News

POST TYPE

INTERVIEW

ညီထွဋ်ခေါင်နဲ့ တွေ့ဆုံခြင်း
08-Feb-2019
“ခရမ်းရောင်ကြိုးဇာတ်ကားကို ရုံရှင်တွေက ယူတောင် မကြည့်ပေးကြဘူးလို့ကြားရပါတယ်”



သရုပ်ဆောင်ညီထွဋ်ခေါင်နဲ့ တွေ့ဆုံပြီး ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးထားတဲ့ “ခရမ်းရောင်ကြိုး” ရုပ်ရှင်ဇာတ်ကား ရုံတင်ခွင့်မရသေးတဲ့အပေါ် ခံစားချက်နဲ့ သင်ဇာဝင့်ကျော်နဲ့ သူငယ်ချင်းဆက်ဆံရေးအကြောင်းတွေကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။

Voice : ကိုယ်ခေါင်းဆောင်အနေနဲ့ ရိုက်ထားတဲ့ “ခရမ်းရောင်ကြိုး” ရုပ်ရှင်ဇာတ်ကားက ဘယ်တော့လောက် ရုံတင်ခွင့်ရမလဲ။
NHK : ကျွန်တော် ခေါင်းဆောင်အနေနဲ့ရိုက်ထားတာ ခရမ်းရောင်ကြိုးဆိုတဲ့ ဇာတ်ကားအပြင် သူ့ထက်ကဲဆိုတဲ့ ဇာတ်ကားလေးလည်းရှိပါတယ်။ ရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ ကြိုးစားခွင့်ရထားတဲ့ ဇာတ်ကားလေးတွေပါ။ ခရမ်းရောင်ကြိုးမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ကျွန်တော်ရယ်၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) နဲ့ အေးမြတ်သူတို့ပါပါတယ်။ တခြားမင်းသားတွေရဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် Red Carpet Show တွေလုပ်ရင် ကျွန်တော်တက်ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားနဲ့ တစ်ကားမတူအောင် အပြိုင်အဆိုင်တွေ လုပ်လာကြတယ်။ အဲဒီပွဲတွေကိုတက်ရင် အားကျစိတ်ဖြစ်မိသလို၊ အားလည်းငယ်မိပါတယ်။ ကိုယ့်ဇာတ်ကားလေးတွေ ရုံတင်ခွင့်ရလာရင် ကိုယ်လည်း Red Carpet Show ကို ဘယ်လိုလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်မိတာတွေရှိပါတယ်။

Voice : ဇာတ်ကားတွေကို ရုံရှင်တွေက စိတ်ကြိုက်ရွေးပြီးပြတာဆိုတော့ ကိုယ့်ဇာတ်ကား ဘယ်တော့ရုံတင်ရမလဲဆိုတာကို မှန်းလို့မရဘူးပေါ့။
NHK : ကိုယ့်ဇာတ်ကားလေးတွေကို ဘယ်တော့များမှ ရုံတင်ခွင့်ရပါ့ မလဲဆိုပြီး မျှော်လင့်ပြီးတော့ စောင့်နေရတာပေါ့နော်။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ နည်းနည်းလေး မဲ့လာတယ်။ အရိပ်အယောင်တောင် မမြင်ရတဲ့ မျှော်လင့်ချက်မျိုးဖြစ်နေတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေကလည်း အများကြီးရှိနေတယ်။ အဲဒီအထဲကမှ ကိုယ့်ဇာတ်ကားလေး ရွေးခံရဖို့ဆိုတာ ဘယ်အချိန်ဖြစ်မလဲမသိသေးပါဘူး။ ကျွန်တော့်ကို အဓိကသရုပ်ဆောင်အနေနဲ့ ရိုက်ပေးတဲ့သူက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒါရိုက်တာ အောင်မင်းသိမ်းရဲ့ ဇနီး သမီးမြတ်ကျော်ပါ။ သူ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Voice : ဒါရိုက်တာ သမီးမြတ်ကျော်က “ခရမ်းရောင်ကြိုး”ဇာတ်ကားကို သူကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားတာနော်။
NHK : ဒါရိုက်တာသမီး မြတ်ကျော်က မသန်စွမ်း အမျိုးသမီးတစ်ယောက်ပါ။ သူက သူ့မှာရှိတဲ့ ခွန်အားလေးနဲ့ သူ့ရဲ့အနုပညာယုံကြည်ချက်တစ်ခုကို အခြေခံပြီး ခရမ်းရောင်ကြိုးရုပ်ရှင်ဇာတ်ကားကို ရှိတာတွေ အကုန်ပုံအောပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကလည်း အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းကောင်းလေးပါ။ ခရမ်းရောင်ကြိုး ဇာတ်ကားကို ရုံရှင်တွေက ယူတောင်မကြည့်ပေးကြဘူးလို့ကြားရပါတယ်။ ကျွန်တော့်ကို အဓိကသရုပ်ဆောင်အနေနဲ့ စင်တင်ရိုက်ကူးပေးထားတာဆိုတော့ ကျွန်တော့်မှာလည်း တာဝန်မကင်းသလို ဖြစ်နေပါတယ်။ ငါ့အတွက် မဟာအမှားကြီးများ ဖြစ်သွားပြီလားပေါ့နော်။

