြန်ချက်‌ကြောင့် ကားလောကလှုပ်ခတ်မှုအ‌ခြေအနေနှင့် ၂၅ နှစ်လုပ်သက်ရှိ ဝန်ထမ်းများကို ကားပါပစ်အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းနိုင်ရန် စီစဉ်နေမှုကြောင့် ကားလောကအတွင်း ကြုံတွေ့နိုင်မည့် အခြေအနေများသိရှိနိုင်ရန် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးကို တွေ့ဆုံမေးမြန်းထားပါသည်။ 

Voice : လက်ရှိ ကားအရောင်းအဝယ်ဈေးကွက် အ‌ခြေအနေလေးသိပါရစေ။
UKS : ကားဈေးကွက်ကတော့ သုံးရာခိုင်နှုန်း အခွန်ကိစ္စဖြစ်ကတည်းက တော်တော်ငြိမ်သွားတယ်။ အရောင်းအဝယ် ရပ်တန့်သွားတယ်။ အဓိကပြဿနာက သုံးရာခိုင်နှုန်းမှာကတော့ မော်တော်ယာဉ် ဥပဒေအရကြည့်ရင် အခွန်နှစ်ထပ်ဖြစ်နေတာကို သွားတွေ့တယ်။ တကယ်လည်း အခွန်ဆောင်ရမှာက ဝယ်ခွန်ဆောင်ရမှာ။ နိုင်ငံတော်အတွက်ကိုလည်း ဝယ်ထားတဲ့ကားအတွက်ကို ငွေဖြူဘယ်လောက်ရှိလဲ။ နိုင်ငံတော်ကို အခွန်အခ ဘယ်လောက်ဆောင်ပြီးပြီလဲ။ မဆောင်ရသေးတဲ့အခါကျရင် ဝယ်ခွန်မှာ အခွန်ဌာနကနေ သက်ဆိုင်ရာက ကောက်ခံတဲ့ဟာကို ဒါဆောင်လိုက်ရင် ကညနသည်လည်း အမုန်းပွားစရာမလိုဘူး။ အဆဲခံစရာမလိုဘူး။ လိပ်စာပြောင်းအမည်မှန်လည်း တကယ်ရမယ်။ အခွန်အခလည်း အခွန်ဌာနက သူ့နည်းစနစ်အတိုင်း ကောက်မယ်ဆိုရင် နိုင်ငံတော်က အခွန်ရမယ်။ အခု ၂၅ နှစ်ဝန်ထမ်းတွေကို ပေးတဲ့ အခွင့်အရေးကတော့ အစ်ကိုတို့က အကောင်းမြင်ဝါဒနဲ့မြင်တယ်။ ဒါပေမဲ့ ကားလုပ်ငန်းရှင်တွေ အများကြီး သွင်းထားတဲ့ ထုတ်လုပ်ကုန်တို့ ၊ SKD တို့လို အများကြီးသွင်းထားတဲ့သူ‌တွေ ရှိတယ်။ အဲဒီလူတွေအတွက်ကတော့ နစ်နာတဲ့အပိုင်းအနေအထားက ၂၅ နှစ် ပါမစ်က အခွန်ကင်းလွတ်ခွင့်ပါတဲ့အတွက် သူတို့မှာ ထိခိုက်နစ်နာတဲ့ အကြောင်းအရာတွေ အများကြီးရှိတယ်။ ဖြစ်သင့်တာက ဝန်ထမ်းတွေကိုချပေးတဲ့ဟာကို တိုက်ခိုက်နေမယ့်အစား နိုင်ငံတော်ကနေ လုပ်ငန်းရှင်တွေရဲ့နစ်နာမှုကို ဘယ်လိုဖြေလျှော့ပြီး လုပ်ပေးနိုင် မလဲ။ လုပ်ငန်းရှင်ကြီးတွေကလည်း ကျွန်တော်တို့ရဲ့ နစ်နာမှုအတိုင်းအတာလေးက ဘယ်လိုဖြစ်တဲ့အတွက် နိုင်ငံတော်က ဘယ်လိုဖြေလျှော့ပေးနိုင်မလဲ။ အဓိက အဲဒါလေးတွေကို ညှိနှိုင်းဆောင်ရွက်ရင် အားလုံး အဆင်ပြေသွားမယ်လို့မြင်တယ်။ ချပေးတဲ့အနေ အထားမှာတော့ အစ်ကိုတို့ကားအသင်းအနေနဲ့ ရသင့်ရထိုက်တယ်။ ပေးသင့်ပေးထိုက်တယ်။ အားလုံးကတော့ ဖြစ်စေချင်တယ်။ တာဝန်ထမ်းဆောင်သူ မှန်သမျှ အဂတိကင်းရှင်းရမယ်။ အဂတိကင်းတယ်။ ပြည်သူ့ဝန်ထမ်းအစစ်ဖြစ်တယ်။ ပြည်သူတွေ အားလုံးအတွက် ပေးတဲ့သူတွေဆိုရင် နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးကို သူတို့လည်းရသင့်တယ်။ နိုင်ငံတော်ကလည်း ပေးသင့်တယ်။

