News

POST TYPE

INTERVIEW

သရုပ်ဆောင်ဧငြိမ်းဖြူနဲ့ တွေ့ဆုံခြင်း
10-Nov-2019
“Dancer ဘဝကို ကောင်းကောင်းကြီး နားလည်တယ်။ စင်နောက်ရောက်ရင် သူများတွေနဲ့ ယှဉ်လိုက်ရင် တခြားအနုပညာရှင် အဆိုတော်တွေနဲ့ယှဉ်လိုက်ရင် ချောင်မှာ ကပ်နေရတာ”



သရုပ်ဆောင်ဧငြိမ်းဖြူနဲ့ တွေ့ဆုံခိုက် A ရုပ်ရှင်ဇာတ်ကားအကြောင်း၊ Dancer တွေရဲ့ ဘဝအကြောင်းနဲ့ အခက်အခဲတွေအကြောင်းကို မေးမြန်းထားပါတယ်။ 

Voice : A (တစ်စုံတစ်ယောက်) ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုမျိုးသရုပ်ဆောင်ရမှာလဲ။
ANP : ဒီကားထဲမှာ ၏ရဲ့ ကာရိုက်တာက A ပဲပေါ့နော်။ အပြင်က ကာရိုက်တာနဲ့လည်း သိပ်မကွာဘူး။ အပြင်က Lifestyle ပုံစံလေးပဲ။ စိတ်ဓာတ်ကျပြီးတော့ အားငယ်တဲ့လူတစ်ယောက်အနေနဲ့လည်း တွေ့ရမှာပါ။ 

Voice : လူငယ်ကားလေးလည်း ဖြစ်တယ်လို့ သိရတယ်။ ဘယ်လိုမျိုးများဖြစ်မလဲ။
ANP : အဓိကတော့ ပေးချင်တဲ့ မက်ဆေ့ချ်လေးက ဒီလိုနိုင်ငံမှာလည်း Dancer ကားတွေလည်း ရိုက်နိုင်တယ်ဆိုတာကိုလည်း ပေးနိုင်တာပေါ့နော်။ ဒီနိုင်ငံမှာက အကနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ ဖွံ့ဖွံ့ဖြိုးဖြိုးမရှိဘူး။ သရုပ်ဆောင်၊ အဆိုတော်တွေရှိမယ်။ အဆိုပြိုင်ပွဲတွေရှိမယ်။အကနဲ့ ပတ်သက်ပြီးတော့ ညီမတို့နိုင်ငံက နည်းနည်းအားနည်းတယ်ပေါ့။ ညီမက အဲလိုမဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ညီမက ငယ်ငယ်လေးကတည်းကလေ ကလေး Dancer ဖြစ်ခဲ့တော့လေ။ Dancer ဘဝကို ကောင်းကောင်းကြီးနားလည်တယ်။ စင်နောက်ရောက်ရင်၊ သူများတွေနဲ့ယှဉ်လိုက်ရင် တခြားအနုပညာရှင် အဆိုတော်တွေနဲ့ယှဉ်လိုက်ရင် ချောင်မှာကပ်နေရတာ။ ကိုယ်တိုင်ကလည်း နေခဲ့ရတာဆိုတော့လေ။ ဒီနိုင်ငံက လူတွေက ဒီလိုမျိုး ခွဲခြားဆက်ဆံခံရတယ်။ အဲဒါကို တစ်နေ့ကျရင် အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ အကနဲ့ပတ်သက်တာကို ရိုက်ကို ရိုက်နိုင်ရမယ်ဆိုပြီး စိတ်ရှိခဲ့တယ်။ ပထမဆုံးရိုက်ချင်တဲ့ကားက ဒီဇာတ်ကားပါ။ ရှေ့မှာလည်း ရုပ်ရှင်ကားကြီး နှစ်ကား ရိုက်ပြီးပါပြီ။ ဒါပေမဲ့ ဧရဲ့ စိတ်ထဲမှာတော့ ဒီကားက ပထမဦးဆုံးကားပါ။ အဲလို ခံစားရပါတယ်။ ဇာတ်ကားနာမည်ကလည်း A ဆိုတော့ အရမ်းလည်း တာဝန်ကြီးတယ်။ ကိုယ်တန်ဖိုးထားရတဲ့ ဒီအကလေးကို တစ်ခုခုများ လွဲချော်သွားမှာ၊ အဆင်မပြေဖြစ်သွားမှာကို ဖိအားများနေတယ်။ 

Voice : ဒီကားကို ရိုက်လိုက်ခြင်း အားဖြင့် Dancer တွေရဲ့ ဘဝက မြှင့်တက်လာမယ်ထင်လား။
ANP : ဒီမှာက အဆိုပြိုင်ပွဲတွေပဲရှိတယ်။ Dancer ပြိုင်ပွဲတွေ မရှိဘူးပေါ့။ အခုတော့ Dancing with the Star လို့တော့ ပေါ်လာပြီ။ တကယ်ကောင်းတယ်။ တချို့တွေက အကဝါသနာပါတဲ့သူတွေ အများကြီးရှိတယ်။ သူတို့က ထုတ်မပြရဲဘူး။ ဧတို့ ရိုက်ထားတဲ့ကားကို လာကြည့်လို့ရှိရင် သူတို့ဝါသနာပါတဲ့ဟာလေးတွေ လုပ်ချင်လာမယ်။ သိပ်ပြီးတော့မတွင်ကျယ်ဘူးပေါ့နော်။ ဧ က အဲဒါလေးတွေကို တွင်ကျယ်စေချင်တယ်။ 

Voice : မြန်မာအကကိုတော့ ဝါသနာပါတာလား။
ANP : ငယ်ငယ်လေးကတည်းက မြန်မာအကရော အင်္ဂလိပ်အကရော သင်ထားတယ်။ အကကို အရမ်းဝါသနာပါလို့ အကုန်လုံးသင်ထားတယ်။ အင်္ဂလိပ်လိုရော မြန်မာအကရောပဲ။ ဧရဲ့ ပထမဦးဆုံးကား ဘာတဲ့လဲဟေ့လာ ရုပ်ရှင်ကားမှာ အငြိမ့်မင်းသမီးလုပ်ထားတယ်။ အဲဒီမှာကျတော့ မြန်မာအက ကထားတယ်။ 

Voice : ဧ အတွက် ပြင်ဆင်တဲ့အခါမှာ အခက်အခဲတွေရော ရှိလား။ 
ANP : တော်တော်လေးကို အခက်အခဲတွေ ရှိပါတယ်။ ဒီလိုမျိုးကားကိုရိုက်ဖို့အတွက် တာဝန်ကြီးတယ်။ ပရိသတ်တွေက လက်ခံပါ့မလား။ ပရိသတ်တွေက ဒါမျိုးတွေကိုကြိုက်ပါ့မလား။ စွန့်စားပြီးတော့ရိုက်ရမှာ ဖြစ်တဲ့အတွက် ကြောက်လည်းကြောက်တယ်ပေါ့နော်။ ဧတို့တစ်ဖွဲ့လုံးလည်း အကောင်းဆုံးကြိုးစားထားပါတယ်။ ကြည့်ရကျိုးတကယ်နပ်မှာပါ။ ပရိသတ်တွေ သုံးမိနစ်လောက်ကြည့်ရဖို့ နာရီပေါင်းများစွာ လုပ်ရပါတယ်။ ထိခိုက်ရှနာတွေလည်းဖြစ်တယ်။ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ရင်းပြီးတော့ ကြိုးစားထားပါတယ်။

ခင်ညိုညိုသိမ့်