News

POST TYPE

INTERVIEW

နေမျိုးအောင်နဲ့ တွေ့ဆုံခြင်း
15-Nov-2019
အိမ်ထောင်ဦးစီးဖြစ်တဲ့ အစ်ကိုကိုယ်တိုင် တစ်ခုခုလွဲချော်သွားမယ်ဆိုရင် အများကြီးနစ်နာဖို့ ဖြစ်လာနိုင်တယ်။ မိဘတစ်ယောက်အနေနဲ့ တစ်ခုခုမှားသွားမယ်ဆိုရင် ရှက်စရာကြီးလေ”



နာမည်ကျော်သရုပ်ဆောင်နေမျိုးအောင်နဲ့တွေ့ဆုံခိုက် ဟာသကားအရိုက်နည်းရတဲ့အကြောင်း၊ အိမ်ထောင်ရေးမှာအမှားဖြစ်ခဲ့ဖူးတဲ့အကြောင်းနဲ့ သားတွေအပေါ် ထားရှိတဲ့စိတ်၊ မိသားစုပေါ်ထားရှိတဲ့စိတ်တွေအကြောင်းကို မေးမြန်းထားပါတယ်။

Voice : ဟာသကားအရိုက်နည်းတဲ့ ကိုနေမျိုးအောင်က ရပ်ကျော်ရွာကျော်က ဟာသကားမှာ ဘယ်လိုပါဝင်ဖြစ်သွားတာလဲ။ 
NMA : ဒီကားကရပ်လည်း ကျော်သွားမယ်၊ ရွာလည်းကျော်သွားမယ်။ ကားအမျိုးအစားက မိသားစုပျော်စရာ ရယ်စရာဇာတ်လမ်းအမျိုးအစားလည်း ဖြစ်တယ်။ ဒါရိုက်တာ ဩရသကလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတယ်။ ကျွန်တော့် ကာရိုက်တာက ကိုနိုင်ကြီး (ကျော်ရဲအောင်) ရဲ့ ယောက္ခမပေါ့။ သူက အဖေခေါ်လိုက်တိုင်း ရှုံ့ရှုံ့သွားတယ်။ ကိုနိုင်ကြီးနဲ့က အရင်တုန်းက ဒရာမာကားတွေပဲများတာလေ။ ညီအစ်ကို နှစ်ယောက် အဲလိုဇာတ်ရုပ်တွေပဲ များတယ်။ ဒီကားကျတော့ ထူးထူးခြားခြားပေါ့နော်။ သူကလည်း အက်တင်က အရမ်းကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဆိုတော့ ကျွန်တော်တို့လေးစားရတဲ့ အစ်ကိုလည်း ဖြစ်တယ်။ ရိုက်နေရင်းနဲ့ သူ့ဆီက အနုပညာဝမ်းစာ အများကြီးရပါတယ်။ ကျွန်တော့်ကိုလည်း တွဲခေါ်ပါတယ်။ မိသားစုကားလေးဆိုတော့ ရယ်စရာလေးပေါ့။ 

Voice : အစ်ကို့ရဲ့သား မင်းထိုက်ကလည်း အနုပညာအလုပ်တွေ လုပ်နေပြီနော်။ ထူးခြားတာက သူက နေမျိုးအောင်နာမည် လုံးဝမသုံးဘူးပြောတယ်။ 
NMA : သားက သူ့ဘာသာရပ်တည်ပြီး လုပ်ချင်တယ်။ အဲဒါကလည်း နိုင်ငံတကာမှာလည်းရှိတယ်။ ကိုယ့်ခြေထောက်ကိုယ်ရပ်မယ်။ သူများနိုင်ငံတွေမှာဆိုရင် ၁၈ နှစ်ပြည့်တာနဲ့ လွှတ်ပေးလိုက်တယ်။ အစ်ကိုက ကိုယ့်သားသမီးကိုတော့ အကောင်းဆုံးဖြစ်အောင်တော့ ဖြစ်စေချင်တာပေါ့။ သားကိုလည်း ပြောထားတယ်။ အစ်ကို ရဲ့ နာမည်ကြီးသုံးပြီး နေရာတကာမှာ နေမျိုးအောင်ရဲ့သား မင်းထိုက် ဆိုတာကြီးကို မင်းဘယ်တော့မှ မသုံးနဲ့။ ကိုယ့်ရဲ့အရည်အချင်းကို အရင်ဆုံးပေါ်လွင်အောင် ကြိုးစားရမယ်အဲဒါမျိုးပြောထားတယ်။ အဲဒါကြောင့်မို့ ဘယ်အရာမဆို သူ့ဘာသာသူ လုပ်တယ်။ တစ်ခါတလေဆို အစ်ကိုတို့တောင် မသိဘူး။ အခုလည်း ကိုသူရ (ဇာဂနာ) ရိုက်မယ့် ၈ စက္ကန့်ငြိမ် ကားဆိုရင်လည်း ကျွန်တော် မပြောပါဘူး။ သူ့ဘာသာသူ သွားလျှောက်တယ်။ အဲကားမှာတော့ သားအဖ နှစ်ယောက် လုံးပါမယ်။ အစ်ကိုကတော့ ထောင်ဝါဒါ နေရာကနေ သရုပ်ဆောင်မယ်။ သားတွေကတော့ ကျောင်းသားအရေးအခင်းမှာ အဖမ်းခံရတဲ့ ကျောင်းသားတွေနေရာက ပါရမယ်ထင်တယ်။ 