Voice : အခွန်ဆောင်တာနဲ့ပတ်သက်ပြီး SKD စနစ်နဲ့သွင်းတဲ့သူတွေကနိုင်ငံတော်ကို အခွန်ဘယ်လို ဆောင်လဲ။ ညာမောင်းသွင်းတဲ့သူတွေကကော အခွန်ဘယ်လောက်ဆောင်ရလဲ။
UKS : SKD လို အခုသွင်းတဲ့ တရုတ်ကား တွေက သူတို့ကတော့ အခွန်နှုန်းထားအတိအကျ အပြင်လည်းမထွက်လာဘူး။ အခွန်နှုန်းထားမှာ အရမ်းနည်းပါးတာကိုမြင်တယ်။ မော်တော်ယာဉ် ထုတ်လုပ်မှုမှာသူက အာဆီယံဥပဒေအတိုင်း သွားတယ်။ မော်တော်ယာဉ်ထုတ်လုပ်မှု စက်ရုံတွေတည် ဆောက်တယ်။ ဒီရဲ့စည်းမျဉ်းကို ကြည့်လိုက်တဲ့အခါကျရင် နံပါတ် ၁ က စက်ရုံကြီးတွေ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံမယ်။ စက်ရုံတွေလုပ်ကြမယ်ဆိုရင် ကိုယ့်နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက အားလုံးအလုပ်အကိုင်ရမယ်။ ဘယ်လောက်ရမလဲဆို စက်ရုံတွေတည်ဆောက်ရင် လူတွေရာချီပြီး အလုပ်အကိုင်ရရှိမယ်။ ဒါပေမဲ့ အစ်ကိုတို့လေ့လာသုံးသပ် ချက်အရ အခုတိုရိုတာ စက်ရုံလာဆောက်တယ်။ ဆောက်တဲ့စက်ရုံဆိုရင် အစ၊ အလယ်၊ အဆုံးလုပ်မှာ ဖြစ်တဲ့အတွက် လုပ်သားအင်အား အပြည့်အဝသုံးစွဲရမယ်။ မှန်မှန်ကန်ကန် အလုပ်သမားအလုပ်ရရှိမယ်။ ကိုယ့်တိုင်းရင်းသားတွေ အကုန်အလုပ်ရမယ်။ အခုသွင်းထားတဲ့ ကားတွေကတော့ ခုနကဥပဒေအတိုင်း အခွန်အခနည်းတာပဲရှိတယ်။ အခွန်သက်သာတာပဲရှိတယ်။ တကယ်တမ်းကျတော့ စက်ရုံမှာလည်း အလုပ်သမားဦးရေက အဲဒီလောက်များပြားတာ မရှိဘူး။ တစ်ပတ်ရစ် ဂျပန်ကားတွေသွင်းတာကို လေ့လာကြည့်တဲ့အခါ ဒီအဟောင်းသွင်းတဲ့ ကားတစ်စီးရဲ့အခွန်အရပ်ရပ်ဆောင်ရတဲ့ဟာကို ၁၆၅ ရာခိုင်နှုန်းလောက်ရှိတယ်။ အင်ဂျင်ပါဝါချင်း အတူတူကိုတောင် ၂၆၅ သိန်းဝင်ရင် SKD က နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို အခွန်ဆောင်ထားတဲ့နှုန်းထားက အရမ်းနည်းပါးတယ်။ အဟောင်းနဲ့အသစ်ဖြစ်ပေမယ့် အခုကဥပဒေအရ သူ့မှာအခွန်အခ အင်မတန်နည်းပါးတယ်။ နည်းပါးပြီး SKD စနစ်နဲ့ ဥပဒေအတိုင်းအခွန်နည်းပြီး တော့ ပြည်သူလူထုကိုရောင်းချနိုင်တာဖြစ်တယ်။ နိုင်ငံဘဏ္ဍာက အဲဒီမှာ တကယ်တမ်းပြောရင် တကယ်အမှန်အကန်စက်ရုံတွေ ရရှိတဲ့နှုန်းထားကို အခွန်အခ သက်သာပြီးတော့ တကယ်တမ်းကျတော့ သူက စက်ရုံကြီးတွေလို စလယ်ဆုံး လုပ်တာမဟုတ်ဘူး။ ဒါကလည်း နိုင်ငံတော်အခွန်နစ်နာတယ်။ ဥပဒေကလည်း သေချာပြန်စဉ်းစားရင် နည်းနည်းလွဲမှားတာ ရှိတယ်။  အရောင်းပြခန်းနဲ့ ကားထုတ်လုပ်တဲ့ပုဂ္ဂိုလ်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူကြဘူး။ မူဝါဒတွေအပြောင်းအလဲက ခေတ်အဆက်ဆက်မှာ ဖြစ်ခဲ့တယ်။ ကားလောကမှာလည်း မူဝါဒ အပြောင်းအလဲကြောင့် နစ်နာဆုံးရှုံးသွားတဲ့သူတွေ အများကြီးရှိတယ်။ စီးပွားရေးလုပ်တယ်ဆိုတာတော့ မှားယွင်းတဲ့မူဝါဒတစ်ခုကြောင့် ပြည်သူတွေဆုံးရှံးတာနဲ့ ပြည်သူတွေ ကောင်းစားချင်လို့လုပ်တဲ့ မူဝါဒတစ်ခုကြောင့် လုပ်ငန်းရှင်တွေအနည်းနဲ့အများ ထိခိုက် နစ်နာတာနဲ့နှစ်ခုကိုယှဉ်ပြီး စဉ်းစားရမှာပေါ့။ လုပ်ငန်းရှင်တွေကိုလည်း ပြောချင်တာက ပြည်သူ့ဝန်ထမ်းတွေအတွက် နိုင်ငံတော်ကချမှတ်ပေးတဲ့မူဝါဒကို ရိုးရိုးသားသား အဂတိကင်းရှင်းပြီး ကြိုးစားလုပ် ကိုင်လာတဲ့သူတွေအတွက် သက်သာတဲ့အခွင့်အရေး တစ်ခုကို သူတို့ကို ရရှိစေချင်တယ်။ ဝန်ထမ်းတွေကလည်း နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို အဂတိကင်းရှင်းလို့ တကယ်လုပ်ဆောင်နိုင်တယ်ဆိုရင် နိုင်ငံတော်အစိုးရကလည်း ကြည့်သင့်တယ်။

