News

POST TYPE

INTERVIEW

မြတ်ကေသီအောင်နဲ့ တွေ့ဆုံခြင်း
18-Nov-2019

တစ်ကျော့ပြန် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ သရုပ်ဆောင် မြတ်ကေသီအောင်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ပြီး ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပေါ်ပင်အောင်မြင်မှုတွေအကြောင်းကို မေးမြန်းထားပါတယ်။ 

Voice :  လက်ရှိမှာ အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲ။
MKTA :  အခုတော့ ကားကြီးတစ်ကား ရိုက်နေတယ်။ မင်းသား မင်းသမီးအများကြီးပါတယ်။ အစ်မရဲ့ ကာရိုက်တာကတော့ အပျိုအဒေါ်ကြီးပေါ့နော်။ ၁၉၅၀ ခုနှစ်လောက်ကပေါ့။ ကားရိုက်မှုက ပြောင်းလဲတာက အများကြီးတော့ မရှိပါဘူး။ အစ်မတို့ အသက်အရွယ်အရ အမြဲတမ်းလည်း ဆက်တိုက်ကြီး မရိုက်ရတော့ဘူးပေါ့နော်။ ပိုဆိုးတာက အစ်မတို့ တကယ်လိုက်မယ်ဆိုတဲ့ ကားမျိုးလောက်ပဲ။ အစ်မတို့ကို ရွေးငှားကြတယ်။ တစ်ခါတလေ တစ်နှစ်မှ တစ်ကားလောက်ပဲ ရိုက်ရတဲ့ပုံစံမျိုးပဲ ရှိတယ်။ 

Voice :  အချိန်တွေ ကွာဟပြီးမှ လုပ်တော့ အစ်မအနေနဲ့ ပျင်းမှာပေါ့နော်။ 
MKTA :  ဟုတ်တော့ ဟုတ်ပါတယ်။ ကိုယ်က အနုပညာကိုဝါသနာပါတော့ အဲဒီ အလုပ်လုပ်နေရရင် ပင်ပန်းတယ်လို့ မခံစားရဘူးလေနော်။ အစ်မဆိုင်တွေ ဘာတွေဆိုရင် သွားထိုင်တယ်။ ခုံမှာထိုင်နေရတင်ကို ပင်ပန်းတယ်လို့ထင်တယ်။ တစ်နေကုန်ရှုတင်မှာ ကားရိုက်နေရင်းနဲ့ ပြီးကာမှသာ ပြီးရောပဲ။ ပင်ပန်းလိုက်တာဆိုပြီး တွေးလိုက်တယ်။ မပင်ပန်းတဲ့နေ့တွေလည်း ရှိပါတယ်။ ပင်ပန်းရကောင်းမှန်းလည်း မသိဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့လေ။ ဝါသနာမပါတဲ့ အလုပ်ကြီးကို လုပ်နေရတာဆိုတာကလည်း ကိုယ့်ရဲ့စီးပွားရေးပေါ့နော်။ မလုပ်ချင်လည်း လုပ်ရမှာပေါ့။ အစ်မရဲ့ ရေရှည်အတွက်ပေါ့နော်။ 

