News

POST TYPE

INTERVIEW

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ ဝင်ပြိုင်မည့် အလုပ်သမား၊ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုနှင့် တွေ့ဆုံခြင်း
11-Feb-2019
“ပြည်သူတွေက မနက်နဲ့ည ထမင်းနပ်မှန်အောင် ကြိုးစားနေရတဲ့ အခြေအနေမှာ သူတို့ဆီက ကောက်ထားတဲ့အခွန်တွေကို သုံးရမှာ တန်သလား”



Voice : စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့လျှောက် ထားတယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။ 
UWC : ကျွန်တော်က မဲဆန္ဒနယ် အမှတ် - ၃ မှာ ဝင်ပြိုင်မှာပါ။ အဲဒီမှာ ၁၂ မြို့နယ်ရှိပါတယ်။ ကျွန်တော်ဝင်ပြိုင်ရမယ့်နယ်မြေမှာ လူဦးရေ ခုနစ်သိန်းခွဲလောက် ရှိတယ်။ ကျွန်တော် ၂၀၁၄ တုန်းက ထောင်ကထွက်ပြီးချိန်ကလည်း စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သေးတယ်။ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ယှဉ်ပြိုင်မှာပါ။

Voice : ဒီစည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်ကို ပြည်သူတွေက ရွေးချယ်တင်မြှောက်မယ်ဆိုတော့ ဘယ်အဆင့်ထိ မျှော်လင့်ထားသလဲ။
UWC : ကျွန်တော်တို့ကို စိစစ်နေတုန်းပါ။ အခုက စိစစ်ဆဲကာလပါ။ ကျွန်တော် မဲဆွယ်တယ်ထင်မှာ လည်းစိုးရိမ်တယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလည်း ကျန်တဲ့သူတွေ ဘယ်လိုဖြေဖြေ ဘာမှမဖြစ်ဘူး။ အချိန်ကာလမတိုင်ခင်ဖြေရင် မဲဆွယ်တယ်လို့ထင်ရင် ဝင်ပြိုင်ခွင့်မပေးဘူးဖြစ်မှာ စိုးတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း အဲဒီနည်းနဲ့ ဝင်ပြိုင်လို့မရအောင်လုပ်တယ်။ အယူခံဝင်ရတယ်။ အခုချိန်မှာ ကျွန်တော်ပြောရင် ဥပဒေလေးစားလိုက်နာမှုမရှိဘူး ဖြစ်မယ်။

Voice : လက်ရှိစည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
UWC : ရန်ကုန်မြို့မှာနေတဲ့ ပြည်သူတွေက လက်ရှိစည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို လူထုတွေအနေနဲ့ သဘောကျတယ်၊ အားရတယ်လို့မြင်နေရင် ကျွန်တော် ဝင်ပြိုင်စရာတောင်မလိုပါဘူး။ စည်ပင်သာယာကလုပ်ပေးထားတာ အရမ်းကောင်းတာပဲဖြစ်နေရင် ဘာမှပြောစရာ မလိုဘူး။

Voice : စည်ပင်သာယာ ရွေးကောက်ပွဲဥပဒေအပေါ်မှာရော ဘယ်လိုမြင်လဲ။ လူထုစိတ်ဝင်စားမှုကရော။ 
UWC : စည်ပင်သာယာဥပဒေနဲ့ပတ်သက်ပြီး ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုမရှိတဲ့ ဘာမှအကျိုးပြုမှာမဟုတ်တဲ့ အရာတွေကို လူတွေက အချိန်ကုန်ခံပြီး စိတ်ဝင်စားနေမှာမဟုတ်ဘူး။ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ အရွေးခံရပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကြောင့် စည်ပင်သာယာကော်မတီကြီးကို လူထုက သဘောကျသွားတယ်ဆိုရင် အခုရွေးကောက်ပွဲကို ကြိုဆိုနေမှာပေါ့။ ဘာမှမဖြစ် လာတဲ့အတွက် အဲဒီရွေးကောက်ပွဲကို လူတွေ စိတ်မဝင်စားတော့ဘူး။ အဲဒါအမှန်ပဲ။ 

