News

POST TYPE

INTERVIEW

အားဖြည့်ဆန်စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုပြဿနာများ ကာကွယ်နိုင်
05-Mar-2019
ရန်ကုန်၊ မတ် ၅

အားဖြည့်ဆန်များကို စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုပြဿနာ ကာကွယ်ခြင်းတွင် များစွာ အထောက်အကူပြုနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက် ကောက်ယူထားသည့် အဏု အာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်းအရ မြန်မာနိုင်ငံ၏ အာဟာရ ပြည့်ဝမှုအခြေအနေသည် နိမ့်ကျနေကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

အားဖြည့်ဆန်တွင် ဗီတာမင် - A၊ B1၊ B3၊ B6၊ B12၊ ဖောလစ်အက်စစ်၊ သံဓာတ်နှင့် ဇင့်ဓာတ်တို့ကို မြန်မာနိုင်ငံ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီစေရန် တွက်ချက်ပေါင်းစပ်ထားသောကြောင့် ယင်းဆန်ကိုစားသုံးခြင်းဖြင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားကောင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း၊ ကျန်းမာရေး ပိုမိုကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် ဆန်တွင် အဏုအာဟာရ ဖြည့်စွက်ခြင်းလုပ်ငန်းအဖွဲ့ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဆန်တွင် အဏုအာဟာရဖြည့်စွက်ခြင်း လုပ်ငန်းလမ်းညွှန်ကိုရေးဆွဲခြင်း၊ မူဝါဒ (မူကြမ်း) ရေးဆွဲခြင်း၊ အာဟာရဖြည့်ဆန် ထုတ်လုပ်ရေးဆိုင်ရာ ပညာရပ်များပံ့ပိုးခြင်းနှင့် လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင် မိခင်များ၏ ၄၀ ရာခိုင်နှုန်းနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၏ ၃၆ ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း ဖြစ်ပွားနေကြောင်း၊ ထိုကဲ့သို့ သွေးအားနည်းခြင်းဖြင့် ရောဂါပိုး ကာကွယ်ခုခံနိုင်စွမ်းကျဆင်း၍ ရောဂါများ ဖြစ်ပွားခြင်းကြောင့် အခြားအာဟာရများကိုပါ ပိုမိုချို့တဲ့စေနိုင်ကြောင်း စစ်တမ်းအရ သိရသည်။

J-12