Voice :  ကိုယ်အသက်ကြီးလာမယ့် အချိန်အတွက်လည်း စီးပွားရေးကို ဘယ်လိုစီမံထားလဲ။
MKTA :  အစ်မက ဟိုးအရင်ကတည်းက ဘယ်သူမှ စီးပွားရေးမလုပ်ခင်ကတည်းက ဒီအလုပ်ကို စလုပ်ရင်းနဲ့ နည်းနည်း သက်တမ်းတစ်ဝက်လောက် ရောက်လာတဲ့အချိန်မှာ အစ်မစဉ်းစားတယ်။ စီးပွားရေးတစ်ခုခုတော့ လုပ်ချင်တယ်။ လုပ်ချင်တာကလည်း အစ်မက ထမင်းဆိုင်ဖွင့်ချင်တယ်။ မြန်မာထမင်းဆိုင် ဖွင့်ချင်တယ်။ မြန်မာထမင်းဆိုင်က လူတိုင်း လာစားနိုင်တယ်လေ။ အဲချိန်တုန်းကလည်း ကားရိုက်တွေကလည်း ဆက်တိုက်တွေ ဖြစ်နေတဲ့အချိန်၊ ထမင်းဆိုင်ဆိုတဲ့အရာက လူများများနဲ့ ဖွင့်မှပဲ အဆင်ပြေမယ်။ အဲဒီအလုပ်ကို ခေါင်းထဲပဲရှိတယ်။ အတွေးထဲပဲရှိတယ်။ လက်တွေ့အကောင်အထည်မဖော်ဘူး။ အခုကျမှ မောင်လေးနဲ့ လုပ်ဖြစ်တာ။ သူများတွေက အစ်မကို ဖက်ရှင်ဆိုင်ဖွင့်ပါလား၊ တခြားဆိုင်တွေ အကြံပေးတယ်။ တခြားဆိုင်တွေက အရင်းအနှီးရှိတယ်။ မြတ်၏ မမြတ်၏ပေါ့။ ရေရှည်သွားနိုင်ရေး မသွားနိုင်ရေးဆိုတာက အရမ်းစဉ်းစားတယ်။ ဖက်ရှင်ဆိုင်ဆိုလည်း ပထမက စဉ်းစားသေးတယ်။ ညီမလေးက ဖက်ရှင်ဆိုင်ကို အရမ်းလုပ်ချင်တာ။ ဖက်ရှင်ဆိုတာက အမြဲတမ်း Up To date  ပေါ်နေမှာ ကိုယ့်မှာလက်ကျန်ပစ္စည်းမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ရှိကိုရှိမှာပဲ။ အသစ်အသစ်တွေ လူတွေကြိုက်လာ တဲ့အချိန်မှာ အဟောင်းကြီးက ကိုယ့်လက်ထဲမှာ ကျန်တဲ့အခါမှာ ကိုယ့်ရဲ့အရှုံးတွေဖြစ်လာမှာ အရမ်းစိတ်ပူတယ်။ အဲဒါကြောင့် စားသောက်ဆိုင်ပဲရွေးပြီး ဖွင့်ဖြစ်တာပါ။ 

Voice :  မကေတို့ခေတ်က ကိုယ့်နာမည်တစ်လုံး၊ အောင်မြင်မှုတန်းတစ်ခုကို ထိန်းထားနိုင်တယ်နော်။ ဒီဘက်ခေတ် ပေါ်ပင်တွေများလာတဲ့အပေါ်ရော ဘာတွေပြောချင်သေးလဲ။ 
MKTA :  ဒါကတော့ ဘယ်သူ့ ဘယ်သူ့ကိုမှ မပြစ်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အောင်မြင်ချင်ကြတာပဲ။ အောင်မြင်ချင်တော့ တစ်ခါတလေကျတော့လည်း မြန်မြန်ကိုယ့်ကို လူသိမယ့် နည်းလမ်းကိုယ်ရှာရတာပဲ။ အောင်မြင်မှုက နှစ်ခှုရှိတယ်။ အဆိုးနဲ့ အောင်မြင်မလား၊ အကောင်းနဲ့အောင်မြင်မလား။ ဖြစ်နိုင်ရင်တော့ လူတွေအားလုံးက အကောင်းနဲ့ အောင်မြင်ကြရင်တော့ အကောင်းဆုံးပေါ့။ နာမည်ကောင်းနဲ့ အောင်မြင်ကြရင် ဒါပေမဲ့ နာမည်ဆိုးနဲ့အောင်မြင်တဲ့အခါမှာလည်း သူဟာချက်ချင်းကြီး နှစ်တွေအကြာကြီးကြိုးစားပြီးမှ လူသိအောင်လုပ်ရမှာထက်စာရင် နာမည်ဆိုးနဲ့ ချက်ချင်းလူသိသွားတယ်။ ဒါကလည်း သူ့အတွက် အမြတ်တစ်ခုပေါ့နော်။ လူတွေက ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ပဲ။ ဒါကို ကောင်းတယ် မကောင်းဘူး မဝေဖန်ချင်ဘူး။ အားလုံးက ကိုယ့်အတွက်ကိုယ် လုပ်ကြတာပါ။ 

ခင်ညိုညိုသိမ့် 


  • VIA