Voice : စည်ပင်သာယာရွေးကောက်ပွဲမှ ကော်မတီဝင်တစ်ဦးသာ ဖြစ်လာခဲ့မယ်ဆိုရင် ရန်ကုန်မြို့ကြီး ပြောင်းလဲသွားအောင် ဘာလုပ်မလဲ။
UWC : ဒီရက်ထဲမှာ ဘာမှပြောဖို့ မစဉ်းစားထားဘူး။ သာမန်ပြည်သူတစ်ယောက်ပြောတဲ့အတိုင်း ပြောရရင် စည်ပင်သာယာရေးကော်မတီအနေနဲ့ ပုံမှန်လုပ်နေကျအလုပ်တွေကိုပဲ နိုင်နိုင်နင်းနင်း စေတနာပါပါ လုပ်ဆောင်နေရင် မြို့တော်သူ၊ မြို့တော်သားတွေ ပျမ်းမျှသက်တမ်းရှည်လာမယ်။ ၇၅ နှစ်ကနေ ၉၀ အထိ သက်တမ်းရှည်လာမယ်။ စွမ်းအားပြည့်မဆောင်ရွက်ဘူး၊ သဘာဝကျကျမလုပ်ဘူးဆိုရင် သက်တမ်းတိုလာမယ်။ ရန်ကုန်မြို့သူ၊ မြို့သားတွေသက်တမ်းက ၅၆ နှစ်ပဲရှိတော့မယ်လို့ စစ်တမ်းတစ်ခုမှာ တွေ့ရတယ်။ အရွေးခံရရင် ရန်ကုန်မြို့ကို ဘယ်လိုပြောင်းလဲအောင် လုပ်ချင်လဲဆိုတာကို မမေးပါနဲ့ဦး။ အခုက မဲဆွယ်ကာလမရောက်သေးလို့ပါ။ 

Voice : စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာများ ရှိပါသလဲ။
UWC : ဒီရွေးကောက်ပွဲအတွက် ကျပ်သန်း ၂၀၀၀ (နှစ်ဘီလီယံ) လောက် အကုန်ခံမယ်။ ကော်မတီဝင်ခြောက်ဦးနဲ့ မြို့နယ်အဆင့်အတွက်က ၉၉ ယောက်။ အဲဒီလူတွေက ၂ နှစ်သက်တမ်း တာဝန်ထမ်းရမှာဆိုတော့ ဒီငွေတွေသုံးရမှာ တန်ရောတန်လား။ ပြည်သူတွေက မနက်နဲ့ည ထမင်းနပ်မှန်အောင် ကြိုးစားနေရတဲ့အခြေအနေမှာ သူတို့ဆီကကောက်ထားတဲ့အခွန်တွေကိုသုံးရမှာ တန်သလား။ အဲဒီအခွန်ငွေတွေကို အသုံးချပြီး လုပ်ရမယ့်ရွေးကောက်ပွဲပါ။ ပြည်သူတွေ ရွေးချယ်လိုက်တဲ့ ၁၀၅ ယောက်သော အဲဒီ ကိုယ်စားလှယ်တွေဟာ မြို့တော်စည်ပင်မှာ ၂ နှစ်ပဲ တာဝန်ထမ်းဆောင်ခွင့်ရမယ်။ သက်တမ်း ၂ နှစ်မှာ ကိုယ်စားလှယ် ၁၀၅ ယောက်က လုပ်ပေးနိုင်မယ့်ကိစ္စတွေနဲ့ ကျပ်သန်းနှစ်ထောင်ကုန်ကျမှာကိုတွက်ကြည့်ပြီး တန်ရဲ့လားလို့ ကျွန်တော့်လာမေးရင်တော့ မတန်ဘူးလို့ပဲဖြေရမှာပါ။

ခင်မြတ်မြတ်ဝေ