News

POST TYPE

INTERVIEW

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း
12-Feb-2019
“ဒုမြို့ တော်ဝန်နေရာအထိ မျှော်လင့်ပါတယ်”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ်ဖော်ပြပေးသွားမည်ဖြစ်ပါမည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။
HHH : ညီမက မဲဆန္ဒနယ်အမှတ် (၃) မှာ ကော်မတီဝင်နေရာအတွက် ဝင်ပြိုင်မှာပါ။ ဘာလို့လဲဆိုတော့ အဓိကတော့ နိုင်ငံအကျိုးပြု Miss တစ်ယောက်အနေနဲ့ ညီမ တာဝန်စွမ်းဆောင်လို့ပြီးသွားပြီ။ မိသားစုနဲ့ ပတ်ဝန်းကျင်ကိုအကျိုးပြုချင်တဲ့ ညီမရဲ့ဆန္ဒတွေကို ညီမအဖေက သိတဲ့အတွက် စည်ပင်မှာ ရွေးကောက်ပွဲရှိတယ်။ ဝင်ပြိုင်ပါလားဆိုပြီး ညီမအဖေက အကြံပေးတယ်။ ညီမအဖေရဲ့ဆန္ဒလည်း ဖြစ်တယ်။ ညီမဆန္ဒနဲ့လည်း တစ်ထပ်တည်းကျတယ်။ ညီမလည်း လုပ်နိုင်မယ်ထင်လို့ ဝင်ယှဉ်ပြိုင်ဖြစ်တာပါ။

Voice : ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင်ခြောက်ဦးထဲက တစ်ဦးက ဒုတိယမြို့တော်ဝန်ဖြစ်လာမယ်ဆိုတော့...။
HHH : ဒီကိစ္စနဲ့ပတ်သက်ပြီး ညီမ ဘာမှမပြောချင်ပါဘူး။ အချိန်တန်လို့ရှိရင် ပြည်သူတွေကပေးတဲ့ မဲဆန္ဒအတိုင်း ဖြစ်လာမှာပါ။ ကိုယ်တကယ် အဲဒီနေရာကိုဖြစ်ချင်တယ်၊ အဲဒီနေရာကနေ အကျိုးပြုချင်တယ်ဆိုရင် ဘေးကပြောနေတဲ့စကားတွေထက် ကိုယ်တိုင်က အဲဒီနေရာနဲ့ ထိုက်တန်အောင် ကြိုးစားရမယ်လို့ ထင်ပါတယ်။ 

Voice : ညီမအနေနဲ့ ဘယ်အဆင့်ထိ အမြင့်ဆုံးမျှော်လင့်ထားသလဲ။
HHH : မျှော်လင့်တာကတော့ မျှော်လင့်ပါတယ်။ ညီမက လမ်းကြောင်းတစ်ခု လျှောက်မယ်ဆိုရင် အဲဒီလမ်းကြောင်းရဲ့ထိပ်ဆုံး၊ အမြင့်ဆုံးနေရာအထိ ကိုယ့်ဘက်က အကောင်းဆုံးယှဉ်ပြိုင်တယ်။ ကော်မတီဝင်နေရာကို ဝင်ရွေးခံတယ်ဆိုကတည်းက နောက်ဆုံး ဒုမြို့တော်ဝန်နေရာအထိ မျှော်လင့်ပါတယ်။ မျှော်လင့်ရမှာကတော့ ကိုယ့်တာဝန်ပဲ။ အဲဒီတော့မှ အကောင်းဆုံးကြိုးစားဖြစ်မှာကိုး။ ရတယ်၊ မရဘူးဆိုတာက ပြည်သူလူထုဆန္ဒက ကိုယ့်အပေါ်ဘယ်လောက် ယုံကြည်မှုရှိတယ်ဆိုတာအပေါ်ပဲ မူတည်ပါတယ်။

Voice : ဒီနှစ် စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေလည်း ဝင်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့သူတွေအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
HHH : စိန်ခေါ်မှုနဲ့ရင်ခုန်တာကတော့ ဝင်ပြိုင်တဲ့ ၂၇၇ ယောက်စလုံး ရင်ခုန်ကြမှာပဲ။ ဘယ်ပါတီဝင်ပဲ ပါပါ၊ တစ်သီးပုဂ္ဂလ ဘယ်နှယောက်ပဲပါပါ ပြိုင်ပွဲဆိုတာကတော့ လူတိုင်းအနိုင်လိုချင်ကြတာပါပဲ။ ညီမကတော့ ပါတီဝင်တို့ တစ်သီးပုဂ္ဂလဆိုတာတို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရင်ခုန်တာတော့ မဟုတ်ဘူး။ ညီမက ပြိုင်ပွဲဝင် ၂၇၇ ယောက်မှာ တစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ့်ဘက်က ရင်ခုန်တယ်၊ မျှော်လင့်တယ်၊ စိတ်လှုပ်ရှားတယ်။ ပါတီဝင်ကြောင့်နဲ့တော့ မဆိုင်ဘူးထင်ပါတယ်။

Voice : အကယ်၍ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရရင် ရန်ကုန်မြို့ကြီးဖွံ့ဖြိုးတိုးတက်ဖို့ ဘာလုပ်မလဲ။
HHH : ပြည်သူတွေအတွက်ရော ညီမတို့ရန်ကုန် မြို့တစ်မြို့လုံးအတွက်ရော လိုအပ်နေတဲ့ လိုအပ်ချက်တွေက အများကြီးရှိပါတယ်။ ခေါင်းဆောင်တွေ ဘယ်နှယောက်ပဲတက်လာတက်လာ ပြည်သူတွေပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် တစ်ယောက်တည်းလုပ်သွားလို့ ရတဲ့အရာမဟုတ်ဘူး။ ညီမတို့အနေနဲ့ ကိုယ့်ဘက်က လုပ်ပေးနိုင်တဲ့ပမာဏကို ပြည်သူတွေဘက်က ဘယ်လို ပူးပေါင်းပါဝင်နိုင်မလဲ။ ပြည်သူတွေဘက်က အဓိက ဘာလိုချင်လဲဆိုတဲ့ ပြည်သူ့အသံနဲ့ တကယ့်စိတ်ရင်းထဲကလိုချင်တဲ့အရာကို ညီမအနေနဲ့ လုပ်ပေးသွားမှာပါ။ တစ်ယောက်တည်းလုပ်လို့ မပြီးဘူးဆိုတာ ပြည်သူတွေကို သိစေချင်ပါတယ်။ ပြည်သူတွေဘက်က အရာအားလုံးအတွက် ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် ပဲရတဲ့အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မယ့်အချိန်ကာလ လုံလောက်မယ်ထင်သလား။ 
HHH : ဒါကတော့ လူတိုင်းသိမှာပါ။ ညီမတို့နိုင်ငံက ၂ နှစ်အတွင်းမှာ ဘန်ကောက်တို့၊ စင်ကာပူတို့လို ချက်ချင်းကြီးတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလမ်းကြောင်းကိုစနိုင်ဖို့ ခြေလှမ်းဘယ်နှလှမ်း စနိုင်ပြီလဲဆိုတာပဲ အရေးပါအရာရောက်တယ်လို့ ပြောလို့ရပါတယ်။ အဓိက အဲဒီလိုနေရာရောက်ဖို့အတွက် ပြည်သူတွေလည်း ကြိုးစားနေကြပြီ။ ကျွန်မတို့လည်း ကြိုးစားနေကြပြီ။ အဲဒီလိုကြိုးစားနေကြတဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်ပြီးတော့ ဒီ ၂ နှစ် အတွင်းမှာ တကယ်လုပ်ရင် တကယ်ဖြစ်မှာပါ။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာနေတဲ့သူတွေက ဘာကြောင့် မဲပေးသင့်တယ်ထင်သလဲ။
HHH : ဘာကြောင့် မဲပေးသင့်လဲဆိုတော့ ၁၈ နှစ် ပြည့်တဲ့သူတိုင်း မြန်မာနိုင်ငံသားတွေဖြစ်နေတဲ့အတွက် ကိုယ့်နိုင်ငံဖွံ့ဖြိုးဖို့အတွက် ဦးဆောင်ပြီးတော့လုပ်မယ့် သူတစ်ယောက်ကို ရွေးချယ်ရာမှာ ပြည်သူတိုင်းရဲ့ဆန္ဒ ပါဝင်သင့်တယ်လို့ ညီမထင်ပါတယ်။ အဲဒီအတွက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးရင် ပိုပြီးတော့ မြို့နယ်အတွက် လိုအပ်တဲ့သူ ဒီမြို့နယ်အတွက် ယုံကြည်ရတဲ့သူက သေချာလေပါပဲ။ မြို့နယ်တိုးတက်ဖို့အတွက်လုပ်ချင်တဲ့သူက ခေါင်းဆောင်ဖြစ်မှသာ ပြည်သူတွေနောက်က နေလိုက်ပါပြီးတော့ ဝိုင်းဝန်းကူညီကြမယ်။ ပံ့ပိုးကြမယ်။ ပြည်သူကလည်း ပြည်သူ့တာဝန်ထမ်းဆောင်ကြမယ်၊ စည်းစည်းလုံးလုံးလုပ်မယ်ဆိုရင် ပြောင်းလဲမှုတွေ ဖြစ်လာမယ်ထင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ Miss တစ်ယောက်အနေနဲ့ ပထမဆုံးဝင်ပြိုင်တာဆိုတော့ ပရိသတ်တွေကို ဘာထပ်ပြောဦးမလဲ။ 
HHH : ညီမအနေနဲ့ အများအကျိုးပြုချင်တဲ့ဆန္ဒတစ်ခုအတွက်ရယ် ညီမအဖေဖြစ်စေချင်တဲ့ဆန္ဒနဲ့ ဒီလမ်းကို ရွေးချယ်လိုက်တယ်။ ပါဝင်လိုက်တယ်။ ညီမဘက်က ညီမချစ်တဲ့အနုပညာ၊ စီးပွားရေးတို့၊ ပညာတို့ ရှာဖွေရမယ့် ဆည်းပူးရမယ့် ကိုယ့်ဘဝမိသားစုထူ ထောင်ရမယ့်အချိန်တွေကိုဖျက်ပြီးတော့ အများအကျိုးအတွက်စဉ်းစားပြီး ဒီလမ်းကို ရွေးချယ်ထားပါတယ်လို့။ ညီမရွေးချယ်မှုကို ယုံကြည်ပေးပါ။ ယုံကြည်ပြီးတော့လည်း အားပေးပါ။ အားလုံးနဲ့အတူတူ လက်တွဲပြီးတော့ ကိုယ့်ဘဝကိုယ် ထူထောင်မယ့်အချိန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာအောင် ကြိုးစားသွားမယ့်ညီမကို အားပေးကြပါလို့ ပြောချင်ပါတယ်။

သက်သျှိုင်းသူ