News

POST TYPE

INTERVIEW

ဇေရဲထက်နဲ့ တွေ့ဆုံခြင်း
11-Feb-2019
“ကျွန်တော်တို့ဆိုလည်း အဘွားအိမ်မှာ နေခဲ့ရတာပါ။ ကိုယ်ပိုင်အိမ်ဆိုတာတောင် မရှိခဲ့ပါဘူး”



သရုပ်ဆောင်ဇေရဲထက်နဲ့ တွေ့ဆုံပြီး ပန်းတနော်မြို့က စိတ်ဝေဒနာရှင်မိန်းကလေးပရိသတ်တစ်ယောက်ကို သွားရောက်တွေ့ဆုံ နှစ်သိမ့်အားပေးဖြစ်တဲ့အကြောင်း၊ Star Awards ဆုပေးပွဲအပေါ် အမြင်တွေကို မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : ပန်းတနော်မြို့က စိတ်ဝေဒနာခံစားနေရတဲ့ ပရိသတ်ကောင်မလေး တစ်ယောက်ကို ကိုယ်တိုင်သွားပြီး နှစ်သိမ့်အားပေးဖြစ်တဲ့အကြောင်းကို ပြောပြပေးပါဦး။
ZYH : ပန်းတနော်ကိုသွားခဲ့တာကတော့ ကျွန်တော့်ကို အရမ်းအားပေးတဲ့ ညီမလေးကို တွေ့ချင်တာလည်းပါတယ်။ ပရိသတ်တစ်ယောက်က ကိုယ့်ကိုအရမ်းချစ်ပြီး အားပေးတာကို သိရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ သူနဲ့တွေ့ရတဲ့ အချိန်မှာသူလည်း ပျော်သလို၊ ကျွန်တော် ကိုယ်တိုင်လည်း ဝမ်းနည်း၊ ဝမ်းသာခံစားချက်မျိုး ဖြစ်မိတယ်။ သူချစ်တဲ့ အနုပညာရှင်ကို လူကိုယ်တိုင်တွေ့ရတော့သူလည်း အရမ်းပျော်မှာပေါ့နော်။ သူ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ 

Voice : သူ့ရဲ့ စိတ်ရောဂါအခြေအနေကရော ဘယ်လိုမျိုးရှိလဲ။
ZYH : ညီမလေးက စိတ်မနှံ့တာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ စိတ်လွတ်သွားပြီး ထိန်းလို့မရတာပဲရှိတာပါ။ သာမန်လူတစ်ယောက်လိုပါပဲ။ စိတ်လုံးဝကြီး လွတ်နေတာတော့ မဟုတ်ပါဘူး။ ပုံမှန်အသိစိတ်ဓာတ်လည်းရှိပါတယ်။ အရမ်းကြီးဆိုးဝါးတဲ့အထဲမှာတော့ မပါပါဘူး။ သူ့ကိုသေချာပြောပြရင်လည်း သူနားထောင်ပါတယ်။ ကလေးလိုဖြစ်နေတော့ သူစိတ်ချမ်းသာအောင် လူကြီးတွေက ထားပေးရတာပေါ့။

Voice : ဒီလိုမျိုး အမာခံပရိသတ်တစ်ယောက်ကိုယ့်မှာ ရှိနေတာကို အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ZYH : ပရိသတ်တစ်ယောက်က သူချစ်တဲ့အနုပညာရှင်ကို ရင်ထဲထည့်ပြီးတော့ မမေ့နိုင်အောင် စွဲလမ်းတယ်ဆိုတာ ကျွန်တော် ကုသိုလ်ကံကောင်းလို့ပေါ့နော်။ ကျွန်တော်တကယ်ဝမ်းသာပါတယ်။ ညီမလေးကို သွားတွေ့တဲ့အတွက် ပရိသတ်တွေက ချီးကျူးကြတာတွေလည်းကြားရတယ်။ ဒီလိုမျိုး မမျှော်လင့်ဘဲ ပရိသတ်တွေ အများကြီးရဲ့ အချစ်ကိုရလိုက်တဲ့အတွက် တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်။ ညီမလေးကြောင့် ကျွန်တော် ဂုဏ်တက်သလို ဖြစ်သွားတာပေါ့နော်။ 