Voice : အစ်ကိုရဲ့ အင်တာဗျူးတစ်ခုမှာ အိမ်ထောင်ရေးမှာ အမှားရှိခဲ့ဖူးကြောင်း ပွင့်ပွင့်လင်းလင်း ဖြေထားတာတွေ့ရတယ်။ ဘယ်လိုကြောင့်များလဲ။ 
NMA : အခုဆိုရင် အစ်ကို့ရဲ့ အသက်က ၄၈ နှစ်ထဲဝင်ပြီလေ။ မိသားစုရဲ့ နွေးထွေးမှု သာယာမှုဆိုတာ အများကြီးလိုအပ်တယ်။ အစ်ကို့အမျိုးသမီးဆိုလည်း ဒီနေ့ထိ အနုပညာလောကမှာ ရပ်တည်ပြီး ကားရိုက်အချိန်ထိကို နောက်ကနေ မညည်းမညူပံ့ပိုးပေးတယ်။ နယ်ကပြန်လာရင်ဖြစ်စေ၊ ရှုတင်ကပြန်လာရင်ဖြစ်စေ၊ အိမ်ကိုရောက်ပြန်တော့လည်း သားသမီးတွေပေါ်မှာ နွေးထွေးမှု အများကြီးပေးတယ်။ အစ်ကိုလည်း နွေးထွေးမှုတွေ အများကြီးပေးရတယ်။ ဒီမိသားစုဘဝလေးက အရမ်းချစ်စရာ ကောင်းပါတယ်။ ပျော်ရွှင်စရာကောင်းပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အစ်ကိုကိုယ်တိုင် တစ်ခုခုလွဲချော်သွားမယ်ဆိုရင် အများကြီးနစ်နာဖို့ ဖြစ်လာနိုင်တယ်။ အစ်ကို့သားဆိုရင်လည်း အရွယ်ရောက်ပြီဆိုတော့ မိဘတစ်ယောက်အနေနဲ့ တစ်ခုခုမှားသွားမယ်ဆိုရင် ရှက်စရာကြီးလေ။ အစ်ကိုတို့ဆီမှာ Facebook မှာက နည်းနည်းလေးမှားတာနဲ့ လိုင်းပေါ်မှာ ပလူပျံနေတယ်။ မှားတာလုပ်ဖို့လည်း ပြောတာမဟုတ်ပါဘူး။ အဲဒါမျိုးတွေ မဖြစ်သင့်ဘူးပေါ့။ အစ်ကိုတို့ မိသားစုက အခုနောက်ပိုင်း နွေးနွေးထွေးထွေး သာသာယာယာပဲ။ မရှိအတူ ရှိအတူပဲ။ ဒီမိသားစုလေးယောက်က တိုင်တိုင်ပင်ပင်နဲ့ အပြစ်မမြင်ဘဲနဲ့ပေါ့။ အစ်ကိုကတော့ အနုပညာကို ဒီနေ့ဒီချိန်ထိ မှန်မှန်ကန်ကန်နဲ့ ဆက်လက်ပြီး လျှောက်လှမ်းနေမှာပါပဲ။ 

Voice : လက်ရှိမှာတော့ မိသားစုကို ဘယ်လိုမျိုး ပြန်စောင့်ရှောက်နေလဲ။ 
NMA : ကိုယ်က အမှားတစ်ခုလုပ်တော့မယ်ဆိုရင် နောက်ကို ပြန်ကြည့်ရတယ်။ အဲဒါ အဖြေပဲ။ ကိုယ့်ကြောင့် မိသားစုဘဝလေးတစ်ခုခုဖြစ်သွားမှာ ကိုယ့်သားသမီးတွေ ညှိုးငယ်သွားမှာ အရမ်းစိုးရိမ်တယ်။ အနုပညာလမ်းကြောင်းကို မှန်မှန်ကန်ကန်ပဲ လျှောက်နေတဲ့သူတစ်ယောက်ဆိုတော့ ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနေရတယ်။ 

ခင်ညိုညိုသိမ့်