News

POST TYPE

INTERVIEW

မိုဘိုင်းလ်ငွေကြေးလုပ်ငန်းများနှင့် တာဝန်ရှိမှုအပေါ် အမြင်များ
08-Feb-2019
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သော အီလက်ထရွန်နစ်စနစ်ဖြင့် မိုဘိုင်းလ်ဖုန်းငွေ ရောင်းချခြင်း ဝန်ဆောင်မှုလုပ်ကိုင်သော Red Dot ကုမ္ပဏီ ထွက်ပြေးတိမ်းရှောင်မှုနှင့် ပတ်သက်ပြီး ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ၎င်းတို့အနေနဲ့ လိုင်စင်ထုတ်ပေးထားခြင်းမရှိသည့်အတွက် မသက်ဆိုင်ကြောင်း ငြင်းဆိုထားကြသည်။ ယင်းကိစ္စတွင် မည်သည့်အဖွဲ့အစည်းက တာဝန်ရှိသနည်းဆိုသည်ကို ငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်း၊ စီးပွားရေးနှင့် ကုမ္ပဏီဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။



“ငွေရေးကြေးရေးဆိုင်ရာ ထောက်လှမ်းရေးတွေ တည်ထောင်ထားရမှာ” 

ဦးသန်းလွင် (ဘဏ်လုပ်ငန်း ပညာရှင်)

လူတွေက တစ်ခုခုဖြစ်လာပြီဆိုရင် သူနဲ့မဆိုင်ဘူး၊ ခွင့်ပြုထားတဲ့လိုင်စင်မရှိဘူး၊ ဘာဘူးညာဘူး ဆိုပြီး ပြောကြတယ်။ အဲဒါနဲ့ပတ်သက်လို့ အတွေ့အကြုံတစ်ခုပြောပြမယ်။ ဒါမျိုးဖြစ်လာတယ်ဆိုတာ အတွေ့အကြုံနဲ့လည်း ဆိုင်တာပေါ့။ ဒီအစိုးရအဖွဲ့ထဲမှာလည်း အမြဲပြောတယ်၊ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေခန့်ပါဆိုတာ အလကားပြောတာမဟုတ်ဘူး။ အခုက လူငယ်လေးတွေခန့်တော့ အရင်ကလို အတွေ့အကြုံဆိုတာ မသိတော့ဘူး။ အရင်ခေတ်တုန်းက ဗဟိုဘဏ်မှာ ဒုတိယဥက္ကဋ္ဌလုပ်တုန်းက ဘာတွေပေါ်လာလဲဆိုတော့ ဥပဒေအရေခြုံပြီးတော့ အဖွဲ့အစည်းတွေပေါ်လာတယ်။ အတိုးတွေ ဘယ်လောက်ပေးမယ်ဆိုပြီး လိမ်တာတွေ ပေါ်လာတယ်။ အဲဒီမတိုင်ခင် သမဝါယမကိစ္စဖြစ်လာတယ်။ သမဝါယမအဖွဲ့အစည်းတစ်ခုက အပ်ငွေလက်ခံတယ်။ အဲဒါကို ဘဏ္ဍာရေးဝန်ကြီးကို အစီရင်ခံတယ်။ အပ်ငွေလက်ခံပြီဆိုတည်းက ဗဟိုဘဏ်နဲ့ဆိုင်လာပြီ။ ငွေရေးကြေးရေးဥပဒေနဲ့ အကျုံးဝင်တယ်။ အဲဒီတုန်းက ဗဟိုဘဏ်က ဘဏ္ဍာအခွန်အောက်မှာ ရှိတဲ့အတွက် ဘဏ္ဍာအခွန်ကနေတစ်ဆင့် သမဝါယမဘက်ကို စာတင်တယ်။ အဲဒီတော့မှ ဒါကိုဖျက်သိမ်းလိုက်တယ်။ Red Dot က Payment စနစ်ထဲ အကျုံးဝင်နေပြီ။ ဒီလိုဖြစ်တယ်ဆိုရင် ဗဟိုဘဏ်က ထောက်လှမ်းနေရမှာ။ ဒါတွေကို ဘယ်ဝန်ကြီးဌာနက လုပ်နေလဲဆိုတာ စုံစမ်းပြီး ကန့်ကွက်ရမှာ။ ဗဟိုဘဏ်နဲ့ မဆိုင်ဘူးဆိုလည်း ဘယ်သူနဲ့ဆိုင်လဲ၊ ဆိုင်တဲ့လူက လုပ်ရမှာ။ ဥပဒေနဲ့ အရေးယူမှာ။ အဖွဲ့အစည်းတွေက တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ နိုင်ငံခြားကအကုန်လာပြီး လိမ်သွားရင် ဘယ်လိုလုပ်မလဲ။ အမှန်တော့ ဆိုင်ရာဆိုင်ရာအပိုင်းက သေချာကြည့်နေရမှာ။ ငွေရေးကြေးရေးဆိုင်ရာ ထောက်လှမ်းရေးတွေ တည်ထောင်ထားရမှာ။ ဆက်သွယ်ရေးအပိုင်းကလည်း ကြည့်ရမယ်။ ကုမ္ပဏီမှတ်ပုံတင်တဲ့သူကလည်း ပြန်ကြည့်ရမှာ။



