News

POST TYPE

INTERVIEW

ကရင်နီလူငယ် သပိတ်ခေါင်းဆောင် မျိုးလှိုင်ဝင်း(ခ) ပါစကွားလယ်နှင့်ဆက်သွယ်မေးမြန်းခြင်း
12-Feb-2019
“ဒေသခံတိုင်းရင်းသားတွေကို စော်ကားရာမျိုးရောက်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်နေကြရခြင်းလို့ ပြောချင်ပါတယ်”



လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုကို ကရင်နီလူထုက စစ်ကြောင်းလေးကြောင်းဖြင့် ထိုနေရာသို့လူစုချီတက်ကာ ယနေ့ထပ်မံဆန္ဒပြနေကြသည်။ နံနက်ပိုင်းက ရဲတပ်ဖွဲ့၏ သေနတ်ပစ်ခတ်လူစုခွဲမှုကြောင့် ၁၀ဦးကျော် ရော်ဘာကျည်ဆန်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြသည်။ ဘာကြောင့်ကန့်ကွက်သည်နှင့် လူထုဆန္ဒပြပွဲ မွန်းလွဲပိုင်းအခြေအနေများကို ကရင်နီလူငယ်ခေါင်းဆောင် မျိုးလှိုင်ဝင်း(ခ)ပါစကွားလယ်နှင့်ဆက်သွယ်မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice: : အခုလက်ရှိအနေထားမှာ ကရင်နီဒေသခံ ဘယ်လောက် သပိတ်မှာပါဝင်ဆန္ဒပြနေကြတာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ အထွေထွေသပိတ်ဆောင်ရွက်နေပါသလဲ။
MHW: : ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)နံနက်ကစပြီး ဒေသခံပြည်သူ ၅၀၀၀ နီးပါးနဲ့ အထွေထွေသပိတ်ကြီး ဆင်နွဲနေကြပါတယ်။ စစ်ကြောင်းကြီး လေးကြောင်းပေါ့။ ချိကယ်စစ်ကြောင်း၊ ပန်ဂျန်းလမ်းကြောင်း၊ နောင်ယားလမ်းကြောင်းနဲ့ နာရီစင်လမ်းကြောင်းဆိုပြီး ကြေးရုပ်ထုထားရှိတဲ့ ကန္ဒာဟေဝန်ပန်းခြံကို ချီတက်ခဲ့ကြတာပါ။

Voice: : အစိုးရအဖွဲ့က တားဆီးဖြိုခွဲတယ်လို့ သိရတယ်။ ဒီမနက် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုတားဆီးဖြိုခွဲတာပါလဲ။
MHW: : စစ်ကြောင်းတွေ ကန္ဒာဟေဝန်ပန်းခြံရှေ့အရောက် ဒီနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်လောက်မှာ သေနတ်ပစ်ဖောက် ဖြိုခွဲတာမျိုးလုပ်နေတယ်။ ရော်ဘာကျည်ထိမှန် ဒဏ်ရာရတဲ့လူဦးရေ ဆယ်ဦးကျော်ကျော်ရှိနေပြီး တိကျတဲ့စားရင်းမရသေးဘူး။ အချို့က ဆေးခန်းမှာသွားကုသနေရသလို အချို့ကလည်း ဒီမှာပဲကုပြီးဆက်နေတာမျိုး ရှိတယ်။

Voice: : လက်ရှိ နေ့လယ်ပိုင်းအနေထားကို ပြောပြပေးပါဦး။
MHW: : လက်ရှိအနေထားအထိတော့ (မွန်းတည့် ၁၂ နာရီ) အထိ သပိတ်စစ်ကြောင်း မပြိုခွဲနိုင်သေးပါဘူး။ ကျွန်တော်တို့ သပိတ်စစ်ကြောင်းနဲ့ ဦးဆောင်သူတွေက ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေကို တွေ့ဆုံခွင့်တောင်းခံနေပါတယ်။ ဒါပေမဲ့ အခုချိန်ထိ လာရောက်တွေ့ဆုံတာမျိုးမပြုသေးဘူး။

Voice: : ကန့်ကွက်သူတွေ အဓိက ဘာကိုတောင်းဆိုတာပါလဲ။
MHW: : ကျွန်တော်တို့တောင်းဆိုနေတဲ့ အချက်သုံးချက်ရှိပါတယ်။ ကြေးရုပ်ထုတည်ဆောက်ထားတဲ့ကိစ္စကို ပြန်လည်ဖျက်သိမ်း ပေးဖို့။ ဒါမှမဟုက် ဒေသခံပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုသိရှိဖို့ ဆန္ဒမဲပုံးထောင်ပြီးအဖြေရှာတာမျိုးနဲ့ ထောက်ခံမှုရှိ၊ မရှိ စမ်းစစ်။ ထောက်ခံမှုများရင် ဆက်ထား။ ထောက်ခံနည်းရင် ရပ်ဆိုင်းတာမျိုးလုပ်ဖြစ်ဖို့။ ဒါမှမဟုက် ပြည်နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဦးက မြေဝယ်ယူလှူဒါန်းနဲ့ နေရာမှာဖြစ်ဖြစ် ရွှေ့ပြောင်းစိုက်ထူပေးဖို့ပါ။


