News

POST TYPE

INTERVIEW

ကမ္ဘောဇဘဏ်၏ Head of Public Policy and SME Banking ဖြစ်သူ ဦးဇော်လင်းအောင်နှင့် တွေ့ဆုံခြင်း
04-Nov-2019
“နေရာအနှံ့မှာရှိတဲ့ အသေးစားလုပ်ငန်းတွေ လက်ခံအသုံးပြုလာအောင် သူတို့ကိုယ်တိုင် ယုံကြည်ရတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်တို့ သတိပြုမိပါတယ်”



မြန်မာနိုင်ငံအတွင်းရှိ ၈၀ ရာခိုင်နှုန်းသောသူများ ငွေသားမဲ့စနစ် အသုံးပြုနိုင်မည့် Pay စနစ်နှင့် ပတ်သက်သည့် အခြေအနေများကို ကမ္ဘောဇဘဏ်၏ Head of  Public Policy and SME Banking ဖြစ်သူ ဦးဇော်လင်းအောင်နှင့် မေးမြန်းချက်မှ အချို့ကို ဖော်ပြလိုက်ပါသည်။

Voice : မြန်မာနိုင်ငံရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဘဏ်စနစ်နဲ့ အကျွမ်းမဝင်ဘဲ ရှိနေသေးလဲ။ ဒီလိုလူတွေအတွက် Pay စနစ်က ဘယ်လောက်အထောက်အကူပေးလဲ။
UZLA : မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းသော လူဦးရေဟာ ဘဏ်ဝန်ဆောင်မှု မရရှိသူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီကြီးမားတဲ့ အခွင့်အလမ်းအတွက် ငွေကြေးဝန်ဆောင်မှုတွေ ယူဆောင်ပေးပါတယ်။ ဒီ ဝန်ဆောင်မှုက အခုအထိ စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် ငွေသားမဲ့ဝန်ဆောင်မှုတစ်ခုခုနဲ့ ချိတ်ဆက်မထားသူတွေအတွက် ပွင့်လင်းမြင်သာပြီး အဆင်ပြေချောမွေ့စွာနဲ့ မရေတွက်နိုင်တဲ့ နေ့စဉ်ငွေပေးချေမှု လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးပါတယ်။

Voice : Pay စနစ်တစ်ခုဖြစ်တဲ့ KBZPay အနေနဲ့ မြန်မာနိုင်ငံရဲ့ ငွေသားမဲ့လူမှုဝန်းကျင်တစ်ခု တည်ဆောက်နေတဲ့အပေါ် ဘယ်လိုပါဝင်ကူညီနေသလဲ။
UZLA : မြန်မာနိုင်ငံအတွက် ကျွန်တော်တို့နိုင်ငံမှာ ဘဏ်ဝန်ဆောင်မှုမရရှိနိုင်သေးတဲ့ အခြေအနေကို ဖြေရှင်းပေးဖို့နဲ့ အချိန်တိုအတွင်းမှာ လူတိုင်း ရယူအသုံးပြုနိုင်မယ့် ဘဏ္ဍာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေဖို့ ကူညီပံ့ပိုးပေးနိုင်တဲ့ အခွင့်အလမ်းတွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိတယ်လို့ နားလည်လက်ခံထားပါတယ်။ ဒါပေမဲ့လည်း ငွေသားမဲ့စနစ်ဆီရောက်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ လုပ်စရာအများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ ငွေသားမဲ့ပလက်ဖောင်းစနစ်နဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်တွေ အပြောင်းအလဲလုပ်တဲ့နေရာမှာ နှေးကွေးနေပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ပြည်သူအများစုက ဘဏ်အကောင့်မရှိတာရယ်၊ ပြီးတော့ အတိုင်းအတာပမာဏတစ်ခုအထိပဲ သုံးလို့ရတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေခြင်းထက် ငွေသားက ပိုပြီး အဆင်ပြေတယ်လို့ ထင်မြင်တာကြောင့် ဖြစ်ပါတယ်။