Voice : ကားဈေးကွက်က လက်ရှိအစိုးရလက်ထက်နဲ့ အရင်အစိုးရလက်ထက်ကနဲ့ ပြောင်းလဲမှုရှိလား။
UKS : ကားဈေးကွက်က အဓိကပြောချင်တာ တစ်ခုက မော်တော်ယာဉ်နဲ့ပတ်သက်လို့ မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာနက မူဝါဒချမှတ်မယ်ဆိုရင် မြေပြင်ကိုဆင်းစေချင်တယ်။ ကားမူဝါဒတစ်ခုချမှတ် မယ်ဆိုရင် အသစ်ပဲလုပ်လုပ်၊ စက်ရုံပဲလုပ်လုပ် အဓိက ကားဝယ်စီးနေတဲ့ ပြည်သူတွေ၊ ကားဝယ်ရောင်း လုပ်နေတဲ့ သူတွေနစ်နာသွားမယ့် အတိုင်းအတာ၊ မူဝါဒတစ်ခုကိုလည်း တိုင်းပြည်ကောင်းစားရေးအတွက် ပြုပြင်ပြောင်းလဲသလို ပြောင်းလဲစဉ်ကာလမှာ လူတွေ အားလုံးရဲ့ အကျိုးခံစားမှု၊ ဆုံးရှုံးနစ်နာမှုတွေကို ဘယ်လိုနည်းနဲ့ အနည်းဆုံးဖြစ်မလဲ၊ ကောင်းတဲ့မူကိုလည်း ပြောင်းမယ်။ လူတွေကိုလည်း တအားကြီး မနစ်နာသွားဘဲနဲ့နစ်နာမှုနည်းနည်းလေးနဲ့ လမ်းမှန်ကို ရောက်အောင် တစ်ဆင့်ချင်းပြောင်းလဲစေချင်တယ်။

