News

POST TYPE

INTERVIEW

လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်စည်သူနှင့် ဆက်သွယ်မေးမြန်းခြင်း
12-Feb-2019

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုကို ကရင်နီလူထုက စစ်ကြောင်းလေးကြောင်းဖြင့် ထိုနေရာသို့ လူစုချီတက်ကာ ယနေ့ ထပ်မံဆန္ဒပြနေကြသည်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်မှုများအပေါ် ကယားပြည်နယ် အစိုးရအဖွဲ့ ကိုင်တွယ်၊ စီမံဖြေရှင်းနေသည့်ပုံနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနှင့် ဆက်သွယ် မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ကယားမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုအပေါ် ကန့်ကွက်မှုတွေ တိုးလာတဲ့အပေါ် ပြည်သူ့လွှတ်တော် အမတ်တစ်ဦးရဲ့ သဘောထားအမြင်ကို သိချင်ပါတယ်။
Dr.KST : အစိုးရအဖွဲ့အနေနဲ့ ကန့်ကွက်သူတွေက ပြည်သူလူထုဖြစ်တဲ့အတွက် နွေးနွေးထွေးထွေး ခေါ်ယူမေးမြန်း၊ ဆွေးနွေးပြီး ဖြစ်သင့်တာတွေ၊ လုပ်သင့်တာတွေ လုပ်သင့်တယ်။ နှစ်ဖက်စလုံးအနေနဲ့ ဥပဒေဘောင်ထဲက လုပ်သင့်တယ်လို့ ယူဆပါတယ်။

Voice : ကယားပြည်နယ်အစိုးရအဖွဲ့ကရော ခုလိုကြေးရုပ်စိုက်ထူဖို့ပြင်ဆင်ချိန်ကနေ စိုက်ထူပြီးချိန်အထိ ပြည်နယ်ထဲက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အမတ်တွေကို ခေါ်ယူတွေ့ဆုံညှိနှိုင်း လုပ်ဆောင်တာမျိုးရော ရှိပါသလား။ 
Dr.KST : မလုပ်ခဲ့ဖူးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မအမြင်က ပြည်နယ်အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်၊ ဆောင်ရွက်ရတဲ့ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ယူဆတယ်။ ကျွန်မတို့မပါလည်း ဒီကိစ္စက သူတို့ကိုင်တွယ်၊ ဖြေရှင်းဆောင်ရွက်နိုင်တယ်လို့ယူဆတယ်။ ကိုယ်စားပြုဖြစ်တဲ့အတွက် ပြောဖို့ရှိပေမယ့်ဖုန်းမကိုင်ဘူး။ ဒီနေ့ မနက် ဖုန်းဆက်တာတောင် လက်ခံဖြေကြားမှု မပြုပါဘူး။

Voice :  တစ်ဦးချင်းရဲ့သဘောထားကိုလည်း သိချင်ပါတယ်။ ဆိုလိုတာက သဘောတူ၊ မတူပေါ့။ 
Dr.KST :  ကျွန်မက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေပါတယ်။ လက်ခံတယ်၊ လက်မခံဘူး ပြောတာမျိုးထက် လုပ်သင့်တာကိုတော့ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာမျိုးကိုပဲ ပြောလို့ရမယ်။ ဘာပဲလုပ်လုပ် အားလုံးညှိနှိုင်းရမှာပါ။ တခြားတိုင်းနဲ့ပြည်နယ်မှာ လုပ်လို့ရတိုင်းဆိုလိုတာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆို ပြောတာပါ။ ဥပမာ - ရပိုင်ခွင့်အနေနဲ့ ပြောရမယ်ဆို ဧရာဝတီတိုင်းမှာ သင်္ဘောတစ်စီးပေးလို့ ကျွန်မတို့ကိုသင်္ဘောတစ်စီး လာပေးလို့မရဘူး။ ဘာဖြစ်လို့လဲဆို သဘာဝတွေမတူလို့ပါ။ ဒါက ကိုယ့်နေရာဒေသရဲ့ သဘာဝ အနေအထားကိုကြည့်ပြီးမှ စီမံခန့်ခွဲရတာပါ။ ဥပမာ - လွတ်လပ်ရေးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံကိုရအောင်လုပ်ပေးခဲ့တာ။ ဒါဟာ ငြင်းစရာမရှိဘူး။ သူ့ရဲ့လုပ်ဆောင်ချက် မကောင်းဘူးလို့ တစ်ယောက်မှမပြောဘူး။ ဒါကို ကျွန်မတို့လက်ခံခဲ့သလို အခုကလေးတွေလည်း လက်ခံပေးခဲ့တာပါ။ ဒါကြောင့်မို့ ဟိုရှေးရှေးတုန်းကတည်းက ဗိုလ်ချုပ်ပုံရိပ်ပျက်အောင် လုပ်တာမျိုးကိုတောင် ဗိုလ်ချုပ်မွေးနေ့အတွက် အခုလူငယ်တွေ ဦးဆောင်ကြိုပမ်းခဲ့တာပါ။ ဒါဟာဗိုလ်ချုပ်ကို ချစ်လို့ပဲလေ။