“သူ့ဆီမှာ လိုင်စင်မလျှောက်ထားလို့ သူ့နဲ့မဆိုင်ဘူးဆိုပြီး ပြောလို့မရဘူးလေ”

ဦးမင်းတေဇ (ကုမ္ပဏီဥပဒေဆိုင်ရာ ပညာရှင်)

အဓိကက လူမှုကွန်ရက်တွေမှာ လူတွေပြောနေတာ ကြည့်ရတွေ့ရသလောက် နံပါတ်တစ်မြင်တာက DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) မှာ ကုမ္ပဏီမှတ်ပုံတင်လိုက်ရင် လုပ်ချင်တာ အကုန်လုပ်လို့ရတယ်လို့ ထင်နေကြတယ်။ ဒါက ကျွန်တော်တို့ သာမန်ပြည်သူတွေက မြင်တာပေါ့။ ကုမ္ပဏီမှတ်ပုံတင်တယ်ဆိုတာက ဘာလုပ်ငန်းလုပ်မယ်၊ ဘာနာမည်နဲ့လုပ်မယ် စသည်ဖြင့်ပေါ့။ အဲဒီလို အချက်အလက်မျိုးတွေကို တင်ပြတာပေါ့။ တကယ်လုပ်ငန်းလုပ်ဖို့လိုတဲ့လိုင်စင်တွေ၊ ပါမစ်တွေကို သူ့သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ လုပ်ငန်းလိုင်စင် လျှောက်ရမယ်။ အဲဒီတော့ DICA မှာ မှတ်ပုံတင်လိုက်ရင် လုပ်ငန်းအကုန်လုပ်ခွင့်ရသွားတာ မဟုတ်ဘူး။ ကျွန်တော်တို့ မသိနားလည်ကြသူတွေက ဒါရှိထားပြီ ဆိုရင် ယုံကြည်မိပြီး ဖြစ်သွားတယ်ပေါ့။ ဒါက တစ်ချက်ပေါ့။ ဝန်ကြီးဌာနတွေက သူတို့နဲ့မဆိုင်ဘူးလို့ ပြောတာလည်း မမှားပါဘူး။ မမှားဘူးဆိုတာက အဲဒီလိုမိုဘိုင်းလ် ငွေရေးကြေးရေးဝန်ဆောင်မှု Mobile Financial Service Provider လိုမျိုး လုပ်ငန်းမျိုးလုပ်ဖို့အတွက် လျှောက်ရတာက ဗဟိုဘဏ်ကို လျှောက်ရတာကိုးဗျ။ ဗဟိုဘဏ်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက်ပြန်တောင်းပြီး နည်းပညာအရ လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာတို့၊ ဖြစ်နိုင်ခြေရှိ မရှိဆိုတာမျိုးလိုပေါ့။ လုပ်နိုင်တယ်ဆိုတဲ့ သဘောထားမှတ်ချက်ပြန်ပေးမှ သူက ဆက်သွယ်ရေးစနစ်ပေါ်မှာအခြေခံတဲ့ Mobile Financial Service Provider ဆိုတာမျိုးကို လုပ်ခွင့်ရမှာပေါ့။ အဲဒီလိုမျိုး လုပ်ငန်းမျိုးကို ဘယ်လိုလုပ်ကိုင်ခွင့်ပေးလဲဆိုရင် ဘယ်လိုဟာမျိုးလဲဆိုတာ Financial အင်စတီကျူး ရှင်းဥပဒေမှာရော၊ သူ့ရဲ့သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းထဲမှာရော ပါပြီးသားပဲ။ အဲဒီမှာက ဘဏ်မဟုတ်သော ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုပေးနိုင်သူတွေက ဘယ်သူလဲဆိုတာ တယ်လီကွန်းအော်ပရေတာတွေပေါ့။ နောက်တစ်ခုက ဘဏ်တော့မဟုတ်ဘူး။ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတွေ လုပ်လို့ရနေတယ်ပေါ့။ အဲဒီဥပဒေအတိုင်းဆိုရင် လက်ရှိရှိတဲ့ တယ်လီကွန်းမိုဘိုင်းလ်အခြေခံအဆောက်အဦမှာ အလုပ်လုပ်လို့ရှိရင် Financial အင်စတီကျူးရှင်းဥပဒေ အောက် ရောက်သွားတယ်လို့ သူ့ဥပဒေဖွင့်ဆိုချက်အရ သိရတယ်ပေါ့။ အဲဒီတော့ အဲဒီအလုပ် လုပ်ကိုလုပ်တဲ့သူသည် ကုမ္ပဏီမှတ်ပုံတင်ခြင်း မတင်ခြင်းက သူ့အပိုင်း၊ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ အဲဒီတော့ တယ်လီကွန်း အခြေခံအဆောက်အဦပေါ်မှာ ဘဏ္ဍာရေးဆိုင်ရာဝန် ဆောင်မှုလုပ်မယ်ဆိုရင်တော့ ဒီဥပဒေနဲ့ သက်ဆိုင်တယ်ဆိုတာ ငြင်းလို့မရဘူး။ ဈေးကွက်မှာထဲ လုပ်ငန်းလိုင်စင်ရှိမှ လုပ်ငန်းလုပ်ဖို့ကို စီမံကွပ်ကဲဖို့က Regulator အလုပ်ပဲ။ သူက ဥပဒေထုတ်ပြန်ထားပြီးတော့ သူ့ဆီမှာ လိုင်စင်မလျှောက်ထားလို့ သူနဲ့မဆိုင်ဘူးဆိုပြီး ပြောလို့မရဘူးလေ။ သူက ဥပဒေထုတ်ပြန်ပြီးတော့ ဈေးကွက်ကို Overview လုပ်တာတို့၊ ထိန်းကျောင်းတာတွေက သူလုပ်ရမှာလေ။ အဲဒီတော့ ဒီဥပဒေကိုထုတ်ပြန်ထားတဲ့ ဗဟိုဘဏ်မှာ တာဝန်ရှိတယ်လေ။ သူလိုင်စင်မထုတ်ပေးထားလို့ ပကတိလက် တွေ့သဘောအရတော့ မှန်တယ်။ အဲဒီအပေါ်မှာတော့ ဘာမှအငြင်းပွားဖို့မရှိဘူး။ သို့သော် အဲဒီဥပဒေမှာကိုက ပြောပြီးသွားပြီ။ ဒီလိုလုပ်ငန်းတွေလုပ်မယ်ဆိုရင် လိုင်စင်ရှိတဲ့သူမှ လုပ်ရမယ်၊ မဟုတ်ဘူးဆိုလို့ရှိရင် ထောင်ဘယ်နှနှစ်ကျမယ်ဆိုတာ ဥပဒေအရ ပြဋ္ဌာန်းထားပြီးသားလေ။ ဥပဒေကို ထုတ်ပြန်ထားပြီးတော့ လူတွေလိုက်နာအောင်လုပ်ဖို့က Regulator အလုပ်လေ။ ဈေးကွက်ထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ ကြေညာနေတဲ့ဒါကြီးက ဥပဒေနဲ့ညီညွတ်ခြင်းမရှိရင် ဖျက်သိမ်းတာတို့ အရေးယူမှုတွေလုပ်ရမှာ သူ့အလုပ်လေ။



“ငွေရေးကြေးရေးလုပ်ငန်းတွေအကုန်လုံးက ဗဟိုဘဏ်နဲ့ဆိုင်တယ်၊ သူတို့ သိနေရမယ်”

ဦးရဲမင်းဦး (ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ) 

