News

POST TYPE

INTERVIEW

ဆရာများ၏ ရင်ဖွင့်သံ ( အားကစားလေ့ကျင့်မှု )
07-Feb-2019



အဆင့်မြင့်ပညာသင် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားလေ့ကျင့်မှုနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“သူ့စရိတ်နဲ့သူ စိုက်နိုင်တဲ့သူက ဝင်ပြိုင်ကြဆိုတာတွေလည်း တွေ့ ကြုံနေရတယ်”

ဒေါက်တာသူရဦး (ကထိက၊ ဒဿနိကဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)

တက္ကသိုလ်တွေမှာ အားကစားနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်တော့ရှိတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ပံ့ပိုးမှုကတော့ မရဘူး။ နှစ်စဉ်မူအရ ပညာသင်နှစ်ဝက်အလိုက်ကျင်းပတဲ့ အားကစားပွဲ တွေလုပ်တယ်။ မူအရလုပ်တော့ ဘယ်နေ့အပြီး ကျင်းပရမည်ဆိုတာတွေရယ်၊ တခြား Activities တွေ ပေါ်ပေါ်လာတာကြောင့် ပြီးပြီးရော အားချင်းလုပ်နေရတဲ့ သဘောပဲ ရောက်သွားတာများတယ်။ မူလ အားကစားပွဲ ကျင်းပရတဲ့ရည်ရွယ်ချက် ပျောက်ပျောက်သွားတယ်။ 

ဥပမာ-ဘောလုံးပွဲဆို တစ်နေ့ ၄ ပွဲလောက် ကန်နေရတယ်။ တစ်နေကုန် နေပူစပ်ခါးထဲမှာ ကန်နေရတယ်။ ဘော်လီဘောပွဲလိုဟာမျိုးဆို အုပ်စုပတ်လည် တစ်ရက်တည်း အပြတ်ကစားရတဲ့ပုံစံတွေဆိုတော့ အားကစားက တိုးတက်ဖို့မလွယ်ဘူး။ ကျင်းပတဲ့ပုံစံတွေက အကန့်အသတ်ရှိနေတာကြောင့်လည်း တစ်ခါတစ်ခါ ကျောင်းလက်ရွေးစင်တောင် ရွေးချယ်ဖို့ အခက်အခဲဖြစ်နေရတယ်။

အားကစားကျင်းပဖို့ နေရာအနေနဲ့က လေ့ကျင့်ရေးကွင်းတွေ အားကစားရုံတွေ ရှိတဲ့ကျောင်းရှိတယ်။ မရှိတဲ့ကျောင်းက မရှိဘူး။ ပြီးတော့ ကျောင်းတွေအများစုက မြို့ပြင်တွေမှာဆိုတော့ စာသင်ချိန်ပြီးရင် အိမ်ပြန်ရမယ့်အချိန်က ၂နာရီ ၃ နာရီ ပေးနေရတော့ လေ့ကျင့်ဖို့က အချိန်သေချာ မရဘူး။ စာသင်ချိန်ကိုဖဲ့ပြီး လေ့ကျင့်ရသလိုဖြစ်နေတာ့ သင်ကြားရေး ထိခိုက်လာတယ်။ နောက်ပြီး အဆောင်နေစနစ်ကလည်း ပီပီပြင်ပြင် မဟုတ်တော့ စာသင်ပြီး လေ့ကျင့်ပြီးရင် အဆောင်ပြန် ဆိုတာမျိုးက လုပ်လို့မရဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျောင်းသားတွေက စာသင်ချိန်နဲ့ အားကစားကြား လွန်ဆွဲနေရပြီပေါ့။

ပညာရေးမှာ အားကစားအတွက် ဘတ်ဂျက်ပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ပံ့ပိုးမှု မရပါဘူး။ သက်ဆိုင်ရာ ဘာသာရပ်ဌာနတွေက အားကစားဝတ်စုံတွေ၊ လေ့ကျင့်စရိတ်တွေကို စိုက်ထုတ်သုံးစွဲနေရတယ်။ ကျောင်းတွေက ပြိုင်ပွဲကျင်းပတဲ့စရိတ်ကိုပဲ အဓိက သုံးတာများတယ်။ ကျောင်းသားနည်းတဲ့ ဘာသာရပ်ဌာနတွေက ပံ့ပိုးဖို့အခက်အခဲရှိတဲ့အတွက် အားကစားပြိုင်ပွဲတိုင်းတောင် ဝင်ရောက်မပြိုင်ရတဲ့ သူတွေရှိသလို ကျောင်းသားတွေက သူ့စရိတ်နဲ့သူ စိုက်နိုင်တဲ့သူက ဝင်ပြိုင်ကြဆိုတာတွေလည်း တွေ့ကြုံနေရတယ်။ ကျောင်းတွေမှာ အားကစားကဏ္ဍတိုးတက်ဖို့ဆိုရင် ဒီထက်မက အများကြီးပံ့ပိုးဖို့ လိုအပ်နေသေးပါတယ်။