Voice : ဆိုင်းငံ့မယ်၊ အတည်ဆိုပြီး ပါမစ်ကိစ္စကဖြစ်နေတော့ ဈေးကွက်အ‌ခြေအနေကရော။
UKS : အခုလက်ရှိက အခုမှကားဈေးကွက်က ရပ်နေတာမဟုတ်ဘူး။ ၃ ရာခိုင်နှုန်း အခွန်ကိစ္စဖြစ်ကတည်းက ကားလောကရဲ့ ကားဈေးကွက်က အခုဆိုရင် ၂ လ၊ ၃ လလောက်ရှိပြီ၊ အရောင်းအဝယ်တွေရပ် သွားတယ်။ အရောင်းအဝယ်တွေပါးတယ်။ ကားစီး ပြည်သူတွေကလည်း ဘာပြဿနာတွေဖြစ်မလဲဆိုတာ အခွန်ကိစ္စပတ်သက်ကတည်းက ကားဝယ်စီးဖို့တွက်ကြတယ်။ အရင်တုန်းက အမည်မပေါက်တဲ့ ကားနှစ်စီး၊ သုံးစီးရှိချင်ရှိမယ်။ တကယ်တမ်းအမည်ပေါက်အခွန် ဆောင်ရမယ်ဆိုတော့ သူတို့စဉ်းစားစရာ ဖြစ်လာပြီ။ ရွေးချယ်စရာတွေ ဖြစ်လာပြီ။ သုံး၊ လေးစီးထားမလား။ တစ်စီးတည်းထားမလား။ အခွန်ဆောင်ရမယ်၊ အမည်ပေါက်ဖြစ်ရမယ်ဆိုတော့ အဲဒီလိုကိစ္စမျိုးတွေဖြစ်တဲ့အတွက် လက်ရှိကားဈေးကွက်အနေအထားက လုံးဝရပ်ဆိုင်းသွားတယ်။ ဝယ်ချင်တဲ့သူကလည်း အခြေအနေစောင့်ကြည့်တဲ့အနေအထားတွေ ဖြစ်ကုန်တယ်။

Voice : လက်ရှိမှာ ဘယ်မောင်းအပြင် ညာမောင်းတွေကိုပါ တင်သွင်းပြုသင့်တယ်ဆိုတဲ့အပေါ်မှာရော။
UKS : မော်တော်ယာဉ်စည်းကမ်း ယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ဘယ်ကိုင်းအတွက်ဦးတည်ပြီး လုပ်ကြတာပေါ့။ ဘယ်ကိုင်းဆိုရင် ပိုပြီးကောင်းတာပေါ့။ အစ်ကိုတို့အမြင်အရပြောရရင် မော်တော်ကားတစ်စီးရဲ့ယာဉ်အန္တရာယ်၊ အဝေးပြေးလမ်းဖြစ်ဖြစ်ပေါ့၊ ဘယ်ကိုင်းနဲ့မောင်းမောင်း ညာကိုင်းနဲ့မောင်းမောင်း အန္တရာယ်ကင်းရှင်းရေးက ဘယ်သူ့အပေါ်မူတည်လဲဆိုတော့ ယာဉ်မောင်းအပေါ်ပဲ မူတည်တယ်။ ဘယ်မောင်းကားကြီးကိုမောင်းပြီးလည်း အန္တရာယ်ဖြစ်ရင် လူသေတယ်။ ညာမောင်းကားနဲ့လည်းဖြစ်တာပဲ။ ယာဉ်အန္တရာယ်ကတော့ မော်တော်ယာဉ်မောင်းတဲ့သူအပေါ်မှာပဲ မူတည်တယ်၊ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြဘူး။ တချို့က ဘယ်မောင်းကြိုက်တယ်၊ အဆင်ပြေတယ်၊ တစ်ယောက်က ညာမောင်းကြိုက်တယ်၊ ညာမောင်းကလည်း နှစ်ပေါင်း များစွာမောင်းလာတဲ့အခါကျတော့ ယာဉ်မောင်းတွေ အကုန်လုံးက ညာမောင်းနဲ့ကျင့်သားရနေတယ်၊ 

Voice : လက်ရှိကားအရောင်းအဝယ် အနေအထားကရော။
UKS : မူတစ်ခုဖြစ်လာရင် အင်မတန်ဈေးကြီးတဲ့ကားကစပြီး ဈေးနည်းတဲ့ကားအထိ အကုန်လုံးက အရောင်းအဝယ် အေးသွားတာပဲ။ မူဝါဒပေါ်လစီချပြီး အတည်ဖြစ်သွားတဲ့အခါ ပါမစ်တွေထွက်လာတဲ့အခါ ကျရင် ‌အဖြေမှန်တစ်ခုရမှာပါ။ ဂယက်ရိုက်တဲ့အနေ အထားကတော့ လက်ရှိကားဈေးကွက်ဘယ်လိုမှ မကောင်းဘူး။ အရောင်းအဝယ်ဈေးကွက် ရပ်ဆိုင်း သွားတယ်။ ဒါက မူဝါဒအပြောင်းအလဲတွေမှာ အမြဲကြုံနေရတာ။ လက်ရှိဖြစ်ပေါ်လာတဲ့အနေအထားမှာ ပြန်ရုန်းကန်ပြီး လည်ပတ်သွားတာပဲ။ လုံးဝကျဆင်း သွားတာတော့ မမြင်ဘူး။

 ဆက်နိုင်