News

POST TYPE

INTERVIEW

ထားထက်ထက်နဲ့ တွေ့ဆုံခြင်း
10-Feb-2019
“တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတော့မှ လူနာတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး အသက်တွေ မဆုံးရှုံးမှာပါ” 



အလှမယ်တစ်ဦးဖြစ်ခဲ့ဖူးသလို သရုပ်ဆောင်လည်းလုပ်တဲ့ ထားထက်ထက်နဲ့ တွေ့ဆုံပြီး အထူးကုဆေးရုံတစ်ခုနဲ့ ဖြစ်ခဲ့တဲ့ပြဿနာအကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက် အကြံပြုချက်နဲ့ အချစ်ရေးအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ထားထက်ထက်က အထူးကုဆေးရုံတစ်ခုမှာ ဝက်သက်ပေါက်လို့ တက်ရောက်ကုသတုန်းက ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို ဖေ့စ်ဘွတ်ခ်မှာ ရေးလိုက်တာ တော်တော်ပွဲဆူသွားတယ်နော်။ 
HHH : ဒီဖြစ်ရပ်ဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်နေမကောင်းဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းကို သေချာရွေးချယ်ရမယ်ဆိုတဲ့ သင်ခန်းစာတစ်ခု ရလိုက်တယ်။ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလည်းရှိဖို့ လိုအပ်တာကို သိခဲ့ရတယ်ပေါ့။ ကိုယ်လည်း ဗဟုသုတရှိသင့်သလောက်ရှိပေမယ့် နေမကောင်းဖြစ်နေတဲ့အချိန်မှာ အနီးဆုံးနေရာတစ်ခုကိုပဲ သွားလိုက်တာပါ။ တချို့တွေကတော့ သူတို့ခံစားရတာကို ရေးလိုက်ရင် တရားစွဲတာတွေ၊ ဘာတွေလုပ်မှာကို ကြောက်တဲ့အတွက် ပွင့်ပွင့်လင်းလင်းမရေးဘူးပေါ့နော်။ ကိုယ်ကကျတော့ လူတိုင်းသိသင့်တယ်ထင်လို့၊ ရှောင်သင့်ရင်ရှောင်လို့ ရအောင်ဆိုပြီး ရေးလိုက်တာပါ။ သူများတွေ ဝက်သက်ပေါက်ရင် တစ်သောင်း၊ နှစ်သောင်းလောက်နဲ့ ပြီးပေမယ့် ကိုယ့်အလှည့်ကျမှ ဆယ့်လေးသိန်းလောက်ကုန်သွားတော့ ပြောစမှတ်ဖြစ်သွားတာပေါ့။

Voice : ဒီလိုဖြစ်ရပ်တွေက ရှေ့မှာလည်းဖြစ်ခဲ့ဖူးတော့၊ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပြုချင်တာမျိုးရောရှိလဲ။
HHH : ထားထက်ပြောချင်တာကတော့ ဆေးရုံကတာဝန်ရှိတဲ့သူတွေရော၊ ဆရာဝန်တွေရော၊ လူတိုင်းက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိကို ရှိသင့်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာကိုတာဝန်ယူရမယ်။ ထားထက်ကိစ္စမှာဆို သူတို့ဆီက တောင်းပန်တာတွေ၊ ဘာတွေလိုချင်လို့လုပ်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူတွေကို မျှဝေပြောပြပေးတာပဲရှိပါတယ်။ ဒါပေမဲ့ သူတို့ဘက်က တောင်းပန်တာမျိုးလည်းမရှိပါဘူး။ ကိုယ်ပြောလည်း သူတို့က ဂရုမစိုက်ဘူး။ ပြောတဲ့သူတွေလည်း များပြီဆိုတော့ ဂရုမစိုက်ဘူးပေါ့နော်။ ထားထက်ကတော့ အဲဒီလို မဖြစ်စေချင်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတော့မှ လူနာတွေက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသက်တွေမဆုံးရှုံးမှာပါ။

Voice : ဒီလိုကိစ္စတွေ ထပ်မဖြစ်အောင်ကျတော့ ဘယ်လိုတာဝန်ယူမှု၊ တာဝန်ခံမှုမျိုး ရှိစေချင်တာလဲ။ 
HHH : ဆရာဝန်တွေဘက်ကနေ ကြည့်ရင်တော့ သူတို့မှာနေ့တိုင်း လူနာတွေအများကြီးနဲ့ တွေ့ရတော့ စိတ်ရှုပ်တယ်၊ စိတ်တိုတယ်၊ စိတ်ပင်ပန်းတယ်။ ဒါမျိုးကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူနာဆိုတာက ရောဂါ ဖြစ်နေတဲ့အချိန်မှာ ဆရာဝန်ထက်ပိုပြီး ပင်ပန်းနေတယ်လေ။ အဲဒီလို အခါမျိုးမှာ ပိုပြီးတော့ ဂရုစိုက်ပေးသင့်တယ်လို့ မြင်ပါတယ်။ တချို့ဆေးရုံတွေမှာ လူနာကိုတစ်ခုခုစစ်မယ်ဆိုရင် ရာခိုင်နှုန်းဘယ်လောက်ဆိုပြီး ပေးထားတာရှိတယ်။ အဲဒီလိုရှိတဲ့ အခါကျတော့ ဆရာဝန်က မလိုအပ်ဘဲ တစ်ချိန်လုံး သွေးဖောက်ပြီး စစ်နေတယ်။ အဲဒီလို ပုံစံမျိုးကို မကြိုက်ဘူး။ ဆေးရုံတွေက ဆရာဝန်ကို ရာခိုင်နှုန်းနဲ့ ပေးတာမဟုတ်ဘဲ၊ သူ့ရဲ့ပညာအပေါ် မူတည်ပြီးတော့ပဲ ပေးစေချင်တယ်။