Voice: : ရုပ်ထုကိစ္စ ပြည်နယ် NLD ပါတီက ပါဝင်မရှိဘူးလို့ငြင်းထားတာ တွေ့ရတယ်။ ဒီအပေါ်ဘာပြောချင်ပါသလဲ။ 
MHW: : ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာ ပြောတဲ့လူတွေလိမ်တာပါ။ ပါဝင်ပတ်သက်မှု ရှိပါတယ်။ ကြေးရုပ်တည်ဆောက်ဖို့ ပြင်ဆင်ချိန်ကစပြီး တည်ဆောက်ပြီးချိန်အထိ အစနဲ့အဆုံးထိ သူတို့ပါတီဝင်တွေ ပါဝင်ဦးဆောင်နေတာပါ။

Voice: : ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တုတည်ဆောက်တာနဲ့ပတ်သက်ပြီးကန့် ကွက်မှုတွေရှိသလို ထောက်ခံတာမျိုးလည်း ရှိနေတယ်။ ကန့်ကွက်နေသူတစ်ဦးရဲ့ သဘောထားမှတ်ချက်လည်း သိချင်ပါတယ်။
MHW: : ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ဆန့်ကျင်ကန့်ကွက်နေကြတာ ကျွန်တော်တို့လူငယ်တွေက မုန်းတီးလို့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်မြတ်နိုးလို့ပါ။ သမိုင်းရဲ့ပြဌာန်းမှုနဲ့ အနာဂတ်ဖြစ်တည်လာမယ့်အနေထားမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုတည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ လတ်တလောမှာ ဖြစ်သင့်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ရုပ်ထုကို တည်စေချင်တယ်။ လက်ရှိ အစိုးရကလည်း ဗိုလ်ချုပ်ရဲ့ ကတိကဝတ်ဖြစ်တဲ့ ပင်လုံစာချုပ်ပါစကားတွေကို အကောင်ထည် ဖော်တာမျိုးမလုပ်သေးဘဲနဲ့ ရုပ်ထုလာတည်တာမျိုးဟာ ဒေသခံတိုင်းရင်းသားတွေကို စော်ကားရာမျိုးရောက်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်နေကြရခြင်းလို့ ပြောချင်ပါတယ်။

Voice: : ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုးနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဘာပြောချင်ပါသလဲ။ 
MHW: : ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က ကန့်ကွက်နေသူတွေနဲ့လာရောက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းမှုတွေ ပြုလုပ်စေချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဗိုလ်ချုပ်ကြေးရုပ်ထုတည်ဆောက်ထားတာကို ဖယ်ရှားပြီး ရပ်တန့်ပေးထားစေလိုပါတယ်။

Voice: : ကန့်ကွက်နေတဲ့လူငယ်တွေ တရားစွဲဆိုခံထားရတယ်။ တရားရင်ဆိုင်နေရတဲ့အရေအတွက်သိချင်ပါတယ်။
MHW: :ကြေးရုပ်တုကိစ္စ ကန့်ကွက်နေကြတဲ့အတွက် ပြည်နယ်အစိုးရနဲ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၅၅ ယောက်ရှိနေပြီး လွိုင်ကော်မြို့၊ ဒီမော့ဆိုနဲ့အခြားမြို့နယ်တွေ တရားရင်ဆိုင်နေရတဲ့ လူငယ် ၃၂ ယောက်ရှိသလို အခုရက်ပိုင်းမှာလည်း တရားစွဲဆိုခံထားရတဲ့အတွက် ပုဒ်မလေးခုလောက်နဲ့ စုစုပေါင်း ၅၀ ကျော် တရားရင်ဆိုင်ကြရမှာပါ။

Voice: : ကန့်ကွက်ဆန္ဒပြမှုကို ဘယ်ချိန်ထိဆက်လုပ်သွားမလဲ။ ဘယ်လိုပုံစံဆက်သွားမှာပါလဲ။ 
MHW: : ကျွန်တော်တို့တောင်းဆိုထားတဲ့မူလ အချက်သုံးချက် မရမချင်း ပြင်းထန်တဲ့ ဆန္ဒဖော်ထုတ်မှုတွေ သပိတ်တွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။

ဇေယျာကို

ဓာတ်ပုံ - Myo Hlaing Win (FB)