Voice : ဒီဇာတ်ကားကနေ ပရိသတ်တွေကို ပေးချင်တဲ့ Message ကရော ဘာများဖြစ်မလဲ။
NHK : ဒီဇာတ်ကားက အိမ်ထောင်ရေးတစ်ခုမှာ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေကို အခြေခံပြီးတော့ ရိုက်ကူးထားတာပါ။ အိမ်ထောင်ရှင်တိုင်း၊ အိမ်ထောင်ပြုမယ့်သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာသမီးမြတ်ကျော်က ဒီဇာတ်ကားကို သူ့မှာရှိသမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားတာပါ။ အခုချိန် အထိတော့ ရုံတင်ခွင့်ရဖို့က အလှမ်းဝေးနေဆဲပါပဲ။ နှစ်လတစ်ကြိမ်ကျရင် ရုပ်ရှင်အစည်းအရုံးကနေပြီး ဘယ်ဇာတ်ကားတွေတော့ ရုံတင်ခွင့်ရတယ်ဆိုပြီး ကြေညာတာရှိတယ်လေ။ အဲဒီစာရင်းထွက်တဲ့နေ့ဆို ကိုယ့်ဇာတ်ကားလေးများပါလာမလားလို့မျှော်ရတာအမောပါပဲ။ ဒါပေမဲ့ မပါလာပါဘူး။ 

Voice : ညီထွဋ်ခေါင်ရယ်၊ သင်ဇာဝင့်ကျော်ရယ်၊ ဇာတ်ပို့သရုပ်ဆောင် မအေးသီတာရယ်က တရားစခန်းတွေတောင် အတူဝင်ဖြစ်ကြတယ်နော်။ ဘယ်လိုတွဲမိသွားကြတာလဲ။
NHK : ကျွန်တော်တို့သုံးယောက်က ဘုန်းကြီးကျောင်းသွားပြီး အဓိဋ္ဌာန်တွေ အတူတူဝင်ဖြစ်ပါတယ်။ လွယ်လွယ်ကူကူပြောရရင်တော့ ဓမ္မမိတ်ဆွေတွေပါ။ ကျန်တဲ့အချိန်တွေမှာသာ သိပ်မတွေ့ဖြစ်တာပါ။ အောင်ဇမ္ဗူ တောရကျောင်းမှာ ဘယ်နေ့တော့ ဆွမ်းသွားကပ်ကြမယ်၊ ဘယ်နေ့တော့ အဓိဋ္ဌာန်ဝင်ကြမယ်ဆိုရင်တော့ ဆုံဖြစ်ကြ တွေ့ ဖြစ်ကြပါတယ်။ အလှူအတန်းကိစ္စတွေမှာလည်း အတူတူလှူဖြစ်ကြပါတယ်။ သင်ဇာနဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေလည်း ဟုတ်တယ်၊ ဓမ္မမိတ်ဆွေတွေဆိုလည်း ဟုတ်ပါတယ်။

Voice : သင်ဇာဝင့်ကျော်က ကိုယ့်အတွက်ဆိုရင် ဘယ်လိုသူငယ်ချင်းမျိုးဖြစ်မလဲ။
NHK : ကျွန်တော်ကတော့ သူ့ကို မိန်းကလေးတစ်ယောက်လို့တောင် မမြင်ဘူး။ သူ့ရဲ့စိတ်က ပြတ်သားတယ်။ ယောကျာ်းလေးတစ်ယောက်လိုပဲ။ အပေါင်းအသင်းကောင်း ပီသတယ်။ ဘော်ဒါစိတ် အပြည့်ရှိတယ်။ သူကလည်း ကျွန်တော့်ကို ယောကျာ်းလေး သူငယ်ချင်းတစ်ယောက်လို ရင်းရင်းနှီးနှီး ပေါင်းတယ်။ ခေါ်တာတောင်မှ မမထွဋ်လို့ ခေါ်တာပါ။ အရမ်းခင်ကြပါတယ်။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုပိုင်းကတော အလုပ်သဘောအရ ဝတ်ရတာတွေ ရှိမှာပေါ့နော်။ သူ့ရဲ့ ပင်ကိုစိတ်ရင်းကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူက အင်မတန်စိတ်ရှင်းပါတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ သူမှန်တယ်ထင်တာကိုတော့ လုပ်တတ်ပါတယ်။

သန့်ဇင်ဦး