Voice : ဒီလိုစနစ်သစ်တွေမှာ သုံးစွဲသူတွေ လက်ခံနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးပြီး ထိရောက်အောင် လုပ်ဆောင်ခဲ့လဲ။
UZLA : မြန်မာနိုင်ငံကပြည်သူတွေ လိုလိုလားလားနဲ့ ငွေသားမဲ့စနစ် ပြောင်းလဲဖို့မလုပ်ခင် ငွေသားမဲ့ ငွေပေးချေမှုက ငွေသားအသုံးပြုရတာထက် ပိုမိုအဆင်ပြေလွယ်ကူတယ်ဆိုတဲ့အကြောင်း နေရာအနှံ့မှာရှိတဲ့ အသေးစားလုပ်ငန်းတွေ လက်ခံအသုံးပြုလာအောင် သူတို့ကိုယ်တိုင် ယုံကြည်ရတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ သမားရိုးကျဘဏ်လုပ်ငန်းဖွဲ့စည်းမှုထက် ကျော်လွန်တဲ့ ပလက်ဖောင်းတစ်ခု လိုအပ်ပါတယ်။ နေ့စဉ်အသုံးအဆောင်တွေ ဝယ်ယူဖို့နဲ့ ကိုယ့်မှာရှိတဲ့ငွေတွေကို ပိုမိုဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာနဲ့ စီမံခန့်ခွဲနိုင်အောင် လုပ်ဆောင်ပေးတဲ့ဖုန်းပေါ်မှာ အသုံးပြုနိုင်တဲ့ App တစ်ခုဖြစ်တဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်က ကျွန်တော်တို့ရဲ့ နည်းပညာဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်။ Pay က လူကိုယ်တိုင် ဘဏ်သွားစရာမလိုဘဲ ဒါမှမဟုတ် ငွေသားအများကြီး သယ်ဆောင်ဖို့မလိုဘဲ နေ့စဉ်ငွေပေးချေတဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်တဲ့အကြောင်း ပြောပြခဲ့တယ်။

Voice : ကမ္ဘောဇဘဏ်အနေနဲ့ရော ဒီလိုစနစ်ကို ဘယ်အချိန်က စတင်အသုံးပြုခဲ့လဲ။ လက်ရှိ သုံးစွဲသူ ဘယ်လောက်အထိ တိုးတက်လာလဲ။
UZLA : ဒီ Pay အက်ပလီကေးရှင်းကို စတင်စမ်းသပ်ဝန်ဆောင်မှုပေးတဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းက မြန်မာနိုင်ငံရဲ့ တိုးတက်မှုအမြန်ဆုံး မိုဘိုင်းလ်ပိုက်ဆံအိတ်အဖြစ်နဲ့ ဆက်လက်ထိန်းထားပြီး အသုံးပြုသူပေါင်း ၃ ဒသမ ၅ သန်းကျော်နဲ့အတူ ဈေးဆိုင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်ပေါင်း ၂၃၀,၀၀၀ ကျော်ကို စာရင်းသွင်း အကောင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဈေးဆိုင်ပိုင်ရှင်နဲ့ ကိုယ်စားလှယ်ပေါင်း ၂၃၀,၀၀၀ ကျော်ရှိတဲ့ ကွန်ရက်နဲ့အတူ ဘဏ်ခွဲအပြင်အထိထွက်ပြီး ဝန်ဆောင်မှု သုံးစွဲသူတွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေရဲ့ လုပ်ငန်းအရွယ်အစား အမျိုးမျိုးအတွက် ငွေသားမဲ့ ငွေပေးချေမှုတွေကနေ ယူဆောင်လာနိုင်တယ်။

Voice : Pay အသုံးပြုသူတွေများလာတဲ့အခါ ဘဏ်တွေရဲ့ မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှု အသုံးပြုသူအရေအတွက် ကျဆင်းသွားနိုင်ပါသလား။
UZLA : မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှုနဲ့ Pay တို့က အပြန်အလှန်အကျိုးပြုနေတဲ့ မရှိမဖြစ် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ Pay အသုံးပြုသူအရေအတွက် တိုးတက်လာပေမယ့် မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှု သုံးစွဲသူအရေအတွက် ကျဆင်းမသွားပါဘူး။ KBZ မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေမှာ ဘဏ်အကောင့်တစ်ခု ရှိပေမယ့် KBZPay အသုံးပြုဖို့ ဘဏ်အကောင့်မလိုအပ်ပါဘူး။ 