Voice : သူ့ဘဝအတွက်ကိုရော ဘယ်လိုအကူအညီတွေ ဆက်ပြီးပေးသွားဖို့ စဉ်းစားထားလဲ။
ZYH : သူများတွေက ညီမလေးက ကျွန်တော့်ဆီကနေ အလှူခံတယ်လို့ ပြောကြတာကို ကြားရတော့ ကျွန်တော်စိတ်မကောင်းပါဘူး။ သူက ကျွန်တော့်ကို တွေ့ချင်တာပဲရှိတယ်။ သူအလှူခံတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်နိုင်သလောက်လေး ကူညီပေးတာပါ။ သူကမိန်းကလေး ဖြစ်နေတဲ့အတွက် မိန်းကလေးအသုံးအဆောင်ပစ္စည်း တွေလည်း ကျွန်တော်က မဝယ်တတ်ဘူးလေ။ အဲဒါကြောင့်ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကနေ အလှူခံတဲ့အခါမှာ အဝတ်အစားတွေ၊ အလှကုန်ပစ္စည်းတွေ လှူပေးကြပါတယ်။ နောင်ကိုလည်း ကျွန်တော် နိုင်သမျှ ကူညီသွားမှာပါ။

Voice : သူ့ကိုရော ဘယ်လိုအားပေးစကားတွေ ပြောခဲ့သေးလဲ။
ZYH : သူက ကလေးတစ်ယောက်လိုပဲ အရမ်းဖြူစင်ပါတယ်။ သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ရိုးသားပါတယ်။ ကျွန်တော်ကတော့ သူ့ကိုလိမ်လိမ်မာမာနေဖို့ လူကြီးတွေရဲ့စကားကို နားထောင်ဖို့ ဘဝကိုဘယ်တော့မှ အရှုံးမပေးဖို့ ဆုံးမခဲ့ပါတယ်။ ကျွန်တော်တို့ဆိုလည်း အဘွားအိမ်မှာ နေခဲ့ရတာပါ။ ကိုယ်ပိုင်အိမ်ဆိုတာတောင် မရှိခဲ့ပါဘူး။ အလုပ်မျိုးစုံလုပ်ပြီး ကြမ်းတမ်းတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဆိုင်ကယ်ကယ်ရီလည်း မောင်းခဲ့ဖူးတယ်၊ ဈေးလည်းရောင်းခဲ့ဖူးပါတယ်။ 

Voice : ဒီနှစ်မှာ ရုပ်ရှင်အစည်းအရုံးက ကျင်းပတဲ့ အကယ်ဒမီပေးပွဲအပြင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကလည်း Star Awards ဆုပေးပွဲဆိုပြီး ထပ်လုပ်မယ်နော်။ ကိုယ်တိုင်ရော အဲ့ဒီပွဲတက်ဖြစ်မလား။
ZYH : ကျွန်တော် Star Awards ဆုပေးပွဲကို တက်ဖြစ်မှာပါ။ ဆန်ခါတင်ရွေးထားတဲ့ ကားတွေထဲမှာ ကျွန်တော်ပါဝင်တဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဆုရဖို့ဝေးပါသေးတယ်။ ကိုယ့်ထက် စီနီယာကျတဲ့ အစ်ကို၊ အစ်မတွေကို အားပေးဖို့အတွက်ပဲ တက်ဖြစ်မှာပါ။ ကျွန်တော့်အတွက် အကယ်ဒမီဆိုတာကတော့ ဘုရားပေးတဲ့အချိန်မှာ ရမှာပေါ့။

Voice : သရုပ်ဆောင်တစ်ယောက်အတွက်ရော Star Awards ဆုပေးပွဲ က ဘယ်လောက်အထိ အရေးပါလဲ။
ZYH : အနုပညာသမား တစ်ယောက်အနေနဲ့ကတော့ ကိုယ့်အနုပညာလောကကို အသိအမှတ်ပြုပြီး ချီးမြှင့်တဲ့ ဆုပေးပွဲတစ်ခုပေါ်လာတာကို ကြိုဆိုပါတယ်။ ကျွန်တော်လည်း ဆုလိုချင်တာပေါ့။ ဒီဆုပေးပွဲကကျတော့ မျိုးဆက်သစ် သရုပ်ဆောင်တွေအတွက်လည်း ဆုရနိုင်မယ့် အခွင့်အလမ်းတစ်ခု တိုးလာတာပေါ့နော်။ ဒီဆုပေးပွဲမှာ ဆုရလိုက်ရင် ရုပ်ရှင်ဘက်မှာ ပိုပြီးကြိုးစားဖို့ အခွင့်အရေးတွေ ပိုရလာနိုင်ပါတယ်။ ဆုပေးပွဲမှာ ဆုနဲ့ တကယ်ထိုက်တန်တဲ့သူတွေကို ချီးမြှင့်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။

သန့်ဇင်ဦး