ဗိုလ်ချုပ်ပုံတွေ လိုက်ကပ်ချိန် ရဲတွေလိုက်ဖမ်းလို့ ကျွန်မအိမ်ထဲ ကလေးတွေ ပြေးဝင်ထွက်ပြေးခဲ့ကြတာ သမိုင်းရှိပါတယ်။ အာဇာနည်နေ့ဆိုရင်တော့ အခုကလေးတွေအင်အားက ပိုများခဲ့တာပါ။ ဘယ်လိုပဲချစ်ချစ် ငါက ဘာကောင်လဲ ငါ့အိမ်အခြေအနေက ဘာလဲဆိုတာ ပေးတော့သိရမယ်။ အဲဒါဘာလဲဆိုရင် ကျွန်မတို့ပြည်နယ်သည် တခြားသော တိုင်းနဲ့ပြည်တွေလို ဗိုလ်ချုပ်က လွတ်လပ်ရေးရအောင် လုပ်ပေးထားတာမျိုး မဟုတ်ဘူး။ ဒါလည်း ဘယ်သူမှငြင်းလို့မရဘူး။ ငြင်းရင်လည်း အမှန်ကို ပြောင်းပြန်ငြင်းတယ်လို့ပဲ ယူဆရမယ်။ ဗိုလ်ချုပ်ရဲ့သမိုင်းတောင် ဖျောက်ဖျက်ခံရတာ ကျွန်မတို့ဒေသ သေးသေးလေး သမိုင်းကလည်း ဘယ်သူကသိမှာလဲ။ ရာဇဝင်ထဲလည်း တစ်ခါမှမထည့်ဖူးဘူး။ ကျွန်မတို့ ကယားပေါ်ပြူလေးရှင်းက နည်းတယ်။ သမိုင်းကိုသိမှ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာ ဆုံးဖြတ်လို့ မျှတမယ်။ မသိဘဲနဲ့ပေးရင် ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်မှာပေါ့။ အများနဲ့အနည်း ဘယ်သူထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာ မပြောတော့ဘူး။

ကြိုက်တာ၊ မကြိုက်တာ ကျွန်မ အပါအဝင် ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ သူတို့အနေနဲ့ ရွေးချယ်ရမှာပဲ။ အများပေါ်မှာမူတည်ပြီး လုပ်ဆောင်ပေးရမှာက ခေါင်းဆောင်တွေရဲ့တာဝန်ပဲ။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကိုယ့်ဆန္ဒ ချစ်သည်၊ မုန်းသည် ကြိုက်သည်၊ မကြိုက်သည်ကို မစဉ်းစားတော့ဘူး။ မဲပေးရမယ်ဆိုရင်တော့ ကြိုက်တာ မကြိုက်တာကို ပေးတော့။ စီမံခန့်ခွဲသူတွေက သမာသမတ်ပဲ လုပ်စေချင်တယ်လို့ ပြောထားဖူးတယ်။ လူကြီးလုပ်သူက ရိုးသားရမယ်၊ ပွင့်လင်းရမယ်။ ရိုးသားချင်ယောင်ဆောင်၊ ပွင့်လင်းချင်ယောင်ဆောင်ရင် ကောင်းသောအဖြေ ထွက်လာမှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသဖြစ်တဲ့အတွက် … မှန်မှန်ကန်ကန် မလုပ်ဘူး၊ မလုပ်တတ်ဖူးဆိုရင် ဆက်ဆံရေး ပျက်ပြားကုန်မှာပါ။ ခုအချိန်ဟာ အရမ်းအရေးကြီးတယ်။ သွားနေတဲ့စနစ်ကလည်း ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်ဖြစ်နေတယ်။ ဒီအရာက ထိခိုက်လွယ်၊ ပွန်းပဲ့လွယ်တဲ့ကိစ္စကြီးဖြစ်နေတဲ့အတွက် သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အချိန်တစ်ခုလိုတယ်။ ပုံစံတစ်ခု လိုတယ်။ အလောတကြီး လုပ်လို့မရဘူး။ နှစ်ဖက်စလုံးက ယုံကြည်မှု နားလည်မှု တည်ဆောက်ရမှာ။ နားလည်မှုရှိမှ ဆုံးဖြတ်ချက် မမှားမှာပါ။ ဒါမှ ငြိမ်းချမ်းရေးပြသလို ညီညွှတ်ရေးလည်းဖြစ်မယ်။

အခုကျတော့ အချိန်တစ်ခုမစောင့်ဘဲ အရေးတကြီး လုပ်တယ်။ သမိုင်းကို မလေ့လာဖူးလား။ လေ့လာတယ်ထားဦး မသိချင်ယောင် ဆောင်တာလားဆိုတာ သူပဲသိမယ်။ လေ့လာသုံးသပ်၊ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်တဲ့အတွက် ပဋိပက္ခလမ်းကြောင်းပေါ် ရောက်လာတယ်လို့ယူဆတယ်။ သမ္မတကြီးလာတော့ ပြောထားတာကလည်း လူထုနဲ့ယှဉ်ပြိုင်မှုမလုပ်ဘဲ ယှဉ်တွဲပါလို့ မှာထားတယ်။ ယှဉ်ပြိုင်မှုတွေမလုပ်ဘဲ ယှဉ်တွဲမှှုတွေလုပ်မှ အစာမကြေမှှုတွေ ပျောက်မယ်။ ဆိုလိုတာက စိတ်ဆိုးအာင် လုပ်လို့ရတယ်။ စိတ်နာအောင် လုပ်လို့မရဘူး။ အခုဖြစ်နေတာ ကျွန်မတို့ကို စိတ်နာအောင် လုပ်နေသလို ခံစားရတယ်။

ဇေယျာကို