သူတို့တွေ လိုင်စင်မထုတ်ပေးဘူးဆိုရင် ဒီကိစ္စက ဒီလိုတရားမဝင်ကြီးဖြစ်နေတာကို ဘာလိုခွင့်ပြုထားကြတာလဲ။ Red Dot လုပ်တဲ့ကိစ္စဆိုရင် ဆက်သွယ်ရေးကလည်း သိတာပဲ။ ဗဟိုဘဏ်ကလည်း သိနေတာပဲ။ အဲဒါကို အားလုံးက ဘာလို့ မသိချင်ယောင် ဆောင်နေကြတာလဲ။ အခုကျမှ ကျွန်တော်တို့ဆီက လိုင်စင်ယူတာမဟုတ်ဘူးဆိုတော့။ ဥပမာပြောရင် The Voice က ဆိုပါတော့၊ ကိုယ့်အိမ်ရှေ့ကိုယ် The Voice Bank ဆိုပြီး ဘဏ်ထထောင်ရင် ခွင့်ပြုမှာလား။ ပြဿနာတက်တော့မှ ကျွန်တော်တို့ လိုင်စင်ထုတ် ပေးထားတာ မဟုတ်ဘူးဆိုပြီး ငြင်းလို့မရဘူးလေ။ ဘဏ်ဆိုတဲ့နာမည်တပ်လိုက်တာနဲ့ ချက်ချင်းလာဖမ်းမှာလေ။ မင်းလိုင်စင်မရှိဘဲ ဘာလုပ်တာလဲဆိုပြီးတော့။ အဲဒီသဘောပဲပေါ့။ ဒီလုပ်ငန်းမှာ လိုင်စင်မရှိဘဲဘာလို့ခွင့်ပြုထားတာလဲ။ ဘာလို့လုပ်နေတာကို ရပ်ကြည့်နေကြတာလဲ။ အဲဒီတော့ ကြည့်နေတဲ့သူတွေမှာ တာဝန်ရှိတာပေါ့။ အခု ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို လိုင်စင်မရှိဘဲလုပ်နေကြတဲ့ အခြားလုပ်ငန်းကဏ္ဍတွေလည်း အများကြီးရှိတယ်။ တချို့ဟိုတယ်တွေမှာဆိုရင် Wechat pay တို့ ဘာတို့နဲ့ ငွေပေးချေလို့ရတယ်ဆိုပြီး ကြေညာထားတယ်။ အဲဒီ Wechat pay တို့ ဘာတို့ကို ဘယ်သူမှ လိုင်စင်ထုတ်ပေးထားတာမရှိဘူး။ အဲဒါကို လက်ခံနေတယ်၊ မသိချင်ယောင်ဆောင်နေတယ်။ တကယ်ဆိုရင် အဲဒီလိုကိစ္စတွေကို ချက်ချင်းတားရမှာ၊ မလုပ်ရဘူးဆိုပြီး။ ဒါမှမဟုတ် လုပ်ငန်းလိုင်စင်လာ လျှောက်ပေါ့။ တစ်ခုမဟုတ်တစ်ခုတော့ လုပ်ခိုင်းရမယ်။ အဲဒီလိုမျိုး ငွေကြေးဝန်ဆောင်မှုပေးနေတာ အများကြီးပဲ။ ကျွန်တော်တို့ကြားတာဆိုရင် တချို့ဈေးဝယ်စင်တာတွေမှာ ဘယ်ကမှန်းမသိတဲ့ ငွေကြေးဝန်ဆောင်မှုတချို့ ရောက်နေတယ်။ ပိုက်ဆံပေးချေမယ်ဆိုရင် သူတို့စနစ်နဲ့ ပေးမယ်ဆိုရင် လျှော့ဈေးနဲ့ပေးမယ် ဆိုတာတို့ ဒါမျိုးတွေလုပ်နေတယ်။ အဲဒါသည် သူတို့မှာ လိုင်စင်မရှိဘူး။ အဲဒါတွေအားလုံးကို ဘာရည်ရွယ်ချက်ကြောင့် လုပ်နေကြတာလဲ။ ပြဿနာတက်တော့မှသာ ဟောပြဿနာဖြစ်ပြီဆိုပြီး ဖြစ်ကြတာ။ အမှန် မတက်ခင်ကတည်းက ကြိုတားရမှာ။ တယ်လီ ဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေကို ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက လိုင်စင်ချပေးတဲ့အချိန်မှာ သူတို့က စာချုပ်ထဲမှာ သေချာမစိစစ်ဘဲ ငွေရေးကြေးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိတယ်ဆိုပြီး စာတစ်ပိုဒ်ပါသွားတယ်။ အဲဒီတော့ ဘယ်တယ်လီဖုန်းကုမ္ပဏီမဆို ငွေရေးကြေးရေးလုပ်ငန်း ချက်ချင်းထလုပ်လို့ ရတယ်။ လုံးဝ ဘယ်သူနဲ့မှ မပေါင်းဘဲနဲ့ ဒီအတိုင်းခွင့်ပြုချက်ရသွားတာက Ok Dollar၊ သူက ဘယ်ဘဏ်နဲ့မှလည်း မပေါင်းဘူး။ ဘာလိုင်စင်မှလည်း မရှိဘူး။ ဒီအတိုင်းလုပ်နေတာ။ Red Dot လိုပဲ ဆိုင်းဘုတ်တွေထောင်၊ ရှိသမျှ စားသောက်ဆိုင်တွေမှာ အကုန်ကြေညာပြီး လုပ်တယ်။ အချိန်တစ်ခုကြာလာတော့ ဗဟိုဘဏ်က ဒီအတိုင်းကြီး ခွင့်ပြုချက်ရသွားတယ်။ အဲဒါက တော်တော်ဆန်းတယ်။ အခုထိ ဘာလို့ခွင့်ပြုပေးလဲဆိုတာကို ဗဟိုဘဏ်ကို မေးလို့မရဘူး။ ဗဟိုဘဏ်က ကိုယ်စားလှယ်လုပ်တာမို့လို့ သူကြီးကြပ်စရာမလိုဘူးဆိုတာကတော့ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လို့ တခြားလုပ်ငန်းတွေ ပျက်စီးရင် သူနဲ့ဆိုင်မလာဘူးလား။ အခုပြဿနာတက်လို့ တခြားမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေကို မယုံကြတော့ဘူး။ ပြဿနာတွေ တက်လာပြီဆိုရင် အဲဒါဆိုရင် ဗဟိုဘဏ်နဲ့ဆိုင်လာပြီ။ အဲဒီတော့ ဗဟိုဘဏ်က မဆိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ငွေရေးကြေးရေးလုပ်ငန်းတွေအကုန်လုံးက ဗဟိုဘဏ်နဲ့ဆိုင်တယ်၊ သူတို့ သိနေရမယ်။ ကြိုတင်ကာကွယ်မှုလည်း သူလုပ်ရမယ်။ အနည်းဆုံး ဒီလုပ်ငန်းကို သူလိုင်စင်ထုတ်ပေးထားတာ မဟုတ်ဘူးဆိုတဲ့ ကြေညာချက်ကို အစောကြီးကတည်းက ထုတ်ထားသင့်တယ်။ ဖြစ်တော့မှ သူတို့လိုင်စင်ထုတ်ပေးထားတာ မဟုတ်ဘူးလို့ ပြောလို့မရဘူး။ မဖြစ်ခင်ကတည်းက သူပြောထားတာ ရှိရမယ်။ နောက်ဆုံး သူတို့ ဒီလိုကိစ္စတွေအတွက် တရားဝင်လုပ်ခွင့်ပေးထားတာတွေတော့ ဘယ်ကုမ္ပဏီတွေ ရှိပါတယ်။ ဘယ်မှာဝင်ကြည့်ပြီး စိစစ်လို့ရပါတယ်လို့။ ဒီကုမ္ပဏီတွေကလွဲပြီး တခြား ကုမ္ပဏီတွေကို မယုံပါနဲ့ဆိုတာမျိုး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသင့်တာပေါ့။ အခုအားလုံးက အလွတ်ရုန်းကြတာပေါ့။ ကိုယ့်မှာ တာဝန်မရှိဘူးဆိုပြီးပဲ ဇွတ်ပြောနေကြတယ်။ ကျွန်တော်တို့က သူတို့ကို အပြစ်ရှိပါတယ်၊ လျော်ပေးပါလို့ ပြောနေတာမဟုတ်ဘူး။ လက်ရှိ ဗဟိုဘဏ်ရဲ့ဖြေရှင်းပုံက ကိုယ်လွတ်ရုန်းသလိုဖြစ်နေတယ်။

အောင်သီဟ၊ မေလှိုင်းသူ