Voice : အချစ်ရေးကရော အရင်အတိုင်းပဲလား။ ဖေ့စ်ဘွတ်ခ်မှာတော့ ခံစားချက်လေးတွေ ရေးတင်ထားတာတွေ့တော့ အသည်းကွဲနေတာလား။
HHH : ထားထက်ကလေ Relationship ရှိနေရင်းနဲ့တောင် အသည်းကွဲနေတတ်တယ်။ Relationship မရှိတဲ့အခါကျရင်တော့ အသည်းမကွဲတော့ဘူး။ ထားထက်အတွက်က အချစ်ရေးမှာ ကံကောင်းတယ်လို့ ပြောလို့ရသလို၊ ကံမကောင်းဘူးလို့လည်း ပြောရင်ရတယ်။ ကံကောင်းတယ်ဆိုတာက ကိုယ့်ကိုအရမ်းချစ်တဲ့သူတွေနဲ့ ထားထက်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ နားလည်မှုမရတဲ့အခါ၊ သဝန်တိုတဲ့အခါမျိုးမှာကျ ကိုယ်နေတဲ့ပုံစံနဲ့ အဆင်မပြေဘူး။ ထားထက်က ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်ချင်တယ်။ ကိုယ့်ရဲ့အလုပ်ကို ပိတ်ပင်တားဆီးတာမျိုး မကြိုက်ဘူး။ ထားထက်ရဲ့ ဖြစ်တည်မှုကိူ နဂိုကတည်းကသိပြီးတော့မှ ကိုယ့်ဆီကိုရောက်လာတယ်ဆိုရင် ကိုယ့်အပေါ်လက်ခံနိုင်တဲ့၊ နားလည်ပေးနိုင်တဲ့သူမျိုးပဲ ဖြစ် စေချင်တယ်။ ဒါပေမဲ့ ညှိရတဲ့ အပိုင်းမှာ တော်တော်ခက်တဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။

Voice : ဒါဆိုရင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ကိုတော့ တစ်ယောက်တည်းဖြတ်သန်းရတော့မှာပေါ့။ နောက်ထပ်ချစ်သူရွေးရင်ရော ဘယ်လိုလူမျိုးကိုရွေးဖြစ်မလဲ။
HHH : ချစ်သူမရှိပေမယ့် ထားထက်ရဲ့ ပရိသတ်တွေ ရှိတယ်လေ။ ထားထက် ပရိသတ်တွေထဲမှာလည်း တစ်ယောက်တည်း FA ဖြစ်နေတဲ့ သူတွေအများကြီးရှိတဲ့အခါကျတော့ ထားထက်ဆီကို ချောကလက်လာ ကျွေးကြပါလို့၊ ထားထက်ကလည်း အကုန်လုံးကို ပြန်ကျွေးဖို့အတွက် ချောကလက်တွေ အများကြီးဝယ်ထားပါ့မယ်။ နောက်ထပ်ချစ်သူထားဖို့ က ဘယ်လိုပုံစံမျိုးကို ရွေးမယ်ဆိုပြီး စဉ်းစားထားတာမျိုး မရှိပါဘူး။ ကိုယ့်ဘက်က စဉ်းစားထားလည်း ကိုယ်လိုချင်တဲ့အတိုင်းဖြစ်ချင်မှဖြစ်တာပါ။ ငယ်ငယ်တုန်းက ကိုယ့်ရဲ့ချစ်သူက အရပ်ရှည်ရမယ်၊ အသားဖြူရမယ်၊ ရုပ်ချောရမယ်ဆိုပြီး၊ စံနှုန်းတွေထားပေမယ့် ကိုယ်တကယ်တွေ့တဲ့ အခါကျရင် ကိုယ်လုံးဝမကြိုက်တဲ့ အချက်တွေရှိနေတဲ့ သူတွေနဲ့လည်း ဖူးစာပါပြီး တွေ့နိုင်တာပဲလေ။ အဲဒါကြောင့် ဘယ်လိုပုံစံမျိုး လိုချင်တယ်ဆိုပြီး ကြိုမစဉ်းစားထားတော့ပါဘူး။

သန့်ဇင်ဦး