Voice : ကမ္ဘောဇဘဏ်အနေနဲ့ Pay ရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေဖို့ ဘယ်လိုတွေ လုပ်ဆောင်ထားလဲ။
UZLA : ကျွန်တော်တို့ရဲ့ နည်းပညာပလက်ဖောင်းတွေကို ကာကွယ်ဖို့နဲ့ ဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ အချက်အလက်တွေ လုံခြုံစိတ်ချရဖို့ ကမ္ဘာ့အဆင့်မီလုံခြုံရေးစနစ်တွေကို အသုံးပြုကာကွယ်ထားပါတယ်။ ဒါ့အပြင် ငွေကြေးဆိုင်ရာ လိမ်လည်လှည့်ဖြားဖို့ ကြိုးစားသူတွေဆီကနေ အထိရောက်ဆုံးကာကွယ်ဖို့ ယုံကြည်စိတ်ချရတဲ့ KYC နည်းပညာစနစ်တစ်ခု ရှိပါတယ်။ KBZPay ကွန်ရက်ထဲ သုံးစွဲသူအသစ် စာရင်းပေးသွင်းလာဖို့အတွက် လူကိုယ်တိုင် တွေ့ဆုံ မိတ်ဆက် ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ရဲ့ကွန်ရက်နဲ့ ချိတ်ဆက်ပေးတဲ့အဆင့်တိုင်းမှာ KYC အတည်ပြုစစ်ဆေးနိုင်တဲ့ အချက်အလက်တွေနဲ့ ဒစ်ဂျစ်တယ် အသိပညာပေးလုပ်ငန်းတွေကို တစ်ခါတည်းထည့်ပြီး ဆောင်ရွက်ပေးသွားတာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ အသုံးပြုသူတွေဟာ ဒစ်ဂျစ်တယ် ငွေရေးကြေးရေးဝန်ဆောင်မှုတွေကို ဘေးကင်းလုံခြုံစွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Voice : Pay ရဲ့ အောင်မြင်မှုက အနာဂတ်မှာ ဘဏ်လုပ်ငန်းကို ဘယ်လိုအကျိုးသက်ရောက်မှုမျိုး ဖြစ်စေမလဲ။
UZLA : မြန်မာဟာ ကမ္ဘာတစ်ဝန်းက စီးပွားရေး လုပ်ကိုင်သူတစ်ဦးနေရာအထိ တိုးတက်လာပြီဖြစ်တဲ့အတွက် ဘဏ်လုပ်ငန်းကဏ္ဍအနေနဲ့ ပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အမျိုးမျိုးတွေ အထူးသဖြင့် နည်းပညာကို ဘယ်လိုအသုံးပြုပြီး အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်ရရှိအောင် ကူညီဖို့ စတာတွေနဲ့ ကြုံတွေ့ရပါတယ်။ KBZPay ကတော့ ဒီအပြောင်း အလဲလုပ်ငန်းစဉ် ရှေ့ဆက်ဖို့ အထင်ကရ ခြေလှမ်းတစ်ခုဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ နည်းပညာအသုံးပြုခြင်းကြောင့် နေ့စဉ်လုပ်ငန်းကိစ္စတွေကို လွယ်ကူရိုးရှင်းစေဖို့နဲ့ ငွေကြေးသုံးစွဲခြင်းနဲ့ ငွေစုခြင်းတွေကို ပိုမိုထိန်းချုပ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ 

Voice : ဒီလိုသုံးစွဲရလွယ်ကူတဲ့ Pay စနစ်ကို ဘယ်လိုအကောင့်ဖွင့်လှစ်နိုင်လဲ။ ဘာတွေလိုအပ်လဲ။
UZLA : မြန်မာနိုင်ငံက ပြည်သူတွေနဲ့ ဒီမှာလာပြီး အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေအားလုံး ဘဏ်အကောင့်တစ်ခု ရှိရှိ၊ မရှိရှိ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ Pay ကို အခမဲ့ စာရင်းသွင်း ဖွင့်လှစ်နိုင်တယ်။ သုံးစွဲမယ့် သူရဲ့ ဖုန်းနံပါတ်၊ မှတ်ပုံတင်ရှိရုံနဲ့ အသုံးပြုလို့ရပါတယ်။

Voice : Pay စနစ်တွေအနေနဲ့ နောက်ပိုင်း ဘယ်လို ကဏ္ဍတွေအထိ ဆောင်ရွက်သွားဖို့ရှိလဲ။
UZLA : Pay စနစ်တွေကို နောက်ပိုင်းမှာ ခရီးသွားကဏ္ဍအပါအဝင် လက်မှတ်အရောင်းဌာနများနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အွန်လိုင်းစီးပွားရေးလုပ် ငန်းများအတွက် e-Commerce ဝယ်ယူမှုများ ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေး လုပ်ငန်းများနှင့် e-Learning ပလက်ဖောင်းများဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းလစာပေးခြင်း ဝန်ဆောင်မှုများ မိတ်ဆက်ခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းမှစ၍ လုပ်ငန်းကြီး များအထိ ခေတ်မီဆန်းသစ်သည့် နည်းပညာမြင့် ငွေပေးချေမှု ပလက်ဖောင်းတစ်ခု ထောက်ပံ့ခြင်း စတဲ့လုပ်ငန်းတွေမှာ ထိုးဖောက်သွားဖို့ရှိတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးမြင့်မွန်