News

POST TYPE

INTERVIEW

မြိုင်ရတနာဈေး အဆင့်မြှင့်မည့်ငွေကို ရပ်ကွက်ဈေးငါးခု ဆောက်ရန်သုံးမည်
09-May-2019
မော်လမြိုင်၊ မေ ၉

မော်လမြိုင်မြို့ရှိ မြိုင်ရတနာဈေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် ရရှိထားသည့် ဘတ်ဂျက်ငွေ ကျပ်သန်း ၁၆၈၀ ကို မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရောမြို့ပေါ် ဈေးတစ်ခုတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုမြိုင်ရတနာဈေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ ဘတ်ဂျက်ငွေကို မွန်ပြည်နယ်ဈေးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် လွှဲပြောင်းသုံးစွဲခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ မေလ ၉ ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

မြိုင်ရတနာဈေးကို Developer များက ဆောင်ရွက်သွားမည်ဖြစ်၍ ထိုဈေးအတွက် ရရှိထားသောငွေကို မော်လမြိုင်မြို့ပေါ်ရှိ မြိုင်ရတနာရပ်ကွက်ဈေး၊ သီရိမြိုင်ရပ်ကွက်ဈေး၊ ရွှေမြိုင်သီရိရပ်ကွက်ဈေး၊ ဒိုင်ဝန်ကွင်း ပျံကျဈေးနှင့် ကျိုက်မရော မြို့မဈေးတို့ကို နှစ်ထပ်ဈေးများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းအတွက် အသုံးပြုမည်ဖြစ်ပြီး ပြည်နယ်အစိုးရမှ ဧပြီလတွင် ၂၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြားလာသည့်အတွက် လွှတ်တော်တွင် ဆွေးနွေးခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုသည်။

ထိုသို့ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့်ပတ်သက်၍ သထုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ဘတ်ဂျက်ငွေ (ကျပ်) သန်း ၁၆၈၀ ကို မူလတည်နေရာအတွက် အသုံးမပြုတော့ဘဲ ၁၀ မြို့နယ်အတွက် ခွဲဝေပေးမယ်ဆိုရင် ၁၀ မြို့နယ်မှာ လိုအပ်ချက်တွေလည်း များစွာရှိနေပါတယ်။ ဒါပေမဲ့ အခု ဒီခေါင်းစဉ်အောက်မှာ မော်လမြိုင်နဲ့ ကျိုက်မရောပဲ ရတဲ့အတွက် ကျန်တဲ့မြို့နယ်တွေအတွက် များစွာ နစ်နာပါတယ်”ဟု ၎င်းကပြောဆိုခဲ့သည်။

ထိုမျှမက ထိုသို့ဘတ်ဂျက်ငွေ လွှဲပြောင်းအသုံးပြုရာတွင် လွှတ်တော်၌ အတည်ပြုထားသည့် အဆိုများ၊ မေးခွန်းများအတွက် အကောင်အထည်ဖော်ရန် ကတိကဝတ် ပြုထားသည့်လုပ်ငန်းများကို ဦးစားပေးသင့်ကြောင်း ၎င်းက ထောက်ပြသည်။

“ဒီကိစ္စက ဆွေးနွေးပြီးတော့ရော ပြောင်းလဲလို့ရမယ့် ကိစ္စရပ်လားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဈေးတစ်ဈေးတည်ဆောက်မယ့် ကုန်ကျစရိတ်ကို ဈေးငါးဈေးရသွားတယ်ဆိုတာ အင်မတန်မှပဲ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဇင်းကျိုက်မှာလည်း ဈေးတည်ဆောက်ပေးဖို့ပြောခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ ကတိစကားလည်း ရှိခဲ့ပါတယ်၊ ဒါပေမဲ့ အခုချိန်ထိ ဖြစ်မလာပါဘူး”ဟု ပေါင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကလည်း ဝေဖန်ပြောဆိုသည်။

ထိုမြိုင်ရတနာဈေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ မွန်ပြည်နယ်ဈေးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေလွှဲပြောင်း အသုံးပြုခြင်းကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့သော်လည်း လွှတ်တော်က အတည်ပြုခဲ့သည်။ 

R-21