“ကျောင်းသားတစ်ဦး ၁၀၀၀ သတ်မှတ်ပြီး ကျွေးနိုင်တဲ့ဌာနက Super ပဲ”

ဒေါက်တာ လှိုင်ထွန်းအောင် (ကထိက၊ ရူပဗေဒဌာန၊ မကွေးတက္ကသိုလ်)

အားကစားလုပ်တဲ့အချိန်မှာတော့ လွတ်လပ်စွာ လုပ်လို့ရပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲပြဿနာလေးတွေတော့ ရှိကြမယ်။ အားကစားလုပ်ပြီးရင် ဖြည့်ရမယ့် အာဟာရ၊ နားရမယ့်အချိန်တွေမှာ အားနည်းချက် ရှိတယ်။ တချို့ကလည်း ကျောင်းသားတွေကိုကျွေးရမှာ တွန့်တိုတတ်ကြတယ်။ အများစုကတော့ ကျွေးကြတယ်။ ဥပမာ - ကျောင်းသားတစ်ဦး ၁၀၀၀ သတ်မှတ်ပြီး ကျွေးနိုင်တဲ့ဌာနက Super ပဲ။ ဒါပေမဲ့ အဲဒီ ၁၀၀၀ ကိုပဲ အာဟာရဖြစ်အောင် မစားတတ်ကြ၊ မကျွေးတတ်ကြဘူး။ အနားယူရမယ့် အချိန်ကလည်း တချို့ဆရာတွေက နားလည်မှုမရှိကြဘူး။ နားဖို့ခွင့်မပေးချင်ကြဘူး။ ကျောင်းသားတွေဘက်ကလည်း နားဖို့ခွင့်ပေးတာကို ကျောင်းတော့မတက်၊ မနား။ အပြင်မှာ ယောင်လည်လည် လုပ်နေတတ်ကြတယ်။ 

အားကစားဌာနတွေမှာ လူအင်အားနည်းတာ။ ခန့်ထားတဲ့ အားကစားမှူးနဲ့ အားကစားအရာရှိတွေရဲ့ ကျွမ်းကျင်မှုကလည်း မေးခွန်းထုတ်စရာရှိတယ်။ တချို့ဆို သူလုပ်ခဲ့တဲ့အားကစားနည်းကိုပဲ ကျွမ်းကျင်ပြီး ကျောင်းသားတွေအပေါ် လေ့ကျင့်ပေးနိုင်မှုက အားနည်းပါတယ်။ သူတို့ကို အပြစ်ပြောတာမဟုတ်ပါဘူး။ အားကစားပွဲတွေ ကျင်းပတဲ့အခါ သူတို့တတ်နိုင်သမျှတော့ လုပ်ကြပါတယ်။ အားကစားဌာနမှာ လူနှစ်ယောက် သို့မဟုတ်တစ်ယောက်တည်းနဲ့ ဒီအားကစားပြိုင်ပွဲတွေကို မလုပ်နိုင်ပါ။ ဆရာ၊ ဆရာမထဲက နားလည်တဲ့သူတွေ၊ ပြင်ပပုဂ္ဂိုလ်တွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရပါတယ်။

လက်ရှိ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေက လုံလောက်မှုမရှိဘူး။ ပြိုင်ပွဲဝင်ဖို့အတွက်ပဲ ထားထားတာ၊ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်း အများကြီးလိုအပ်တယ်။ နောက်တစ်ခုက လက်ရှိစနစ်ကိုက ကျောင်းတွေမှာက အားကစားထက် ပညာရေးကိုပိုပြီး အဓိကဖြစ်နေတယ်။ အားကစားသမားတွေက ကျောင်းတက်ရမယ်။ တချို့ဆရာတွေကျ အားကစားလုပ်လို့ ကျောင်းပျက်ရင် အမြင်မကြည်တာမျိုးတွေ ရှိတယ်။ ကလပ်တွေအနေနဲ့လည်း ကျောင်းက အားကစားသမားတွေကို စိတ်ဝင် စားမှုနည်းတယ်။ ဆိုတော့ ကျောင်းသားတွေကို မြေတောင်မြှောက်ပေးမယ့်သူမရှိ ဖြစ်နေတယ်။ သူတို့ ဘက်ကလည်း ကျောင်းသားတွေဆီ လာကြည့်မယ်၊ တကယ်စိတ်ဝင်စားပြီး အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို မြေတောင်မြှောက်ပေးတာမျိုးရှိရင်တော့ ကျောင်းသားတွေဘက်မှာလည်း မျှော်လင့်ချက်ရှိမှာပေါ့နော်။ လက်ရှိဖြစ်နေတာက ကျောင်းသားတွေဘက်မှာလည်း ဘာမျှော်လင့်ချက်မှ မရှိသလိုဖြစ်နေတော့ အဓိကက မေဂျာအတွက် လုပ်ကြတာများတယ်။ 

နေဇာကျော်